Friday, October 16, 2026

နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရေး စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေး

 



စက်ရုံတစ်ရုံတည်ဆောက်ပြီးစီးမှု ဂုဏ်ပြုသည့် သမိုင်းမှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကို တည်ဆောက်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက “စက်ရုံစွမ်းရည် တိုးမြှင့်ရေးနှင့်အတူ စက်ရုံ၏ရေရှည်လည်ပတ်နိုင်စွမ်း၊ စီးပွားရေးအရ အကျိုးရှိမှုနှင့် ထုတ်ကုန်အရည်အသွေးတို့ကို တစ်ပြိုင်တည်း မြှင့်တင်သွားကြရန်ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ပထမလိုအပ်ချက်မှာ ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာရရှိရေးပင်ဖြစ်ကြောင်း၊ စက်ရုံစွမ်းရည်မည်မျှပင်မြင့်မြင့် ကုန်ကြမ်းမလုံလောက်ပါက သတ်မှတ်ထားသည့် ထုတ်လုပ်မှုရည်မှန်းချက်များကို မပြည့်မီနိုင်သောကြောင့် ပြည်တွင်းရေနံထုတ်လုပ်မှုတိုးမြှင့်ရေး၊ ရရှိနိုင်သည့် ရေနံစိမ်းများကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့် လိုအပ်သည့်ကုန်ကြမ်းများကို စဉ်ဆက်မပြတ်ရရှိနိုင်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း” အလေးထားမှာကြားခဲ့သည်။

မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ရေနံလုပ်ငန်းနှင့်ပတ်သက်၍ ရှည်လျားသောသမိုင်းကြောင်း နောက်ခံများရှိသည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများကို မျက်စိကျသောကြောင့် ကိုလိုနီနယ်ချဲ့တို့၏ သိမ်းပိုက်ခြင်းခံရပြီး ၎င်းတို့၏ အတတ်ပညာစွမ်းပကားများဖြင့် မြန်မာနိုင်ငံ၏ သယံဇာတပစ္စည်းများကို အမြောက်အမြား ထုတ်ယူနိုင်ခဲ့သည်။ သမိုင်းမှတ်တမ်းများအရ ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၂၅ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီလီမိတက်က တစ်ရက်လျှင် ရေနံစိမ်းဂါလန်ရှစ်သိန်း ချက်လုပ်နိုင်သည့် သန်လျင်ရေနံချက်စက်ရုံကို တည်ဆောက်ခဲ့ပြီး ပြည်တွင်းရေနံမြေများမှရရှိသည့် ရေနံစိမ်းများကို ပိုက်လိုင်းများဖြင့်ပို့ဆောင်ချက်လုပ်ကာ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် ဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း ရေနံလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတွင် ဘီအိုစီရေနံစက်ရုံကြီး မီးလောင်ပျက်စီးမှုကို သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ သို့သော် အဆိုပါရေနံချက်စက်ရုံကြီးကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် စက်ရုံပြန်လည်လည်ပတ်ခဲ့သည်။ နောက်ပိုင်းတွင် စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့သော်လည်း ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်တို့အကြား ဟန်ချက်မညီတော့ဘဲ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံကြီးတည်ရှိနေသော်လည်း ရေရှည်အောင်မြင်မှု မတည်ဆောက်နိုင်သည်ကို သင်ခန်းစာယူဖွယ်တွေ့ရသည်။ ထို့ကြောင့် စက်ရုံသစ်တည်ဆောက်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ကုန်ကြမ်းလုံလောက်စွာရရှိမှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ အကျိုးအမြတ်ရှိမှုတို့ကို တစ်ပြိုင်တည်း စနစ်တကျဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အကြံပြုခဲ့သည်။

မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလမှစ၍ ခေတ်အဆက်ဆက်အစိုးရများက အကြီးစားစက်ရုံ၊ အလုပ်ရုံကြီးများကို တည်ဆောက်ထုတ်လုပ်ခဲ့သော်လည်း ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်၊ ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ခေတ်မီသုတေသနပြုတီထွင်ဆန်းသစ်မှု၊ ဈေးကွက်လိုအပ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ စီမံဆောင်ရွက်နိုင်မှု စသည့်အားနည်းချက်အမျိုးမျိုးကြောင့် ပိတ်သိမ်းရပ်ဆိုင်းခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံကြီးများကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အဆိုပါအချက်များသည် သင်ခန်းစာယူဖွယ် အရေးပါသည့်အချက်များအဖြစ် အလေးအနက်ထား ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ရေနံချက်စက်ရုံကြီးနှင့်ပတ်သက်၍ ကုန်ကြမ်းစဉ်ဆက်မပြတ် လုံလောက်စွာရရှိရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်များပြည့်စုံရေး စသည်တို့သည် အရေးကြီးသည့်အချက်များဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေနံစိမ်းထွက်ရှိသော ရေနံမြေများ အမြောက်အမြားရှိသလို နိုင်ငံတော်က တရားဝင်တူးဖော်ထုတ်လုပ်မှုများ၊ တရားဝင်၊ တရားမဝင်ရေနံလုပ်ကွက်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုလိုနီခေတ်က ရှာဖွေတူးဖော်ထုတ်လုပ်ခဲ့သည့် ရေနံတွင်းများရှိသလို စစ်ရှုံးကိုလိုနီအစိုးရက ဖျောက်ဖျက်ခဲ့သည့် ရေနံမြေ၊ ရေနံတွင်းမှတ်တမ်းများရှိခဲ့သည်။ ထို့ကြောင့် ရေနံချက်စက်ရုံတည်ဆောက်ခြင်းနှင့်အတူ ရေနံစိမ်းကုန်ကြမ်း၊ နည်းပညာ၊ လူသားအရင်းအမြစ်တို့ကို စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ်ပြီး စွမ်းအင်လုံခြုံမှုအပြည့်အဝရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းမှထုတ်လုပ်သည့် ရေနံစိမ်းနှင့် ပြည်ပမှရရှိနိုင်သည့် ကုန်ကြမ်းများကို ပေါင်းစပ်စီမံခန့်ခွဲပြီး စက်ရုံများလိုအပ်ချက်နှင့်ကိုက်ညီအောင် စီမံဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment