နေပြည်တော် အောက်တိုဘာ ၉
(၁၅၂) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရကျောင်းသားလူငယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက
ယနေ့ကျင်းပသည့်အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union) ကို စတင်တည်ထောင်နိုင်ခဲ့သည့်
အောက်တိုဘာ ၉ ရက်ကို ကမ္ဘာ့စာပို့တိုက်နေ့ အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့စာပို့တိုက်သမဂ္ဂနှင့်
ကမ္ဘာတစ်ဝန်းရှိ စာပို့လုပ်ငန်းလုပ်ကိုင်သူများ၊ စာပို့ ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့်
ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း။
ယခုနှစ် (၁၅၂) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားအတွက်
ဆောင်ပုဒ်သည် "ONE POSTAL NETWORK, INFINITE POSSIBILITIES" “တစ်ခုတည်းသော
စာပို့ကွန်ရက်၊ အကန့်အသတ်မဲ့ အခွင့်အလမ်းများ” ဖြစ်ပြီး စာပို့လုပ်ငန်းသည် လူတစ်ဦးချင်းစီ
အချင်းချင်းချိတ်ဆက်ပေးခြင်းမှသည် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပေးအပ်ခြင်းအထိ
ကမ္ဘာတစ်ဝန်းရှိ အခွင့်အလမ်းသစ်များဆီသို့ တံခါး ဖွင့်လှစ်ပေးလျက်ရှိသည်ကို ဆိုလိုပါကြောင်း၊
မြန်မာ့စာတိုက်လုပ်ငန်း၏ ရည်မှန်းချက်ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့စာတိုက်
(Myanmar Post for Everyone)” ဟူသည့် ရည်မှန်းချက်နှင့်အညီ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့်
စာပို့ကွန်ရက်ကို နည်းပညာအဆင့်မြှင့်တင်ပြီး လုပ်ငန်းသစ် များထပ်မံတိုးချဲ့ကာ ဝန်ဆောင်မှုအသစ်များ
ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တွင်လည်း မြန်မာ တစ်နိုင်ငံလုံးရှိ စာတိုက်ရုံးပေါင်း
၈၀၀ ကျော်ဖြင့် ဖြန့်ကြက်ချိတ်ဆက်ထားသည့် အကြီးမား ဆုံးစာတိုက်ကွန်ရက်ကိုအသုံးပြု၍
နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုနိုင်မည့်ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း၊
စာပို့တိုက်လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာများ ထိထိမိမိအသုံးပြု၍ ခေတ်နှင့်လျော်ညီအောင်
ပြုပြင်ပြောင်းလဲကာ နိုင်ငံတကာဈေးကွက်သို့ အောင်မြင်စွာချိတ်ဆက်နိုင်မည်ဖြစ်ကြောင်းနှင့်
(၂၈) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂညီလာခံမှ ချမှတ်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုနည်းဗျူဟာများ၊
သဘောတူညီချက်များနှင့် နိုင်ငံတကာမှ စာပို့တိုက်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊
နည်း ပညာတိုးတက်မှုအခြေအနေများကို စာပို့တိုက်ကဏ္ဍကြီးကြပ်ဆောင်ရွက်သူ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊
မြန်မာ့စာတိုက်လုပ်ငန်းနှင့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတို့မှ မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်၍
မိမိတို့နိုင်ငံ၏ စာပို့တိုက်ကဏ္ဍ ပိုမိုတိုးတက်လာနိုင်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်
တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ်
ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာဗီဒီယိုမှတ်တမ်းနှင့်
ကမ္ဘာ့စာပို့ တိုက်နေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းများကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက
ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားတွင် (၅၅) ကြိမ်မြောက် အသက် (၉) နှစ်ပြည့်ပြီး
အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)
၌ ပထမဆုရရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ မပြုံးသက်ပိုင်ထွန်း၊ ဒုတိယဆုရရှိ သည့်
နေပြည်တော် ပျဉ်းမနားမြို့မှ မစုမြတ်နဒီ၊ တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး (အနောက်)
ပေါင်းတည်မြို့နယ်မှ မဖြိုးရတနာဇော်နှင့် အထူးဆုရရှိသည့် မွန်ပြည်နယ် မော်လမြိုင်မြို့မှ
မအေး ယမုံသွယ်တို့အား ဂုဏ်ပြုဆုများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က နိုင်ငံတကာလူငယ်များ
ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) အတွက် အကဲဖြတ်ပေးကြသော အကဲဖြတ်အဖွဲ့ဝင်များအား
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် (၁၅၂) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင်
ခင်းကျင်းပြသထားသည့် စာပို့တိုက်လုပ်ငန်းများ ကာလအလိုက် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခြင်းဆိုင်ရာ
မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာတမ်းများ၊ လုပ်ငန်းဆိုင်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment