မျက်မှောက်ကာလ ကမ္ဘာကြီးတွင် ပဋိပက္ခဖြစ်ပွားမှုများ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာပြဿနာသည် လွန်စွာစိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ဆယ်စုနှစ်တစ်ခုအတွင်း သိသိသာသာ ဆိုးရွားလာသည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေ၏ ၇ ဒသမ ၈ ရာခိုင်နှုန်း (လူဦးရေ ၆၄၅သန်း ခန့်) သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို တိုက်ရိုက်ရင်ဆိုင်နေရပြီး လူ ၂ ဒသမ ၁ ဘီလီယံကျော်တို့မှာ မျှတသောအာဟာရကို ပုံမှန်မရရှိဘဲ အလယ်အလတ် သို့မဟုတ် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေကြရသည်။
ကမ္ဘာတစ်ဝန်းရှိ
လူသားအားလုံး အာဟာရပြည့်ဝပြီး လုံလောက်သော အစားအစာများရရှိရေး၊ ငတ်မွတ်ခေါင်းပါးမှု
ပပျောက်ရေးတို့ကို ရည်ရွယ်၍ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) ကို နှစ်စဉ် အောက်တိုဘာလ
၁၆ ရက်နေ့တွင် ကျင်းပလျက်ရှိသည်။ ဤနေ့သည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့
(FAO) တည်ထောင်ခဲ့သည့်နေ့ကို အစွဲပြု၍ သတ်မှတ်ထားခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ်မှစတင်၍
နှစ်စဉ် ဆောင်ပုဒ်တစ်ခုသတ်မှတ်ကာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌
ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ "
Innovate today. Nourish tomorrow - ယနေ့ တီထွင်ဆန်းသစ်မှ အာဟာရပြည့်ဝ အနာဂတ်လှ"
ဟူ၍ဖြစ်သည်။ ယခုနှစ် ဆောင်ပုဒ်သည် ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသော ငတ်မွတ်ခေါင်းပါးမှုနှင့်
ရာသီဥတု ဖောက်ပြန်မှုဒဏ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်
စားနပ်ရိက္ခာကဏ္ဍတွင် ရေရှည်တည်တံ့မည့် ဆန်းသစ်တီထွင်မှုများ ( ဥပမာ- ရာသီဥတုဒဏ်ခံ
သီးနှံများစိုက်ပျိုးခြင်း၊ စွန့်ပစ်ပစ္စည်းနည်းပါးသော ထောက်ပံ့ရေးကွင်းဆက်များဖန်တီးခြင်း)
ကို အဓိကဦးတည်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရေခံမြေခံ
အရင်းအမြစ်ကောင်းများ၊ သဘာဝမြစ်ချောင်းအင်းအိုင်များနှင့် ပင်လယ်ကမ်းရိုးတန်းများ ပြည့်စုံသည့်
နိုင်ငံဖြစ်ရာ ကောက်ပဲသီးနှံနှင့် သားငါးစားနပ်ရိက္ခာများ ပြည်တွင်းစားသုံးမှု ဖူလုံရန်အတွက်သာမက
အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက်ပါ ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ ယခုနှစ်
ဇွန်လ ၂၆ ရက်က ကျင်းပသည့် စားရေရိက္ခာ မူဝါဒကော်မရှင် အစည်းအဝေးတွင် စားရေရိက္ခာ မူဝါဒကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ခေတ်မီစိုက်ပျိုးရေးစနစ်ကို
တတ်နိုင်သည့်ကဏ္ဍများတွင် ဆောင်ရွက်သွားကြရန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်
စက်ပစ္စည်းကိရိယာများကို လုံလောက်စွာ အသုံးပြုနိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းသုံး
စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများကို
ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ခေတ်မီသည့် စိုက်ပျိုးရေးစနစ်၊ အိုင်တီစနစ်၊ အေအိုင်စနစ်များ၊
စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်း ပြောကြားခဲ့ပြီး “မိမိ၏ မျှော်မှန်းချက်မှာ
မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် စားရေရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံ
ဖြစ်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင်
လယ်၊ တောင်ယာ၊ ယာစသည်ဖြင့် အစုစုသော စိုက်ပျိုးဧက ၃၃ သန်းကျော်ရှိသည်။ စပါးစိုက်ပျိုးဧက
၁၅ သန်း၊ ပြောင်းစိုက်ပျိုးဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၇ သန်းနှင့်
နှမ်းစိုက်ပျိုးဧက ၄ သန်းတို့ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ စိုက်ပျိုးဧက ၃၃ သန်းကျော်သည်
နိုင်ငံအတွက် လုံလောက်မှုရှိသော်လည်း သီးနှံများအလိုက် သတ်မှတ်ပေးထားသည့် တစ်ဧက ပန်းတိုင်အထွက်နှုန်းများအတိုင်း
ထွက်ရှိရေး၊ သီးထပ်စွမ်းအားများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်နိုင်မှသာ စိုက်ပျိုးထုတ်လုပ်သူ
တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည် ဖြစ်သကဲ့သို့ စားရေရိက္ခာ
ဖူလုံပိုလျှံရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးနှင့်
သားငါးမွေးမြူထုတ်လုပ်ရေးတို့တွင် သမားရိုးကျ အစဉ်အလာရိုးရာအတိုင်း စိုက်ပျိုးမွေးမြူခြင်းတို့သည်
တိုးတက်လာနေသည့် လူဦးရေ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်လာမှုများ စသည့်အခြေအနေများတွင်
စားရေရိက္ခာဖူလုံမှုကို အာမမခံနိုင်သည့်အပြင် ပြတ်လပ်သွားနိုင်သည်အထိပင် အန္တရာယ်ကျရောက်နိုင်သည်။
သို့ဖြစ်ရာ အနာဂတ်ကာလတွင် စားရေရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်မှာ ပစ္စုပ္ပန်ကာလ စိုက်ပျိုးမွေးမြူ
ထုတ်လုပ်မှုလုပ်ငန်းများတွင် ခေတ်မီဆန်းသစ်သည့် နည်းပညာများ၊ တီထွင်မှုများ အသုံးပြု၍
စိုက်ပျိုးမွေးမြူ ထုတ်လုပ်ကြရန်လိုသည်။ စိုက်ပျိုးရေးကို နိုင်ငံ၏အဓိကစီးပွားရေးအဖြစ်
ဆောင်ရွက်လျက်ရှိသည့် မိမိတို့နိုင်ငံအနေဖြင့် ဆန်းသစ်တီထွင်မှုများဖြင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို
မြှင့်တင်ကာ မိမိနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားတို့၏ အာဟာရပြည့်ဝမှုအတွက်
ပံ့ပိုးကူညီဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment