Thursday, October 15, 2026

လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များဖော်ထုတ်၍ ပိုမိုအောင်မြင်အောင်ပြုပြင်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြောကြား

 


နေပြည်တော် အောက်တိုဘာ ၁၄

အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းပညာသင်တန်းပေးခြင်း၊ လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်ချိတ်ဆက်ပေးခြင်း၊ လုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ ထုတ်ကုန်များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ အားနည်းချက်များဖော်ထုတ်ကာ ပိုမို အောင်မြင်အောင် ပြုပြင်ဆောင်ရွက်သွားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများဆိုင်ရာ အစည်းအဝေးတွင် ပြောကြားသည်။

အစည်းအဝေးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ယွန်းပညာ ကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်ဆောင်ရွက်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း များဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွင်း နည်းပညာကာလတိုသင်တန်း ၁၃၃ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၂၅၉၅ ဦး မွေးထုတ်ကာ အဆိုပါသင်တန်းသားများအနက် ၉၇၂ ဦးသည် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများအနေဖြင့် ၂၂၀၃ ခုနှင့် ဓာတ်ခွဲစမ်းသပ် ခြင်းလုပ်ငန်း ၆၀၀၇ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment