နေပြည်တော် အောက်တိုဘာ ၂၄
“မြန်မာထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြေပဒေသာကျွန်း၌ကျင်းပရာ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ထောပတ်သီးနှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ပွဲတော်ကိုစားသုံးမှု အရည်အသွေးကောင်းမွန်ခြင်း၊
အာဟာရတန်ဖိုးမြင့်မားခြင်းတို့ကြောင့် မြန်မာ့ ထောပတ်သီးကို ပြည်တွင်းစားသုံးမှု တိုးတက်လာရုံမျှမက
ပြည်ပဈေးကွက်များတွင်ပါ နေရာယူလာနိုင်သည့် အလားအလာရှိသော ပို့ကုန်သီးနှံအဖြစ် တောင်သူများ၊
စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ပြည်ပတင်ပို့သူများအကြား တိုက်ရိုက် ချိတ်ဆက်နိုင်သောလမ်းကြောင်းတစ်ခု
ဖန်တီးပေးနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ သုံးရက်ကြာ
ခင်းကျင်းပြသမည့် “မြန်မာထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆”တွင် ဆိုင်ခန်း ၇၅ ခန်း၌
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော ထောပတ်သီးများ၊ ထောပတ်သီးအခြေခံစားသောက်ကုန်များနှင့်
နည်းပညာပေးပြခန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားပြီး စိတ်ပါဝင်စားသူများအနေဖြင့်
အခမဲ့လေ့လာနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်တို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊
ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌတို့က
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment