နေပြည်တော် အောက်တိုဘာ ၈
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၃ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သော ဗိုလ်ချုပ်ကြီးကိုကိုဦးက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန်အတွက် ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က ယနေ့ခေတ် စွမ်းအင်လုံခြုံရေးသည် လောင်စာဆီရရှိရေးတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်တော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလုံခြုံမှု၊ အမျိုးသားလုံခြုံရေး၊ အစားအစာလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်လာပါကြောင်း၊ စာလွှာကိုလက်မှတ်ရေးထိုးပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်လုံခြုံရေးကို ဒေသတွင်း ပူးပေါင်းကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ စွမ်းအင်အကျပ်အတည်းသည် အကျပ်အတည်းမဖြစ်မီ ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုထိရောက်ပါကြောင်း၊ ယခုသဘောတူညီချက်ကို အတည်ပြုခြင်းသည် မိမိနိုင်ငံ၏ စွမ်းအင်မူဝါဒကို အခြားနိုင်ငံများထံ လွှဲအပ်ခြင်းမဟုတ်ဘဲ အရေးပေါ်ကာလတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းနိုင်မည့် ဒေသတွင်းအရေးပေါ် တုံ့ပြန်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် တည်ဆောက်ခြင်း ဖြစ်ပါကြောင်း။
AFAPS ကို အတည်ပြုလက်ခံခြင်းသည် လက်ရှိအကျပ်အတည်းကိုသာ ဖြေရှင်းရန်မဟုတ်ဘဲ၊ နောင်ဖြစ်ပေါ်လာနိုင်မည့် စွမ်းအင်အကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေးတည်ငြိမ်မှု၊ ကုန်ထုတ်လုပ်မှုတည်ငြိမ်မှုနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတည်ငြိမ်မှုတို့အတွက် စွမ်းအင်လုံခြုံရေးသည် အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသော အခြေခံလိုအပ်ချက် တစ်ရပ်လည်း ဖြစ်ပါသောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ပေါင်းတည် မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်းက အာဆီယံဒေသတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ တိုးမြှင့်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်များလည်း တဖြည်းဖြည်းမြင့်တက်လာ လျက်ရှိပါကြောင်း၊ အထူးသဖြင့် ရေနံနှင့် ရေနံထွက် ပစ္စည်းများသည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေ့စဉ် လူမှုစီးပွားဘဝများအတွက် အရေးပါသော စွမ်းအင် အရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတကာ ရေနံ ဈေးကွက် မတည်ငြိမ်မှု၊ နိုင်ငံတကာပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံတကာထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်မှုများသည် ရေနံနှင့် ရေနံထွက်ပစ္စည်းများ၏ ထောက်ပံ့မှုနှင့် ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ရေနံဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် လိုအပ်ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဒေသတွင်း စွမ်းအင်ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အထောက်အကူပြုနိုင်ရေးအတွက် အဆိုပါသဘောတူညီချက်မူဘောင်တွင် အတည်ပြုပါဝင်ခြင်းသည်သင့်တော်သည့် ဆောင်ရွက်ချက်ဖြစ်ပါသောကြောင့် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ပြည်တွင်းသုံး စက်သုံးဆီနှင့် ရေနံစိမ်းလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ အဓိကတင်သွင်းနေရပါကြောင်း၊ သဘောတူညီချက်ပါ အရေးပေါ်တုံ့ပြန်ရေးယန္တရားအရ စွမ်းအင်ထောက်ပံ့မှု ရုတ်တရက် လျော့နည်းပြတ်လပ်ပါက အရေးပေါ်အခြေအနေသတ်မှတ်ပြီး အာဆီယံနိုင်ငံများ၏ ကူညီထောက်ပံ့ရေးမူဘောင်ကို စတင်အသုံး ပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဤမူဘောင်တွင်ပါဝင်ခြင်းဖြင့် မိမိတို့ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ဒေသတွင်းဈေးကွက်သို့ ပိုမို ကျယ်ပြန့်စွာ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ အနာဂတ် ပြည်တွင်းစွမ်းအင် လိုအပ်ချက်များအတွက်လည်း ဒေသတွင်း LNG Terminal များနှင့် ကွန်ရက်များမှ တစ်ဆင့် ပြန်လည်တင်သွင်းနိုင်သည့် နည်းပညာနှင့် ကုန်သွယ်ရေးအခန်းကဏ္ဍများကို ရရှိမည်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ ဒေသတွင်း အခြေခံအဆောက်အအုံ ချိတ်ဆက်ရေးနှင့်် ရေရှည်စီးပွားရေး အကျိုးစီးပွားများကို ရှေးရှုပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံရေနံ ဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို အသက်ဝင်စေရန် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာ Instrument of Ratification ကို တရားဝင် ထုတ်ပြန်အပ်နှံရေးအတွက် ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပေးပါရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၊ မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၊ ကချင်ပြည်နယ် ကိုယ်စားလှယ် အမှတ်(၄)ဒေါ်မီမီကျော်ထွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်နှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ရေရှည်စွမ်းအင်ဖူလုံမှုရှိရေးနှင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံဒေသတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဖူလုံစေရေးနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှ သဘာဝဘေးများ၊ ကပ်ရောဂါများ၊ စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုအရေးပေါ်အခြေအနေ ကြုံတွေ့ရပါက အဖွဲ့ဝင်နိုင်ငံများအချင်းချင်း လွတ်လပ်သော သဘောဆန္ဒအလျောက် နိုင်ငံ၏အကျိုးစီးပွားကို မထိခိုက်စေဘဲရေနံနှင့် သဘာဝဓာတ်ငွေ့များကို အရေးပေါ်အခြေအနေ ကြုံတွေ့နေသော နိုင်ငံသို့ ရောင်းချပေးနိုင်ရေးနှင့် ဒေသတွင်းရေနံနှင့်သဘာဝ ဓာတ်ငွေ့ပြတ်လပ်မှုအရေးပေါ်အခြေအနေ လျှော့ချသွားနိုင်ရေး ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံချက်များ ရေးဆွဲချမှတ်မည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် လှည့်လည်စာဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း။
အဆိုပါ သဘောတူညီချက်မူဘောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ယခင်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅)၏ သဘောတူခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ Full Power ရယူ၍ ပါဝင်လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုသို့လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်၏ အခန်း(၈)အပိုဒ်(၁) တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက စာချုပ်အား အတည်ပြုပါဝင်သည့်စာလွှာ (Instrument of Ratification) ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ ပြည့်မြောက်ချိန်တွင် သဘောတူညီချက်မူဘောင် အသက်ဝင်မည်ဖြစ်ကြောင်းဖော်ပြထားရာ သဘော တူညီချက်မူဘောင် အမြန်ဆုံးအသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကို အဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်သဖြင့် တင်ပြရခြင်း ဖြစ်ကြောင်း။
ယခုအာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့မည့်စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင်ကို အတည်ပြုကြောင်း အကြောင်းကြားသည့် စာလွှာဖြစ်ပါကြောင်း။
စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၆) မှ သဘောတူခဲ့ပြီးဖြစ်ပါ ကြောင်း။
သို့ဖြစ်ပါ၍ အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့် စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀၉(က)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၅(က)တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြန်လည် ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ၊ DBRB နှင့် Belin-vest-bank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံဘဏ်လုပ်ငန်း ချိတ်ဆက်မှုဖြင့် လက်တွေ့ကျသော အခြေခံလုပ်ငန်း စဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ပို့ကုန်ချေးငွေရယူခြင်းမှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံမှ စက်ယန္တရားနှင့် နည်းပညာများ ဝယ်ယူအသုံးပြုနိုင်ခြင်း၊ နည်းပညာဆန်းသစ်တိုးတက်လာပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စက်မှုနှင့် လျှပ်စစ်ကဏ္ဍများတွင် တိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် MSME လုပ်ငန်းများအတွက် Working Capital ရရှိသွားသောကြောင့် ပို့ကုန်ပမာဏ တိုးမြှင့် လာနိုင်ပြီး ပြည်ပဈေးကွက်နှင့် ချိတ်ဆက်၍ Letters of Credit, Documentary Collection စသည့် နိုင်ငံတကာကုန်သွယ်ရေး ငွေပေးချေမှုနည်းလမ်းများ အသုံးပြုရာတွင် ဘဏ်ချိတ်ဆက်မှု ပိုမိုအားကောင်းလာ နိုင်သည့်အတွက် ပို့ကုန်ငွေပြန်လည်ရရှိရမည့် ကာလအတွင်း ငွေကြေးဖိအား လျှော့ချလာနိုင်ခြင်း၊ ကုန်သွယ်ရေးမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုကျယ်ပြန့်ကောင်းမွန်လာကာ မြန်မာ့စီးပွားရေးအတွက် Export- led Growth ကို အထောက်အပံ့ပြုစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သောကြောင့် ဘယ်လာရုစ်သမ္မတနိုင်ငံ JSC Development Bank of the Republic of Belarus (DBRB) နှင့် JSC Belarusian Bank for Development and Reconstru-ction (Belinvestbank)တို့မှ ပို့ကုန်ချေးငွေရယူနိုင်ရေးနှင့် စပ်လျဉ်း၍ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့အကြားချုပ်ဆိုထားသည့် Export Loans ဆိုင်ရာ General Agreement သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်စေရန်အတွက် ငွေကြေးပံ့ပိုးမှု မူဘောင်တစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခု သဘောတူညီချက်သည် သက်ဆိုင်ရာချေးငွေနှင့် စာချုပ်အခြေအနေအလိုက် သင့်လျော်သည့် ငွေကြေးအမျိုးအစားကို ရွေးချယ်နိုင်မည့် အခွင့်အလမ်းရရှိပြီး နိုင်ငံခြားငွေကြေးဖြင့် ချေးယူခြင်းဖြစ်သည့်အတွက် Exchange Rate Risk နှင့် အတိုးနှုန်းပြောင်းလဲမှု အန္တရာယ်များကိုလည်း သတိပြုရန်လိုအပ်ပါကြောင်း၊ ယခု General Agreement ကိုအတည်ပြုခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရုံသာမက နိုင်ငံတကာ ဘဏ္ဍာရေးအရင်းအမြစ်များကို အသုံးချပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် စက်ပစ္စည်း၊ နည်းပညာနှင့် အရင်းအနှီးပစ္စည်းများ ရရှိနိုင်ရေးအတွက်လည်း အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း။
သို့ပါ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး၊ နည်းပညာနှင့် အရင်းအနှီးပစ္စည်းများရရှိရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ အတွက် အကျိုးရှိစေနိုင်မည်ဖြစ်သောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်က ဘယ်လာရုစ်နိုင်ငံ၏ စာချုပ်တွင် Export လမ်းကြောင်း သည် မြန်မာနိုင်ငံမှ Export လုပ်ငန်းရှင်များအတွက် Working Capital ရရှိပြီး Ex-port Order Financing, Trade Finance တိုးတက်လာနိုင်ပါကြောင်း၊ နိုင်ငံခြား ငွေပေးချေမှုလမ်းကြောင်းများလည်း တိုးတက်လာ နိုင်ပါကြောင်း၊ နိုင်ငံအတွက် ပို့ကုန်များတိုးတက်လာ နိုင်ပြီး Foreign Exchange များလည်း တိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်ကုန်သွယ်ရေး လုပ်ငန်းတိုးလာနိုင်ပြီး ဘဏ်များအကြား Correspon-ding Banking ဆက်သွယ်မှု ပိုမိုကောင်းလာနိုင်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် အင်မတန်အကျိုးကျေးဇူးများလာမည်ဖြစ်သည့်အပြင် ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကုန်ပစ္စည်းများဝယ်ယူရာတွင် အခြေခံအဆောက်အဦစီမံကိန်းများအတွက် လိုအပ်သည့် စက်ယန္တရားနှင့် နည်းပညာများကို ဝယ်ယူအသုံးပြုခြင်းဖြင့် နည်းပညာစွမ်းရည် တိုးတက်လာနိုင်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။
နိုင်ငံ၏စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လွန်စွာအကျိုး ကျေးဇူးကြီးမားမည်ဖြစ်သည့်အတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၊ ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်းနှင့် ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားပါကြောင်း အသိပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်အကြား ကွာဟမှုရှိလာသည့်အခါ အဆိုပါ ဘဏ္ဍာရေးလိုငွေကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြည့်ဆည်းနိုင်ရေးသည် နိုင်ငံတော်ဘဏ္ဍာရေးစီမံခန့်ခွဲမှု၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယခု ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တင်ပြလာသည့် အစီ အစဉ်သည်လိုငွေဖြစ်ပေါ်လာပါက လိုအပ်သည့် အတိုင်းအတာအထိသာ ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်များကို ဝယ်ယူပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ခွင့်ပြုချက်ရယူခြင်း ဖြစ်သောကြောင့် နိုင်ငံတော်၏ ဘဏ္ဍာရေးလိုအပ်ချက်ကို အချိန်မီ စီမံဆောင်ရွက်နိုင်ရေးအတွက် အရေးပါသည့် အစီအစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ အစိုးရ၏ လိုအပ်သည့် အသုံးစရိတ်များကို အချိန်မီဖြည့်ဆည်းနိုင်ရေးသည် အရေးကြီးသော်လည်း ဗဟိုဘဏ်မှ ငွေကြေးဖြင့် ဖြည့်ဆည်းပေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှု၊ ငွေကြေးလည်ပတ်မှုအပေါ် သက်ရောက်မှု၊ ပြည်တွင်းကြွေးမြီဝန်ထုပ်ဝန်ပိုးနှင့် ငွေကြေးတန်ဖိုးတည်ငြိမ်မှုတို့ကို စနစ်တကျထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
ဗဟိုဘဏ်၏ ငွေကြေးမူဝါဒနှင့် အစိုးရ၏ ဘဏ္ဍာရေးမူဝါဒတို့အကြား ညှိနှိုင်းဆောင်ရွက်မှု ကောင်းမွန်စွာရှိနေရန်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းနိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးနှင့် စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေက နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင် ဝင်ငွေနှင့်အသုံးစရိတ် မမျှတသည့်အခါ လိုငွေပေါ်ပေါက်ခြင်းသည် မလွှဲမရှောင်သာ ကြုံတွေ့နိုင်သည့် အခြေအနေတစ်ရပ်ဖြစ်ပါကြောင်း၊ ထိုသို့လိုငွေကို ချေးငွေဖြင့် ဖြည့်ဆည်းခြင်းသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနည်းလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်က အစိုးရအား ချေးငွေထုတ်ပေးခြင်းကို အကန့်အသတ်မရှိ ဆောင်ရွက်ခြင်းမပြုဘဲ ချေးငွေပမာဏ၊ သက်တမ်း၊ အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလတို့ကို ဥပဒေအရကန့်သတ်ထားသည့် နိုင်ငံများစွာရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လိုငွေဖြည့်ဆည်းရန် ချေးငွေယူသည့်အခါ ဘဏ္ဍာနှစ်အတွက်လိုငွေကို ဖြည့်ဆည်းရန်သာမကဘဲ ငွေကြေးတည်ငြိမ်မှုနှင့် အနာဂတ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုဘဏ် မှ ချေးငွေရယူရေးကိစ္စကို ဆောင်ရွက်ရာတွင် ဥပဒေ၊ ဘဏ္ဍာရေးစည်းကမ်း၊ ငွေကြေးတည်ငြိမ်မှုများနှင့် ပြည်သူ့ဘဏ္ဍာအပေါ် ရေရှည်သက်ရောက်မှုတို့ကို စနစ်တကျထည့်သွင်းစဉ်းစား၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုများနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို အခြေခံသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်ကြပါရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၂)ဦးသန်းအောင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်စမ်းစမ်းဌေး၊ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံနှင့် ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ ဦးခင်လှိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းအစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားပါကြောင်း အသိပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်း ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ၂၀၂၆ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၇/၂၀၂၆) မှ ခွင့်ပြုချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား ဝင်ငွေ အပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်သမ္မတ၏ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
အဆိုပါ သဘောတူစာချုပ်အကျိုးသက်ရောက်စေခြင်းနှင့် စပ်လျဉ်းပြီးစာချုပ်၏ အပိုဒ် ၃၀၊ အပိုဒ်ခွဲ(၁)အရ စာချုပ်ဝင်နိုင်ငံများအချင်းချင်း သက်ဆိုင်ရာ ဥပဒေအရ လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပြီးစီးကြောင်း အသိပေးအကြောင်း ကြားစာ (Instru-ment of Notification) ကို အပြန် အလှန်ပေးပို့ရမည် ဖြစ်ပါကြောင်း။
ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍ တိုးတက်စေရေးနှင့် နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာစေရေးတို့အတွက် အရေးပါသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာခြင်း၏ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်သည် ဝင်ငွေခွန်အမျိုးအစား တစ်မျိုးတည်းဖြင့်သာ သက်ဆိုင်သည့်စာချုပ်ဖြစ်ပြီး နှစ်နိုင်ငံ၏ ပြည်တွင်းနေ ပုဂ္ဂိုလ်များဖြစ်သော တစ်ဦးချင်းပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း။
ထို့ပြင် အဆိုပါစာချုပ်တွင် နှစ်နိုင်ငံအခွန်ဌာနများ အကြား သတင်းအချက်အလက်ဖလှယ်နိုင်သည့် ပြဋ္ဌာန်းချက်ပါရှိသည့်အတွက် အခွန်တိမ်းရှောင်မှုများကို နှစ်နိုင်ငံ ပူးပေါင်းကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် လည်းကောင်း၊ အခြားမိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်းကောင်း စုစုပေါင်း နိုင်ငံ ရှစ်နိုင်ငံနှင့် ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်များ ချုပ်ဆို ထားပြီးဖြစ်၍ နှစ်နိုင်ငံအခွန်ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၆) မှ သဘောတူ ခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ သဘောတူစာချုပ်အား အကျိုးသက်ရောက်စေရေး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၈၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အာဆီယံဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအရ နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအနေဖြင့် အတည်ပြုစာချွန်လွှာ (Instrument of Ratification) ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နဝမအကျော့ ဆွေးနွေးညှိနှိုင်းမှုများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဖြေလျှော့ပေးရန် အဆိုပြုထားသည့် အာမခံနှင့် ယင်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ကဏ္ဍ၊ ဘဏ်လုပ်ငန်းနှင့် အခြားသော ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကဏ္ဍအောက်ရှိ ကဏ္ဍခွဲများတွင် ဖြေလျှော့ခွင့်ပြုရန်ကိစ္စများပါဝင်သည့် နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်တွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအားလုံးက စုံညီစွာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံနိုင်ငံများအားလုံး၏ အကျိုးအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးထံမှ အတည် ပြုစာချွန်လွှာ(Instrument of Ratifica-tion)များ တရားဝင်ရရှိပြီးမှသာလျှင် အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက်ကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ လက်မှတ်ရေးထိုးထားပြီးဖြစ်သော ဖော်ပြပါသဘောတူညီချက် အသက်ဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှပြည်တွင်း လုပ်ငန်းစဉ်များဖြစ်သည့် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့သို့ တင်ပြ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုးပြီး သံတမန်လမ်းကြောင်းဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။
သို့ပါ၍ အတည်ပြုစာချွန်လွှာ (Instrument of Ratification) အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး သို့ ပေးပို့နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၉၊ ပုဒ်မခွဲ (က) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို အောက်တိုဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment