နေပြည်တော် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန် စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့ တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ငဝန်မြစ်ရေသည် အောက်တိုဘာ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ကျုံပျော်မြို့နယ်၌လည်းကောင်း၊ အောက်တိုဘာ ၇ ရက်တွင် ငသိုင်းချောင်းမြို့နယ်၌လည်းကောင်း ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ရေကြည်မြို့နယ်အတွင်း အနည်းငယ်သာ ကျန်ရှိကြောင်း သိရှိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း စသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment