Friday, October 9, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၈

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် လွှတ်တော်သို့ လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင် တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာဒေါ်သီသီလွင် ဦးဆောင်သည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဥပဒေပညာကို သင်ကြားနေကြသည့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုလို လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည့်အတွက် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ရှင်းလင်းတင်ပြချက်များအား ကိုယ်တိုင်မျက်မြင်တွေ့ရှိရသဖြင့် လွှတ်တော်အတွင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဗဟုသုတများ အထိုက်အလျောက်ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ ရှိပါကြောင်း၊ လွှတ်တော်များသည် ပြည်သူများကို ကိုယ်စားပြုသည့်ပုဂ္ဂိုလ်များအား စုစည်းထားသည့် နေရာဖြစ်၍ လွှတ်တော်သည် ပြည်သူ့ဆန္ဒများကို တစ်ဆင့်ခံဆောင်ရွက်နေသည်ဟု နားလည်စေလိုပါကြောင်း၊ လွှတ်တော်များသည် မဲဆန္ဒရှင်ပြည်သူများ၏ လိုလားချက်များကို လွှတ်တော်အတွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူနှင့်အစိုးရအကြား ဆက်သွယ်ပေးရသည့် ကြားခံအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါကြောင်း။

မိမိတို့လွှတ်တော်တွင် ကော်မတီ ၂၂ ခု ဖွဲ့စည်း ထားရှိပါကြောင်း၊ ကော်မတီများသည် လွှတ်တော်၏ အဓိကတာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူကို ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာ အထောက်အကူပြု လျက်ရှိပါကြောင်း၊ ပြည်သူများအားလုံး ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက်လည်း တည်ဆဲဥပဒေများကို ခေတ်ကာလနှင့် ကိုက်ညီမှုရှိစေရန် လေ့လာစိစစ်လျက်ရှိပါကြောင်း၊ ထို့အပြင် ယနေ့တွင် ပြည်သူများကြုံတွေ့ နေရသည့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ဒုတိယ ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြုပေးနိုင်ခဲ့ပါ ကြောင်း၊ ယခုလာရောက်လေ့လာသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့လွှတ်တော်နှင့် ဆက်သွယ်ဆွေးနွေး နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကို ပြည်သူ များ ပိုမိုသိရှိပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကိုးအားထားပြုရသည့် မဏ္ဍိုင်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တက်ရောက်လာကြသည့် ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါက်တာနေလင်း၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီအတွင်းရေးမှူး ဦးရဲထွဋ်အောင်၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးကိုကိုသင်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်အေးမြမြကြိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment