ရန်ကုန် အောက်တိုဘာ ၄
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့ ယနေ့ ညနေ ၃ နာရီခွဲက သန်လျင်မြို့ Star City ကွင်း၌ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်
ထိုးဖောက်မှုများဖြင့် ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး အိန္ဒိယအသင်း၏
အဝေးကန်ချက်များကိုလည်း မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၄၂ မိနစ်အရောက်တွင် မြန်မာ ယူ-၁၇အသင်းခေါင်းဆောင်
အောင်မြတ်သာက အိန္ဒိယခံစစ်ကို ကျော်ဖြတ်ကာ ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် အိန္ဒိယ ယူ-၁၇ အသင်းကစားကွက်အသာဖြင့်
မြန်မာအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်တွင်ရရှိသည့် ပယ်နယ်တီမှတစ်ဆင့်
ဂန်တီက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ မြန်မာအသင်းအနေဖြင့် ဒုတိယပိုင်းတွင် ခံစစ်ဖြင့်သာ
ကစားနိုင်ခဲ့ပြီး ရရှိထားသည့်ဦးဆောင်ဂိုးကို ထိန်း ထားနိုင်ခြင်းမရှိဘဲ ချေပဂိုးခွင့်ပြုခဲ့ရကာ
ပွဲပြီးချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
မြန်မာယူ-၁၇ နှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့၏
နိုင်ငံတကာခြေစမ်းပွဲ ဒုတိယပွဲစဉ်ကို အောက်တိုဘာ ၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment