Monday, October 5, 2026

နိုင်ငံသားတိုင်း သန့်ရှင်းလတ်ဆတ်သော အသားစားသုံးနိုင်ရေး …

 ရွှေမန်း

 “ပြည်သူတစ်ဦး၏ နံနက်စာစားပွဲပေါ်သို့ ရောက်ရှိလာသော အသားတစ်စတိုင်း၏ နောက်ကွယ်တွင် မိုးမလင်းမီကတည်းက စတင်လှုပ်ရှားနေကြသည့် လူများစွာ၏ တာဝန်ယူမှု၊ နည်းပညာနှင့် ယုံကြည်မှုတို့ ပါဝင်လျက်ရှိသည်။”

နံနက်ခင်းက စတင်သော ယုံကြည်မှု

ရန်ကုန်မြို့၏ နံနက်လေးနာရီခန့် အချိန်ဖြစ်သည်။ မြို့၏ လမ်းမများပေါ်တွင် မီးရောင်ဖျော့ဖျော့များသာ လင်းလက်နေသေးသော်လည်း စားနပ်ရိက္ခာခရီးစဉ်ကတော့ စတင်လှုပ်ရှားနေပြီဖြစ်သည်။ လက်ကားဈေးများသို့ ဦးတည်မောင်းနှင်နေသော အအေးခန်းယာဉ်များ၊ နို့နှင့် ဥများကို သယ်ဆောင်လာသော ယာဉ်ငယ်များ၊ မွေးမြူရေးခြံများမှ ထွက်ခွာလာသော ထုတ်ကုန်များသည် ရန်ကုန်မြို့၏ နေ့သစ်ကို ကြိုဆိုရန် အသင့်ဖြစ်နေကြသည်။

သို့သော် ထိုအစားအစာခရီးစဉ်၏အစကို ဈေးထဲတွင် မတွေ့ရပါ။ မြို့စွန်ရှိ မွေးမြူရေးခြံတစ်ခြံမှ မွေးမြူသူတစ်ဦး၏ လက်ထဲမှစတင်သည်။ သူသည် နေ့စဉ်နံနက်စောစောထ၍ တိရစ္ဆာန်များကို အစာ ကျွေးသည်။ ရေသန့်ဖြည့်ပေးသည်။ ခြံကို သန့်ရှင်းရေးလုပ်သည်။ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ ကျန်းမာရေးကိုလည်း ဂရုတစိုက်စောင့်ကြည့်သည်။ ထိုအချိန်မှာပင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နည်းပညာရှင်များက အခြားမွေးမြူရေးခြံတစ်ခြံသို့ ကွင်းဆင်းရန် ပြင်ဆင်နေကြသည်။

ကာကွယ်ဆေးများ၊ ကျန်းမာရေးမှတ်တမ်းစာအုပ်များနှင့် စစ်ဆေးရေးကိရိယာများကို ယူဆောင်ကာ “ဒီနေ့ ဘယ်ခြံမှာ ဘာတွေလိုအပ်နေသလဲ” ဆိုသည့် အစီအစဉ်ဖြင့် ခရီးထွက်ကြသည်။ မြို့တော်၏ နံနက်စာစားပွဲပေါ်သို့ ရောက်ရှိလာမည့် အသား၊ နို့နှင့် ဥတို့၏ အရည်အသွေးသည် ထိုကဲ့သို့သော နေ့စဉ်လှုပ်ရှားမှုများပေါ်တွင် အခြေခံထားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ တာဝန်-လူသန်းပေါင်းများစွာ၏ စားပွဲကို ဖြည့်ဆည်းပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။ နေ့စဉ်မိသားစု သန်းပေါင်းများစွာ၏ စားပွဲပေါ်သို့ အသား၊ နို့နှင့် ဥများ မပြတ်မလပ်ရောက်ရှိစေရန် စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို အရည်အသွေးပြည့်မီစွာ စီမံခန့်ခွဲရန် လိုအပ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးမဟာဗျူဟာတွင် မွေးမြူရေးကဏ္ဍသည် ထုတ်လုပ်မှုတိုးတက်ရေးအတွက် ကဏ္ဍ တစ်ခုသာမက ပြည်သူ့ကျန်းမာရေးကို အထောက်အပံ့ပေးသည့် အခြေခံကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ် ထားသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် စားနပ်ရိက္ခာဖူလုံရေးဆိုသည်မှာ အစားအစာများ လုံလောက်စွာ ရှိနေခြင်းတစ်ခုတည်း မဟုတ်ပါ။ ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်သော အစားအစာများကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ပြီး အချိန်မီဖြန့်ဖြူးပေးနိုင်သည့်စနစ်ကို တည်ဆောက်ထားနိုင်ခြင်း ဖြစ်သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထိုစနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ရပ်တည်နေသည်။ မွေးမြူရေးခြံများမှ ထွက်ရှိလာသော အသား၊ နို့နှင့် ဥတို့ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံစေရန် နည်းပညာ၊ ကျန်းမာရေးနှင့် အရည်အသွေးစံချိန်စံညွှန်းများကို ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်။

