Tuesday, October 6, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ


နေပြည်တော် အောက်တိုဘာ ၅

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၉ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဦးကျော်ဝင်းဦး၏ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်ကြီးများအပေါ် သင်ခန်းစာယူပြီး မြန်မာနိုင်ငံတွင် အလားတူ ငလျင်ကြီးများ မတော်တဆ ထပ်မံလှုပ်ခတ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် လာရောက်ကူညီဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနည်းတူ နိုင်ငံတကာအဆင့်မီ ဆက်လက်ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)၊ နေပြည်တော်၊ တိုင်းဒေသကြီး /ပြည်နယ်များတွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၁၆ ဦးစီပါဝင်သော တပ်ခွဲ ၁၇ ခွဲ၊ မြို့နယ်/မြို့တစ်ခုလျှင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၅ ဦးစီပါဝင်သော တပ်စု ၃၃၃ စု စုစုပေါင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၃၆၂၇ ဦးတို့ကိုဖွဲ့စည်း၍ အသင့်စုဖွဲ့ လေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များထဲမှ သတ်မှတ်ချက်နှင့်ကိုက်ညီသော မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်စုဖွဲ့၍ ပြင်သစ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းပြများဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် လေ့ကျင့်သင် ကြားပေးခဲ့ပါကြောင်း၊ ထို့ပြင် ဌာနတွင်းဖွင့်လှစ်လျက်ရှိသော အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း စိစစ်ရွေးချယ်၍ မြို့ပြရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဒေသတွင်းအဆင့်မှသည် နိုင်ငံတကာအဆင့်အထိ ပါဝင်ဆောင်ရွက်နိုင်ရေး အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group-INSARAG)နှင့်အညီ မြို့ပြကယ်ဆယ်ရေးအဖွဲ့ (USAR Medium Team)ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဖြစ်စဉ်တွင် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းရှာဖွေ ကယ်ဆယ်ဆောင်ရွက်ရာ၌ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား အစီရင်ခံစာ ဖြင့်တင်ပြဆောင်ရွက်ခဲ့ရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက မီးသတ်ဦးစီးဌာနတွင် "ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Team) နှစ်ဖွဲ့အား နိုင်ငံတကာအဆင့်မီ ပြင်ဆင်ဖွဲ့စည်းရန်အတွက် လိုအပ်သောပစ္စည်း ၃၄ မျိုးနှင့် ဆရာဝန်၊ ယာဉ်လိုအပ်ချက်များအား တင်ပြသွားရန်" ဟု လမ်းညွှန်မှုပြုခဲ့သည့်အပေါ် တင်ပြဆောင်ရွက်ခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါကြောင်း။

အထက်ပါခွင့်ပြုချက်အရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)နှင့် မီးသတ်ဦးစီးဌာန(နေပြည်တော်)တို့တွင် Medium Team အဆင့်ရှိ USAR Team နှစ်ဖွဲ့တို့အား ဖွဲ့စည်းလေ့ကျင့်ခြင်း၊ နိုင်ငံတော်မှ အဆိုပါအဖွဲ့ နှစ်ဖွဲ့အတွက် လိုအပ်သည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများနှင့် လုပ်ငန်းသုံးယာဉ်များအား ဝယ်ယူဖြည့်တင်းပေးခြင်း၊ ဆရာဝန်၊ သူနာပြု စုစုပေါင်း ရှစ်ဦးတို့အား ခန့်ထားပေးခြင်း၊ ရှာဖွေရေးခွေး(Canine)ကိုးကောင်အား မွေးမြူပြီး အခြေခံအမိန့်နာခံမှုနှင့် ရှာဖွေရေး နည်းစနစ်သင်တန်းသို့ တက်ရောက်စေ၍ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့၏ အသိအမှတ်ပြုအဖွဲ့အဖြစ် ဖွဲ့စည်းအစစ်ဆေးခံခြင်း လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအနေဖြင့် နှစ်နှစ်အတွင်း IEC အောင်မြင်စွာ အစစ်ဆေးခံနိုင်ရေးအတွက် လိုအပ်သော ပြိုကျအဆောက်အအုံသဏ္ဌာန်တူပုံစံ (Simulator) များ တည်ဆောက်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း၊ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေးအတွက် INSARAG Classified ရရှိပြီးဖြစ်သည့် နိုင်ငံများသို့ လေ့လာသူ(Observer)အဖြစ် သွားရောက်လေ့လာခြင်းနှင့် UCC (USAR Coordination Cell), ICMS (INSARAG Coordination Management System)စသည့် လိုအပ်သောသင်တန်းများအား တက်ရောက်စေခြင်းတို့ဖြင့် ပြင်ဆင်ဆောင်ရွက်ပြီးပါက လာရောက်စစ်ဆေးသူ(Classifier)များ ဖိတ်ကြားခေါ်ယူ၍ ၃၆ နာရီကြာ သဏ္ဌာန်တူဖြစ်စဉ်ဖွင့် လေ့ကျင့်သရုပ်ပြမှု ဆောင်ရွက်ပြီး INSARAG Classified ရရှိရေး အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မန္တလေးငလျင်ကြီးဖြစ်စဉ်အတွင်း နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုမှ ရရှိခဲ့သည့် အတွေ့အကြုံနှင့် သင်ခန်းစာများကိုအခြေခံ၍ လေ့ကျင့်ဆောင်ရွက်ထားပြီးဖြစ်သော ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုမြှင့်တင်ပြီး INSARAG အသိအမှတ်ပြု Medium USAR Team များအဖြစ် အရည်အသွေးပြည့်ဝစွာ ဖွဲ့စည်းနိုင်ရေး၊ လေ့ကျင့်ရေး၊ ပစ္စည်းကိရိယာ ဖြည့်တင်းရေးနှင့် နိုင်ငံတကာအဆင့် အကဲဖြတ် အသိအမှတ်ပြုခံရရေးတို့ကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၄) ဦးဇော်ဝင်းသန့်၏ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အပိုင် ရဲစုတောင်ရပ်ကွက် အစိတ်အပိုင်းအား မှော်ဘီမြို့နယ်အပိုင်သို့ ပြောင်းရွှေ့ရမည်ဆိုသည့် ကိစ္စရပ်အား ဆိုင်းငံ့၍ မင်္ဂလာဒုံမြို့နယ် နယ်နိမိတ်အပိုင်အဖြစ် ဆက်လက် ထားရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မင်္ဂလာဒုံမြို့နယ် ရဲစုတောင်ရပ်ကွက် အစိတ်အပိုင်းသည် မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီ မြို့နယ်တို့အနက် မည်သည့်မြို့နယ်အတွင်း တည်ရှိပါဝင်ကြောင်း နယ်နိမိတ်ပိုင်းခြားသတ်မှတ်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးရှိ မှတ်တမ်းအထောက်အထားများ စိစစ်ပြုစုခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်းနှင့် ပြည်သူလူထုအမြင် သဘောထား စစ်တမ်းရယူခြင်းတို့ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မင်္ဂလာဒုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး စုစုပေါင်းအဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် မှတ်တမ်းပြုစုစိစစ်သုံးသပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။

ယင်းစိစစ်သုံးသပ်ရေးအဖွဲ့၏ အစီရင်ခံစာတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရဲစုတောင်ရပ်ကွက် ကွင်းအမှတ်-၅၂၆(က)၏ အစိတ်အပိုင်းနှင့် ကွင်းအမှတ်-၅၂၅(ခ)၏ အစိတ်အပိုင်းတို့သည် မှော်ဘီမြို့နယ်အပိုင်တွင် တည်ရှိသော်လည်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်မှုအောက်တွင်သာ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ သန်းခေါင်စာရင်း/မွေးစာရင်းကိစ္စ၊ ဒေသဖွံ့ဖြိုးရေး၊ အခွန်အခပေးဆောင်ခြင်းဆိုင်ရာကိစ္စ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားသောလူမှုရေးကိစ္စရပ်များ ဆောင်ရွက်လုပ်ကိုင်နေကြသည့်အတွက် အဆိုပါအစိတ်အပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများ၏ အုပ်ချုပ်မှုကိစ္စအဝဝကို မင်္ဂလာဒုံမြို့နယ်က စိစစ်ဆောင်ရွက်၍ မြေယာစီမံခန့်ခွဲမှုတွင် မှော်ဘီမြို့နယ်၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သင့်ကြောင်း တင်ပြထားရှိပါကြောင်း။

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရဲစုတောင်ရပ်ကွက်၏ အစိတ်အပိုင်းဖြစ်သည့် ကွင်းအမှတ်-၅၂၆(က)၏ အစိတ်အပိုင်းနှင့် ကွင်းအမှတ်-၅၂၅(ခ)၏ အစိတ်အပိုင်းတို့သည် မှော်ဘီမြို့နယ်တွင် တည်ရှိသော်လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ဖွဲ့စည်းစဉ်ကပင် အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ သန်းခေါင်စာရင်း/မွေးစာရင်းကိစ္စ၊ ဒေသဖွံ့ဖြိုးရေး၊ အခွန်အခပေးဆောင်ခြင်းဆိုင်ရာကိစ္စ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားသောလူမှုရေးကိစ္စရပ်များကို မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်မှုအောက်တွင်သာ ဆောင်ရွက်လုပ်ကိုင် နေထိုင်လျက်ရှိသဖြင့် အဆိုပါမြေအစိတ်အပိုင်းတွင် နေထိုင်ကြသောပြည်သူများ၏ အုပ်ချုပ်မှုကိစ္စအဝဝကို မင်္ဂလာဒုံမြို့နယ်က စီမံဆောင်ရွက်၍ မြေယာစီမံခန့်ခွဲမှုများကို မှော်ဘီမြို့နယ်က စီမံခန့်ခွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဦးခင်မောင်သန်း၏ မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နှင့် အောင်လံခရိုင် အောင်လံမြို့အကြားတွင် တည်ဆောက်နေသော ဧရာဝတီမြစ်ကူးတံတား(သရက်-အောင်လံ) စီမံကိန်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဧရာဝတီတံတား (သရက် - အောင်လံ) တည်ဆောက်ခြင်းအား ၂၀၁၈-၂၀၁၉ (၆လ) ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အထိ တံတားတစ်စင်းလုံး ပြီးစီးမှုရာခိုင်နှုန်းမှာ(၅၅ ရာခိုင်နှုန်း)ဖြစ်ပြီး ပင်မတံတားအပေါ်ထည်လုပ်ငန်းဖြစ်သည့် ၁၄၄ မီတာ သံပေါင် ၁၂ ခန်း တပ်ဆင်ခြင်းနှင့် ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်း၊ စုစုပေါင်း သံပေါင် ၁၂ ခန်းအနက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ငါးခန်းနှင့် ပင်မတံတား ကြိုတင်သွန်းလောင်းကွန်ကရစ် ကြမ်းခင်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ၁၄၄ မီတာ ခုနစ်ခန်းနှင့် ပင်မတံတား ကြမ်းခင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် တံတားအချောသပ်လုပ်ငန်းများနှင့် တံတားပေါ် AC ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး (၁၀၀ ရာခိုင်နှုန်း)ပြီးစီးအောင် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်းနှင့် ချဉ်းကပ်လမ်းလုပ်ငန်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများတွင် လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၈) ဦးသိန်းဇော်၏ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် သုံးဆယ်မြို့ရှိ ပန်းဆွဲ - တောင်ညိုလမ်း၏ ပျက်စီးနေသော လမ်းပိုင်းများကို ကွန်ကရစ်ခင်းပေးရန် အစီ အစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းသည် ရန်ကုန်-ပြည်လမ်းပေါ်ရှိ သုံးဆယ်မြို့မှတစ်ဆင့် ပန်းဆွဲရွာ၊ သာယာကုန်းရွာ၊ ကျေးလူးရွာ၊ စည်ပင်ရွာ၊ တောင်ညိုရွာတို့ကို ဆက်သွယ်ထားသော အရှည် ခြောက်မိုင် ခုနစ်ဖာလုံ ရှိသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း အရှည် တစ်ဖာလုံအား ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကျောက်ခင်းလမ်း အရှည် တစ်ဖာလုံအား ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပျက်စီးနေသော လမ်းပိုင်းများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် ဦးစားပေး လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၂) ဦးကျော်တင့်၏ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သဲတော-ရိုးစုံ လမ်းမကြီးအား ရာသီမရွေးသွားလာနိုင်သော လမ်းမကြီးအဖြစ် အသုံးပြုနိုင်ရန် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းသည် ဝမ်းတွင်းမြို့နယ် သဲတောရွာမှ ကူမဲမြို့နယ်-သာစည် မြို့နယ်ကို ဆက်သွယ်ထားသော ခရိုင်ချင်းဆက် လမ်းအမှတ်(၂)ကို ချိတ်ဆက်ထားသည့် လမ်းအရှည် ခြောက်မိုင်ရှိသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် သုံးဖာလုံအား ကျောက်လမ်းပြုပြင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် လေးဖာလုံအား ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ကျောက်လမ်းပိုင်းကိုလည်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် နှစ်အလိုက် လျာထားသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ကံမော်ကျွန်းပတ် ကျေးရွာချင်းဆက် လမ်း(ဝန်ပြေး - အဂျော်တောင်) မြေသားလမ်းအရှည် နှစ်မိုင်ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့် တောကာ - မော်ခေါင်းတုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ (၁၀၀ ပေ x ၁၂ ပေ x ၁၀ ပေ)ရှိ တံတားဟောင်းကို သံကူကွန်ကရစ်တံတား အဖြစ် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းပိုင်းသည် ကံမော်-တောကာ - မော်ခေါင်းတုန်းလမ်းတွင်ပါဝင်ပြီး ကံမော်ကျေးရွာ၊ တောကာကျေးရွာနှင့် မော်ခေါင်းတုန်းကျေးရွာတို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းအရှည် မိုင်၂၀ရှိသည့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ကံမော်ကျွန်းပတ်ကျေးရွာချင်းဆက်လမ်း (ဝန်ပြေး-အဂျော်တောင်)လမ်းပိုင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ပထမအဆင့်အနေဖြင့် အမာခံလမ်းအရှည် နှစ်မိုင်ရှိသည့်အနက် တစ်မိုင်ကို ကျောက်ခင်းလမ်း ဆောင်ရွက်နိုင်ရန် လျာထားသွားမည်ဖြစ်ပြီး ကျန်ရှိသော အမာခံလမ်းပိုင်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို နှစ်အလိုက် ဆက်လက်လျာထားသွားမည် ဖြစ်ပါကြောင်း။

ဒုတိယအဆင့်အနေဖြင့် ကျောက်လမ်းခင်းခြင်း လုပ်ငန်းအားလုံးပြီးစီးပါက ၁၂ ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် နှစ်အလိုက် ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းဖြစ်သည့် တောကာ-မော် ခေါင်းတုန်းလမ်းပိုင်းရှိ အလျားပေ ၁၀၀၊ အကျယ် ၁၂ ပေ သစ်သားတံတားဟောင်းအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်နိုင်ရန် ပွင့်လင်းရာသီအချိန်တွင် ကွင်းဆင်းစစ်ဆေး၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီး တံတား Design အတည်ပြုချက်ရရှိပြီး တံတားတည်ဆောက်ရန် လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၃) ဦးဟိန်းမင်းဦး၏ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းမြို့များသို့ အဓိက ဆက်သွယ်ထားသော လမ်းမကြီးဖြစ်သည့် မန္တလေး - မိုးကုတ် - သပိတ်ကျင်း၊ တကောင်း - ထီးချိုင့် - ဗန်းမော် - မြစ်ကြီးနားလမ်း ပေါ်ရှိ တံတားအမှတ်(၁/၆၈)အား အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန်နှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း ပျက်စီးနေသော လမ်းလွှဲ လေးဖာလုံခန့်အား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တံတားအမှတ်(၁/၆၈) ဇရပ်ကွင်းတံတားသည် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မန္တလေး-မိုးကုတ်လမ်း၊ မိုင်တိုင်(၆၇/၂)နှင့် (၆၇/၃)ကြားရှိ မတ္တရာမြို့နှင့် မိုးကုတ်မြို့ကြားတွင် တည်ရှိပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် တံတားအပေါ်ထည် ကြမ်းခင်းပေါက်ပြဲပြီး ရေလယ်တိုင်တစ်တိုင် နိမ့်ကျပျက်စီးခဲ့ပါကြောင်း။

လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ အရှည်ပေ ၁၀၀ နှစ်လွှာတစ်ထပ် ယာယီဘေလီ တံတားအား ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ တံတားခံနိုင်ဝန် တန် ၃၀ ဖြင့် ယာဉ်များဖြတ်သန်းခွင့်ပြုခဲ့ပြီး တန် ၃၀ အထက်ယာဉ်များ ပေ ၂၀၀၀ ခန့်ရှိသော ယာယီလမ်းလွှဲမှ ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း။

အဆိုပါတံတားနေရာတွင် တန် ၆၀ ခံနိုင်သည့် ပေ ၁၀၀ အရှည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်နိုင်ရေး ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇရပ်ကွင်းတံတားအသစ် မတည်ဆောက်မီနှင့် တည်ဆောက်စဉ်ကာလအတွင်း ယာယီလမ်းလွှဲမှ မော်တော်ယာဉ်များ ချောမွေ့စွာသွားလာနိုင်ရန် ကျောက်ရောမြေအဆင့်ထိ ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး B.O.T ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် မလေးရှား၊ အင်ဒိုနီးရှား လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းရန် လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် အမျိုးသားလွှတ်တော်နှင့် မလေးရှား၊ အင်ဒိုနီးရှားလွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ-မလေးရှား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဒေါက်တာ နိုင်လင်းနှင့် အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် တို့အပါအဝင် အဖွဲ့ဝင် ခုနစ်ဦး၊ မြန်မာ-အင်ဒိုနီးရှားလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ်(၈) ဦးအောင်တင်မြင့်နှင့် အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသိန်း တို့ အပါအဝင် အဖွဲ့ဝင် ခုနစ်ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့် မလေးရှား၊ အင်ဒိုနီးရှားလွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းများတွင် ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး(ခ) ဦးတင်ဦး က ပြင်ဆင်ချက်ဥပဒေကြမ်းတွင် ကျန်ရှိသည့် ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးခြင်းများ မူလဥပဒေပုဒ်မ ၁၁ (ဍ)တွင် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရန်ပျက်ကွက်သူ လွှတ်တော်ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခွင့် မရှိစေရန် ဖြည့်စွက်ပြဋ္ဌာန်းခြင်း၊ မူလဥပဒ ပုဒ်မ ၁၁ - က တွင် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခံရပါက ယင်းပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အား ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြင်ဆင်ခြင်း၊ ပြင်ဆင်ချက်ဥပဒေကြမ်း ပုဒ်မ ၂၈ တွင် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်နိုင်ခွင့်ရှိကြောင်း ပြင်ဆင်ခြင်း စသည့် ပြင်ဆင်၊ အစားထိုး ဖြည့်စွက်ပြဋ္ဌာန်းချက်များသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုအဆင်ပြေစေသည့် ပြင်ဆင်ချက်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ ဆက်လက်အတည်ပြုပေးသင့်ကြောင်း ထောက်ခံဆွေးနွေးသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၈) ခွန်စောလွင်က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ကိုယ်စားလှယ်များကိုသာ မဲဆွယ်စည်းရုံးခွင့်ပေးထားပြီး အောက်ခြေအဆင့်ဆင့် ပါဝင်စည်းရုံးနိုင်ခွင့်ကို ကန့်သတ်ထားခြင်းသည် ဗဟိုကို အခြေပြုထားခြင်းဖြစ်သောကြောင့် ဒီမိုကရေစီစံနှုန်းကို လျော့ကျစေခြင်း၊ နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု လျော့ကျစေနိုင်ခြင်း၊ ပါတီစုံဒီမိုကရေစီရှင်သန်ရေးကို အဟန့်အတားဖြစ်စေခြင်းတို့ကို ကြုံတွေ့ရနိုင်ပါကြောင်း၊ မြောက်မြားစွာသော မဲဆန္ဒနယ်များသို့ မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်ရန် လက်ရှိပါတီအသီးသီး၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အင်အားနှင့် မည်သို့မျှ မဖြစ်နိုင်ပါကြောင်း၊ အလုပ်အမှုဆောင် တိုးချဲ့ဖွဲ့စည်းခြင်းကြောင့် ကော်မရှင်၏ ညွှန်ကြားချက်များနှင့် အခြားသော စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဌာနစုံများက ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်များ ရယူခြင်း စသည့်နောက်ဆက်တွဲ ရင်ဆိုင်နေရသည့် အခြေအနေရှိနေခြင်းတို့ကြောင့် လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲဖြစ်နေရသည်ကို တိုင်းရင်းသားပါတီများ အသိဆုံးပင်ဖြစ်ပါကြောင်း၊ မြေပြင်တွင် လုပ်ငန်းဆောင်ရွက်ကြရသည့် နိုင်ငံရေးပါတီအသီးသီးကလည်း ထိုအခက်အခဲကို သိရှိကြ ပါကြောင်း။

ထို့ကြောင့် ပါတီစုံဒီမိုကရေစီ ရှင်သန်အားကောင်းစေရေး၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲအပေါ် လူထုယုံကြည်မှု အားကောင်းလာစေရေး၊ မျှတသော မဲဆွယ်စည်းရုံးနိုင်ခွင့်ရှိစေရေး၊ အားလုံးပါဝင်လှုပ်ရှားခွင့်ရှိသော မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နိုင်စေရေးတို့အတွက် အဘက်ဘက်မှ ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များဆိုသည့် စကားရပ်အစား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဟု ဖြည့်စွက်ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်သွားရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး အဋ္ဌမနေ့ကို အောက်တိုဘာ ၉ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment