Monday, October 5, 2026

တိုင်းရင်းဆေးဝါးများ စနစ်တကျ သုံးစွဲကြပါစို့ …

 ဒေါ်ရတနာ၊ ဒေါက်တာကြည်ကြည်ဦး (တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာလူမျိုးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အဖိုးမဖြတ်နိုင်သည့် အမျိုးသားအမွေအနှစ်ဖြစ်ပြီး ကျယ်ပြန့်နက်နဲသိမ်မွေ့သော အခြေခံဆေးသိပ္ပံပညာ၏ မတူညီသည့် အခြေခံသဘောတရားများ၊ အမျိုးမျိုးသော ကုထုံးများနှင့် အစွမ်းထက်ဆေးဝါးများကို လွှမ်းခြုံ ထားသည့် ပညာရပ်တစ်ခုအနေဖြင့် ရပ်တည်လာခဲ့ရာ မြန်မာ့တိုင်းရင်းဆေးဝါးများသည် ရှေးယခင်ကတည်းကပင် ပြည်သူများအကြား အစဉ်အဆက်အသုံးပြုလာကြသော ဆေးဝါးများဖြစ်ပါသည်။

ယနေ့ခေတ်တွင် တိုင်းရင်းဆေးဝါးများကို ခေတ်မီဆေးဝါးအဖြစ် နိုင်ငံတကာမှ လက်ခံပြီး အသုံးပြုနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ပြည်သူ့ဝန်ဆောင်မှုများတွင် အလွန်အရေးကြီးသော အခန်း ကဏ္ဍဖြစ်ပါသည်။ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများက စားသုံးသူအတွက် ဘေးကင်းလုံခြုံသော ဆေးဝါးများရရှိစေရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြုပြင်ပြောင်းလဲရန် အလားအလာရှိသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင်လည်း ပိုမိုအားကောင်းစွာ ပါဝင်လာမည်ဖြစ်ပါသည်။

အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်ကင်းကာ အကျိုးသက်ရောက်မှုရှိသော တိုင်းရင်းဆေးဝါးကို အများပြည်သူတို့ သုံးစွဲနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးဥပဒေကို ၁၉၉၆ ခုနှစ်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ပြင်ဆင်ပြဋ္ဌာန်းထားသော တိုင်းရင်းဆေးဝါးဥပဒေ (၂၀၁၄ ခုနှစ်)ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် အရည်အသွေးစီမံခန့်ခွဲမှုသည် ဆေးဝါးအရည် အသွေး၊ ဘေးကင်းမှုနှင့် ထိရောက်မှုတို့ကို အာမခံရန်နှင့် တိုင်းရင်းဆေးထုတ်ကုန်များအတွက် အရည်အသွေးစဉ်ဆက်မပြတ် မြှင့်တင်ထိန်းသိမ်းရန်လည်း အလွန်အရေးပါပါသည်။

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးဥပဒ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး မှတ်ပုံတင်ခွင့်ပြုထားသည့် တိုင်းရင်းဆေးဝါး၏ ဆေးအညွှန်းတွင် အမှတ်တံဆိပ်၊ ဆေးအမည်၊ ပါဝင်ဆေးပစ္စည်း၊ သုံးစွဲနိုင်သောရောဂါ (သို့မဟုတ်)အကျိုးကျေးဇူး၊ သောက်သုံးရမည့်ဆေးပမာဏ၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ ထုတ်လုပ်အပတ်စဉ်၊ ပင်ရင်းလိပ်စာဟူသည့် အခြေခံသတ်မှတ်ချက် ၁၀ ချက်ပြည့်စုံစွာပါရှိပါသည်။

မှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ အနောက်တိုင်းဆေးရောနှောထားသော တိုင်းရင်းဆေးဝါးမျာ၊ အရည်အသွေးမပြည့်မီသော စံမညီတိုင်းရင်းဆေးဝါးများကို အသုံးပြုမိခြင်းတို့ကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများသည် ဘေးဥပဒ်ကင်းရှင်းမှု၊ အရည်အသွေးပြည့်မီမှုနှင့် စစ်မှန်အစွမ်းထက်မှုတို့ကို အာမခံချက်မပေးနိုင်သောကြောင့် ပြည်သူများအနေဖြင့် တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲရာ၌ ဆေးအညွှန်းတံဆိပ်များတွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်ပါဝင်ခြင်း ရှိ/မရှိနှင့် အခြေခံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သေချာစွာစစ်ဆေးပြီးမှ အသုံးပြုကြရန်နှင့် မှတ်ပုံတင်မရှိသော တိုင်းရင်းဆေးဝါးများကို မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် အသိပေးလိုပါသည်။

နောက်ထပ် သတိပြုရမည့်အချက်တစ်ခုမှာ အချို့သောဆေးဝါးများတွင် အနောက်တိုင်းဆေးဝါး များကိုရောနှောထည့်သွင်းထားသော တိုင်းရင်းဆေးအမည်ခံအယောင်ဆောင်ဆေးဝါးများ၊ ဆေးဝါး အတုအပများ ဝယ်ယူအသုံးပြုခြင်းကို အထူးသတိပြုရှောင်ရှားကြရန် လိုအပ်ပါသည်။ အချို့သော တိုင်းရင်းဆေးအမည်ခံ အယောင်ဆောင်ဆေးများတွင် အနောက်တိုင်းဆေးဝါးများဖြစ်သည့် Diclofenac ကဲ့သို့သော Non-Steroidal Anti-Inflammatory Drugs (NSAID) အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများ၊ Dexamethasone ကဲ့သို့သော Steroids အုပ်စုဝင်ဆေးများ စသည်တို့ကို ရောနှောထည့်သွင်းထားနိုင်ပါသည်။

ထိုသို့ အနောက်တိုင်းဆေးဝါးများ ရောနှောပါဝင်နေခြင်းကို စားသုံးသူက မသိရှိပါဘဲ အသုံးပြုမိပါက မိမိသုံးစွဲနေသော ဆေးဝါးအမျိုးအစားနှင့် ပမာဏကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် အစာအိမ် အူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ အစာအိမ်အနာနှင့် အစာအိမ်သွေးယိုစိမ့်ခြင်း၊ ကျောက်ကပ် လုပ်ဆောင်ချက်ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အခြေအနေ ရုတ်တရက်ပြောင်းလဲခြင်း၊ ရုတ်တရက်သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်း၊ ခြေလက်များဖောရောင်လာခြင်း၊ အရိုးပါးခြင်း၊ ပွခြင်း၊ ကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ ခုခံအားစနစ်ကျဆင်းခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

နောက်ထပ် နမူနာတစ်ခုကိုဖော်ပြရလျှင် တိုင်းရင်းဆေးအမည်ခံ အယောင်ဆောင်အမျိုးသား အားတိုးဆေးအများစုအကြောင်း ဖြစ်ပါသည်။ အဆိုပါဆေးများတွင် ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးရသော Sildenafil, Tadalafil တို့ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးမှာ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်းများရောင်ရမ်းလာခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ နှာခေါင်းပိတ်ဆို့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရုတ်တရက်အမြင်အာရုံ၊ အကြားအာရုံထိခိုက်ဆုံးရှုံးနိုင်ခြင်း၊ ပြင်းထန်အရေ ပြားပြဿနာဖြစ်နိုင်ခြင်း၊ အကြောဆွဲခြင်း၊ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်လာပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသည့်အခါ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်ပါဝင်ခြင်း ရှိ မရှိကို သေချာစွာစစ်ဆေးပြီး မည်သည့်ဆေးပစ္စည်းများဖြင့် ပါဝင် ဖော်စပ်ထားသည်ကို သေချာရေရာမသိရှိသော ဆေးဝါးများကို မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြရန်၊ နည်းစနစ်မှန်ကန်စွာအသုံးပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်များကလည်း အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် အလို့ငှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့် လိုင်စင်များကို စနစ်တကျ စစ်ဆေးစိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဈေးကွက်အတွင်းဖြန့်ချိပြီးနောက် အရည်အသွေး၊ ဘေးကင်းမှု၊ ထိရောက်မှုတို့ကို စောင့်ကြည့်စစ်ဆေးရန်၊ အရည်အသွေးမပြည့်မီသော (သို့မဟုတ်) ဆေးဝါးအတုများကို ဖော်ထုတ်နိုင်ရန် ဈေးကွက် စစ်တမ်းကောက်ယူခြင်း (Post Market Survey) ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်မရှိသော၊ အနောက်တိုင်း ဆေးရောနှောပါဝင်သော အတုအပ၊ အယောင် ဆောင်တိုင်းရင်းဆေးများကို အများပြည်သူတို့ သုံးစွဲခြင်းမပြုရန် နိုင်ငံပိုင်သတင်းစာများနှင့် တိုင်းရင်း ဆေးပညာဦးစီးဌာန၏ သတင်းမီဒီယာများတွင်လည်း ထုတ်ပြန်ကြေညာပေးလျက်ရှိသည့်အပြင် အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း အပြန်အလှန် သတင်းပေးပို့ဆောင်ရွက်လျက်ရှိပါသည်။

ဆေးဝါးများဆိုသည်မှာ ရောဂါဝေဒနာများ သက်သာအောင်ကုသရန်အတွက် အသုံးပြုသည့် ဝတ္ထုပစ္စည်းဖြစ်သလို အရည်အသွေးမပြည့်မီပါက၊ နည်းလမ်းမှန်ကန်စွာ အသုံးမပြုပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အရာလည်း ဖြစ်သည့်အတွက် အများပြည်သူတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသော တားမြစ်ဆေးဝါးများကို သတိပြုရှောင်ရှားပြီး ဆေး အညွှန်းတံဆိပ်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် အမှတ်အပါအဝင် အခြေခံသတ်မှတ်ချက် ၁၀ ချက် ဖော်ပြပါရှိသော တိုင်းရင်းဆေးဝါးများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုကြပါရန် တိုက်တွန်း နှိုးဆော်တင်ပြလိုက်ရပါသည်။         ။

No comments:

Post a Comment