ယခင်က မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကို တိရစ္ဆာန်အရေအတွက် မည်မျှတိုးလာသည်၊ အသားထုတ်လုပ်မှု မည်မျှများပြားလာသည်ဆိုသည့် ကိန်းဂဏန်းများဖြင့် အဓိက တိုင်းတာလေ့ရှိသည်။ သို့သော် ယနေ့ခေတ်တွင် ထုတ်လုပ်မှုပမာဏတိုးလာခြင်းသည် အောင်မြင်မှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒတွင် “အရေအတွက်ထက် အရည်အသွေး” ကို ဦးစားပေးထားသည်။ အရည်အသွေးမြင့် မွေးမြူရေးဆိုသည်မှာ ကျန်းမာသန်စွမ်းသော တိရစ္ဆာန်များကို မွေးမြူနိုင်ခြင်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း၊ စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်းတို့ကို ဆိုလိုသည်။

အသားတစ်စ အရည်အသွေးကောင်းမွန်ရန် တိရစ္ဆာန်၏ ကြီးထွားနှုန်းကောင်းမွန်ရုံဖြင့် မလုံလောက်ပါ။ ယင်းသည် ခြံသန့်ရှင်းရေး၊ အစာအာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဇီဝလုံခြုံရေးနှင့် စနစ်တကျ စီမံခန့်ခွဲမှုတို့ ပေါင်းစပ်ဖန်တီးပေးသည့် ရလဒ်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် မွေးမြူရေးလုပ်ငန်းများကို ထုတ်လုပ်မှုနှင့် အရည်အသွေး နှစ်ရပ်စလုံးကို တစ်ပြိုင်နက်တည်း မြှင့်တင် နိင်သည့် စနစ်တစ်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

GAHP - အရည်အသွေးမြင့် မွေးမြူရေးခြံတစ်ခြံ၏ ပုံရိပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံပြမွေးမြူရေး ခြံတစ်ခြံသို့ ဝင်ရောက်ကြည့်လိုက်လျှင် ပထမဆုံး တွေ့မြင်ရသည်မှာ သန့်ရှင်းသပ်ရပ်သော ခြံဝင်းနှင့် စနစ်တကျစီမံထားသော ပတ်ဝန်းကျင်ဖြစ်သည်။ ခြံဝင်ပေါက်တွင် ပိုးသတ်ဆေးကန်ထားရှိပြီး ခြံဝင်သူတိုင်း သန့်ရှင်းရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာရသည်။ အစာသိုလှောင်သည့်နေရာ၊ သောက်ရေပေးသည့်စနစ်နှင့် အညစ်အကြေး စီမံ ခန့်ခွဲမှုတို့ကိုလည်း စနစ်တကျပြုလုပ်ထားသည်။

ဤအရာများသည် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ် (Good Animal Husbandry Practices– GAHP)၏ လက်တွေ့ပုံရိပ်များဖြစ်သည်။ GAHP သည် စာရွက်ပေါ်တွင် ရေးထားသောစည်းမျဉ်းတစ်ခု မဟုတ်ဘဲ မွေးမြူရေးခြံတစ်ခြံ၏ နေ့စဉ်လည်ပတ်မှုကို စံချိန်စံညွှန်းနှင့်အညီ စီမံခန့်ခွဲပေးသော လက်တွေ့ လုပ်ငန်းစဉ်များဖြစ်သည်။ ခြံသန့်ရှင်းရေးမှ စတင်၍ တိရစ္ဆာန်ကျန်းမာရေး၊ အစာနှင့် ရေဘေးကင်းရေး၊ ဆေးဝါးအသုံးပြုမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုအထိ အဆင့်တိုင်းကို အရည်အသွေးအခြေပြု စီမံခန့်ခွဲစေသည်။ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် မွေးမြူသူများ GAHP စံချိန် စံညွှန်းများကို လက်တွေ့ကျင့်သုံးနိုင်ရန် အသိပညာပေးသင်တန်းများ၊ နည်းပညာလမ်းညွှန်မှုများနှင့် ကွင်းဆင်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ယင်းကြောင့် မွေးမြူရေးခြံများ၏ စီမံခန့်ခွဲမှု စနစ် တိုးတက်လာပြီး ထုတ်လုပ်မှုအရည်အသွေးလည်း မြင့်မားလာသည်။

မျိုးကောင်းမျိုးသန့်မှ စတင်သော အနာဂတ်

နံနက်ပိုင်း နေရောင်ခြည်နွေးနွေးလေး ကျရောက်လာချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေးခြံတစ်ခြံ၌ လှုပ်ရှားမှုများ ပိုမိုစည်ကားလာသည်။ မွေးမြူသူတစ်ဦးက နွားလေး တစ်ကောင်ကို ဂရုတစိုက်ကြည့်ရှုနေပြီး ဘေးတွင်ရပ်နေသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နည်းပညာရှင်တစ်ဦးက မှတ်တမ်းစာအုပ်ထဲတွင် အချက်အလက်များကို ရေးမှတ်နေသည်။

“ဒီကောင်လေးက မျိုးကောင်းမျိုးသန့် AI နည်းနဲ့ မွေးလာတာပါ”ဟု မွေးမြူသူက ပြုံး၍ ပြောသည်။

ထိုစကားတိုလေး၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာ စုဆောင်းတည်ဆောက်လာသော မျိုးရိုးဗီဇဆိုင်ရာ အသိပညာ၊ သိပ္ပံနည်းကျနည်းပညာနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုများ ရှိနေသည်။

ယနေ့ခေတ် မွေးမြူရေးလုပ်ငန်းတွင် “မျိုးကောင်း မျိုးသန့်” ဆိုသည်မှာ တိရစ္ဆာန်အမျိုးအစား ကောင်းမွန် ရုံကိုသာ ဆိုလိုခြင်းမဟုတ်တော့ပါ။ ထုတ်လုပ်မှုစွမ်းရည်၊ ရောဂါခံနိုင်ရည်၊ ဒေသရာသီဥတုနှင့် လိုက်လျောညီထွေမှု၊ အစာအသုံးချနိုင်စွမ်းနှင့် မျိုးဆက်သစ်များ၏ အရည်အသွေးတို့ကို တစ်စုတစ်စည်းတည်း ထည့်သွင်းစဉ်းစားရသည့် သိပ္ပံနည်းကျမျိုးမြှင့်တင်ရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ထိုလုပ်ငန်းစဉ်ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့် အသုံးပြုရေးနှင့် မေထုန်မဲ့သားစပ်နည်း (Artificial Insemination – AI)ကို ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ မျိုးရိုးဗီဇသည် မွေးမြူရေးလုပ်ငန်း၏ အနာဂတ်ကို ပုံဖော်ဆုံးဖြတ်ပေးနိုင်သည့် အခြေခံအင်အားတစ်ရပ်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ အသုံးပြုလာသည်နှင့်အမျှ

-           အသားထုတ်လုပ်မှု ပိုမိုကောင်းမွန်လာ သည်။

-           နို့ထွက်နှုန်း မြင့်တက်လာသည်။

-           ကြီးထွားနှုန်း ပိုမိုမြန်ဆန်လာသည်။

-           ရောဂါခံနိုင်ရည် ပိုမိုကောင်းမွန်လာသည်။

-           မွေးမြူသူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ် ကို ရေရှည်တွင် လျှော့ချနိုင်သည်။

အရေးကြီးသည်မှာ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးများကို ရွေးချယ်အသုံးပြုခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးရိုးဗီဇများကို စနစ်တကျရွေးချယ်အသုံးပြု လာခြင်းသည် မွေးမြူရေးလုပ်ငန်း၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို အထောက်အကူပြုစေသည်။

တစ်နိုင်တစ်ပိုင်မွေးမြူသူမှ စီးပွားဖြစ်မွေးမြူသူအထိ

ရန်ကုန်တိုင်းဒေသကြီး၏ မွေးမြူရေးမူဝါဒသည် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများကိုသာ ဦးတည်ထားခြင်း မဟုတ်ပါ။ တစ်ပိုင်တစ်နိုင် မွေးမြူသူများကိုလည်း နည်းပညာ၊ ကျန်းမာရေးနှင့် မျိုးမြှင့်တင်ရေး ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးလျက်ရှိသည်။

ကျေးလက်ဒေသရှိ မိသားစုတစ်စုအတွက် နွားနှစ်ကောင်၊ ဝက်အနည်းငယ် သို့မဟုတ် ကြက်မွေး မြူရေးလုပ်ငန်းသည် မိသားစုဝင်ငွေ၏ အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်နိုင်သည်။ ထို့ကြောင့် ထိုမွေးမြူသူများ၏ ထုတ်လုပ်မှုအရည်အသွေး တိုးတက်လာခြင်းသည် မိသားစုဝင်ငွေ တိုးလာခြင်း၊ အာဟာရပိုမိုပြည့်ဝလာခြင်းနှင့် ဒေသစားနပ်ရိက္ခာ ဖူလုံရေးကို အားဖြည့်ပေးခြင်းတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။

ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက “နည်းပညာကို လူတိုင်းရရှိစေရေး” ဟူသော ရည်မှန်းချက်ဖြင့် မြို့နယ်များအထိ ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment