Saturday, October 10, 2026

ယုံကြည်လျှောက်လှမ်း လှမ်းတိုင်းတင့်၍ အောင်မြင်ခဲ့ပြီ မြန်မာ-မလေးရှားခရီးစဉ်

 

ကေဇက်ဟိန်း (PPIB)

မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အကြီးအကဲဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မလေးရှားနိုင်ငံသို့ တရားဝင် (Official Visit) ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ နိုင်ငံတော်သမ္မတ တာဝန်ယူချိန်ကနေ ယနေ့ထိဆိုလျှင် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို သွားရောက်ခဲ့ပြီး ယနေ့မလေးရှားနိုင်ငံခရီးစဉ်ဟာ ပြည်ပခရီးစဉ် ကိုးနိုင်ငံမြောက်ဖြစ်ပါတယ်။ အာဆီယံဒေသတွင်းဆိုလျှင် ငါးနိုင်ငံမြောက် ပြည်ပခရီးစဉ်အဖြစ်လည်း တွေ့မြင်ရမှာဖြစ်ပါတယ်။






ခုနစ်လနီးပါးခန့် နိုင်ငံတော်သမ္မတသက်တမ်းမှာ အာရှ၊ ဥရောပ၊ အရှေ့တောင်အာရှနိုင်ငံအချို့အထိ State Visit, Official Visit ခရီးစဉ်များကို သွားရောက်ခဲ့ရင်း နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရလဒ်ကောင်းများကို ကောင်းစွာဖော်ဆောင်နိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ နိုင်ငံ့အရေးအတွက်ဆိုလျှင် ယုံကြည်စွာ မမှိတ်မသုန်လျှောက်လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းတိုင်းဟာ အောင်မြင်မှုများရရှိခဲ့တာကို ပြည်ပခရီးစဉ်များက သက်သေညွှန်းဆိုလျက်ရှိကြောင်း ကနဦးပြောပြလိုပါတယ်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံဆီသို့

 နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့မှာတော့ နိုင်ငံတော်အကြီးအကဲနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနဲ့ တာဝန်ရှိသူတွေ လိုက်ပါလာခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ စာရေးသူလည်း ခရီးစဉ်မှာ လိုက်ပါခွင့်ရခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ နေပြည်တော်လေဆိပ်ကနေ နံနက်ပိုင်းမှာ စတင်ထွက်ခွာခဲ့ပါတယ်။ အဖြူရောင်တိမ်တိုက်များနှင့် ပြာလဲ့နေသော ကောင်းကင်ထက်မှာ အထူးလေယာဉ်ဟာ တည်ငြိမ်စွာပျံသန်းလို့ နေပါပြီ။ လေယာဉ်မှန်ပြတင်းတံခါးက ငေးကြည့်မိတိုင်း တိမ်ဖွေးဖွေးတို့ကလည်း အဖြူရောင်တိမ်လိပ် ကော်ဇောတစ်ချပ် ခင်းကျင်းထားသည့်ပမာ တွေ့မြင်ရသဖြင့် စိတ်ထဲအလိုလို ကြည်နူးနေမိပါတယ်။ တိမ်တိုက်များကြား ပျံသန်းရင်းပါးလွှာတဲ့ တိမ်စိုင်များကြားက မလေးရှားနိုင်ငံ၏ နယ်နိမိတ်ပုံရိပ်များကို တစ်စတစ်စ မြင်တွေ့လာရပါပြီ။

ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာတော့ နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။ လေဆိပ်ရောက်တဲ့အချိန်မှာတော့ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ်ဂါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနဲ့ တာဝန်ရှိသူတွေဟာ ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြတာကိုလည်း တွေ့မြင်ရပါတယ်။

ကြိုဆိုနှုတ်ဆက်ရင်းမှာပဲ မလေးရှားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နိုင်ငံတော်အကြီးအကဲ လျှောက်လှမ်းရာ ကော်ဇောနီရဲ့ တစ်ဖက်တစ်ချက်စီကနေ အလေးပြုပြီး ခရီးဦးကြိုပြုခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လေဆိပ်ကတစ်ဆင့် အထူးယာဉ်တန်းနဲ့ ကွာလာလမ်ပူမြို့ရဲ့ တည်းခိုရာနေရာဆီကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။

မလေးရှားနိုင်ငံသမိုင်းအကျဉ်းနှင့် မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ

နိုင်ငံတော်အကြီးအကဲနဲ့အတူ ပြည်ပခရီးစဉ်တွေ လိုက်ပါခွင့်ရတိုင်း စာဖတ်သူများကို ခရီးစဉ်အတွေ့အကြုံတွေ မျှဝေပေးချင်တာ စာရေးသူရဲ့ စိတ်စေတနာပါ။ သွားခဲ့သမျှ ခရီးစဉ်တိုင်းမှာ မျှဝေပေးခဲ့သလို ယနေ့ မလေးရှားနိုင်ငံခရီးစဉ်မှာလည်း ခရီးသွားအတွေ့အကြုံလေးတွေကို မျှဝေပေးချင်ပါသေးတယ်။ ကနဦးအနေနဲ့ မလေးရှားနိုင်ငံရဲ့ သမိုင်းအကျဉ်းကို လေ့လာကြည့်ရအောင်ပါ။

မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ဖြင့် ပိုင်းခြားထားတဲ့ နယ်မြေနှစ်ခုရှိပါတယ်။ နယ်မြေနှစ်ခုရဲ့ ထိစပ်မှုများအနေနဲ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ ကုန်း၊ ရေ နှစ်သွယ်ထိစပ်နေပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ပင်လယ်ပြင်နယ်နိမိတ်တို့ အသီးသီးထိစပ်လျက်ရှိတာကို တွေ့ရှိရပါတယ်။ နိုင်ငံရဲ့ မြို့တော်ကတော့ ကွာလာလမ်ပူမြို့ပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ဒေသမှာ ကျောက်ခေတ်ကာလကတည်းက လူသားများ နေထိုင်ခဲ့ကြတာကို Lenggong နှင့် Niah ဂူတွေမှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းသုတေသန အထောက်အထားများက ညွှန်းဆိုထားပါတယ်။ မလေးရှားနိုင်ငံဟာ ၁၉၅၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ အာဆီယံဒေသတွင်းက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နိုင်ငံရဲ့ဖွဲ့စည်းတည်ဆောက်ပုံအရ ပြည်နယ် ၁၃ ခု၊ ပြည်ထောင်စုနယ်မြေသုံးခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးအပိုင်းမှာတော့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုပြီး အုပ်ချုပ်ရေးအဆင့်သုံးဆင့်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပါတယ်။ စာရေးသူတို့ နိုင်ငံဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခု၊ ပြည်ထောင်စုနယ်မြေတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းခြောက်ခုနဲ့ ဖွဲ့စည်းထားတာမို့ အုပ်ချုပ်ရေးအပိုင်းမှာ တူညီမှုတွေကိုလည်း တွေ့ရှိရပြန်ပါတယ်။

ဥပဒေပြုရေးကဏ္ဍမှာတော့ အောက်လွှတ်တော်၊ အထက်လွှတ်တော်ပါဝင်တဲ့ ပါလီမန်ကဆောင်ရွက်ပါတယ်။ တရားစီရင်ရေးမှာတော့ ပြည်ထောင်စုတရားရုံးဟာ အမြင့်ဆုံးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များအတွက် ပြည်နယ်အဆင့် ရှရီယာတရားရုံးများရှိကြောင်းလည်း လေ့လာသိရှိခဲ့ရပါတယ်။ ဒါကတော့ ပထဝီအနေအထား၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများကို သိစေချင်တာမို့ အကျဉ်းချုံးလေး မျှဝေပေးတာဖြစ်ပါတယ်။ မြန်မာ-မလေးရှားနှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းကို အကျဉ်းမျှ ဆက်လေ့လာကြရအောင်ပါ။

နှစ်နိုင်ငံဆက်ဆံရေးဟာ ကိုလိုနီခေတ်မတိုင်မီကတည်းက မြန်မာနဲ့ မလေးကျွန်းဆွယ်တို့ကြားမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အခြေခံခဲ့ကြောင်း သမိုင်းများကဖော်ညွှန်းပါတယ်။ ကျွန်းသစ်၊ ဟင်းခတ်အမွှေးအကြိုင်၊ ဒေသထွက်ကုန်များ အပြန်အလှန် ကူးသန်းရောင်းဝယ်ခဲ့ပါတယ်။ ရှေးကုန်သွယ်မှုတွေ၊ ရေကြောင်းသွားလာမှုတွေကတစ်ဆင့် ကုန်စည်စီးဆင်းမှု၊ ယဉ်ကျေးမှုစတဲ့ ဆက်စပ်မှုများကတစ်ဆင့် နှစ်နိုင်ငံအတွက် ခေတ်သစ်ဆက်ဆံရေးသမိုင်းကို အခြေခံခဲ့တယ်လို့ ကနဦးဆိုရမှာပါပဲ။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိုတော့ ၁၉၅၈ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ စာရေးသူတို့နိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မြန်မာ-မလေးရှားဆက်ဆံရေးဟာ ကောင်းမွန်ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကြုံတွေ့လာသမျှ အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ကျော်လွှားရင်း နှစ်နိုင်ငံဆက်ဆံရေး အဓွန့်ရှည်တည်တံ့ရေးကို မိတ်ဝတ်မပျက်တည်ဆောက်နိုင်ခဲ့တာ အတိတ်သမိုင်းက‌နေ မျက်မှောက်သမိုင်း၊ ဒီကတစ်ဆင့် ယနေ့နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်အထိပါပဲ။ အပြန်အလှန် ခရီးစဉ်သမိုင်းတွေကို ဆက်လေ့လာကြရအောင်ဗျာ။

နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်များအရဆိုရင်တော့ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ၁၉၆၈ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရကာလ၊ ၁၉၉၆ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရကာလ၊ ၂၀၀၄ ခုနှစ် နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခရီးစဉ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ နှစ်ကြိမ်၊ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် နိုင်ငံတော်သမ္မတ ခရီးစဉ်ဆိုပြီး ခုနစ်ကြိမ်မြောက်သွားလာခဲ့တာကို တွေ့ရှိရပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ကတော့ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးစတဲ့ ခရီးစဉ်ပေါင်း ရှစ်ခုကို တွေ့ရှိရပါတယ်။ ဒီအထဲမှာမှ လက်ရှိ နိုင်ငံတော်အကြီးအကဲအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်မှာ သုံးကြိမ်သွားရောက်ခဲ့ပါတယ်။ ယနေ့ နိုင်ငံတော်သမ္မတတာဝန်ယူစဉ် တစ်ကြိမ်နဲ့ဆိုလျှင် နိုင်ငံတော်အကြီးအကဲရဲ့ လေးကြိမ်မြောက် မလေးရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနိုင်ခြင်းလို့ ဆိုရမှာပဲဖြစ်ပါတယ်။

တပ်မတော်နှစ်ရပ်ကြားမှာလည်း အာဆီယံမူဘောင်အောက်တစ်ခုမှာ ကျင်းပပြုလုပ်ကြတဲ့ စစ်ရေးဆိုင်ရာ လေ့ကျင့်ရေးတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများရှိပါတယ်။ ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား အခြားသောဆက်ဆံရေးကောင်းများကိုလည်း တည်ဆောက်ထားလျက်ရှိပါတယ်။ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကိုးခု လက်မှတ်ရေးထိုးထားမှုတွေလည်းရှိပါတယ်။

ဒီကဏ္ဍတွေကတော့ လေကြောင်းပျံသန်းမှုဆိုင်ရာ သဘောတူညီချက်၊ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်၊ စီးပွားရေးသိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုအာမခံချက် သဘောတူညီချက်၊ အခွန်နှစ်ထပ်ကောက်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် ဝင်ငွေအပေါ် အခွန်ကောက်ခံရာတွင် အခွန်ရှောင်တိမ်းမှုကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် ဥပဒေအကူအညီပေးရေးစာချုပ်၊ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ အာဆီယံနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်အစီအစဉ်၊ မလေးရှားနှင့်မြန်မာ စီးပွားကုန်သည်ကြီးများအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ပဲဖြစ်ပါတယ်။ ကဲခရီးစဉ်အကြောင်းလေး ဆက်ကြရအောင်ဗျာ။

ကွာလာလမ်ပူမြို့၏ မြင်ကွင်းများ

နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အထူးယာဉ်တန်းနဲ့ ကွာလာလမ်ပူမြို့ဆီသို့ ဦးတည်ခဲ့ပါတယ်။ ခရီးဆက်ခဲ့ရာလမ်းတစ်လျှောက် ကွာလာလမ်ပူမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုများကို တွေ့မြင်ခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ဆောက်လုပ်ထားတဲ့ မိုးမျှော်လမ်းများကိုလည်း တွေ့မြင်ခဲ့ရပြန်ပါတယ်။

လမ်းဘေးဘယ်ညာတစ်လျှောက် ကျယ်ပြောတဲ့ လွင်ပြင်ကြီးများကို တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အထူးယာဉ်တန်းနဲ့ ခရီးဆက်ခဲ့ရင်း မှိုင်းပြာပြာ မြင်ကွင်းများကြားက အထပ်မြင့်မိုးမျှော်အဆောက်အအုံကြီးများကို အဝေးကမြင်တွေ့နေရပါပြီ။ ကွာလာလမ်ပူမြို့ပြဧရိယာထဲ ရောက်လုနီးပြီဆိုတာကို စာရေးသူသတိပြုမိပါတယ်။ မကြာမီ နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ ကွာလာလမ်ပူမြို့ပြဧရိယာထဲကို ရောက်ရှိခဲ့ပါပြီ။

မြို့ပြဧရိယာထဲကို ရောက်ရှိတာနဲ့ မိုးမျှော်လမ်းတွေ၊ မိုးမျှော်တံတားတွေနဲ့ မြို့ပြရဲ့ လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေရေးအတွက် စနစ်တကျ ခေတ်မီစွာတည်ဆောက်ထားတာကို တွေ့မြင်ရပါတယ်။ ခရီးဆက်ရာ လမ်းဘေးဘယ်ညာ တစ်လျှောက်မှာတော့ မြင့်မားတဲ့မိုးမျှော်အထပ်မြင့် အဆောက်အအုံကြီးများကိုလည်း များပြားစွာတွေ့မြင်ရပါတယ်။ ကွာလာလမ်ပူမြို့ရဲ့ ခေတ်မီမှု၊ စနစ်ကျနမှုများကို စာရေးသူ ငြိမ်သက်စွာ ငေးမောလေ့လာနေမိပါသေးတယ်။ သည်လိုနဲ့ နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တည်းခိုရာနေရာကိုရောက်ရှိ ခဲ့ပါတယ်။

“Jalan U – Thant”

ခရီးစဉ်ရဲ့ ပထမနေ့မှာပဲ စာရေးသူတွေ့ခဲ့တဲ့ မြင်ကွင်းလေးတစ်ခုကို ဆက်လက် မျှဝေပေးချင်ပါသေးတယ်။ ဒါကတော့ မြန်မာသံရုံးသွားတဲ့ ခရီးလေးတစ်ခုမှာပါ။ အဲဒီမှာ လမ်းနာမည်တစ်ခုကို တွေ့လိုက်ရပါတယ်။ “Jalan U-Thant” ဆိုတာပဲဖြစ်ပါတယ်။ အဲဒါနဲ့ စိတ်ဝင်စားလို့ လေ့လာကြည့်လိုက်တော့ ကုလသမဂ္ဂရဲ့ သုံးဦးမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ မိမိတို့မြန်မာနိုင်ငံသား ဦးသန့်ကို ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာလည်းဖြစ်ပါတယ်။ မလေးရှားဘာသာစကားမှာ Jalan ဆိုတာ “လမ်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဦးသန့်လမ်းဟာ သံရုံးအများစုအခြေစိုက်တဲ့ ကွာလာလမ်ပူမြို့ Ampang Hilir အရပ် ဦးသန့်ဥယျာဉ်ရပ်ကွက် “Taman U-Thant” အတွင်းမှာရှိပြီးတော့ ဦးသန့်လမ်းဟာ သမိုင်းဝင်တဲ့နေရာတစ်ခုအဖြစ် ယနေ့ထက်တိုင် ခေါ်ဝေါ်သုံးစွဲပြီး ရှိနေတာကိုလည်း စာရေးသူတွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံတကာသံရုံးတွေ၊ သံအမတ်ကြီးတွေရဲ့ နေအိမ်များတည်ရှိတဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ရပ်ကွက်တစ်ခုအဖြစ် တွေ့မြင်ရပါတယ်။ သစ်ပင်ကြီးတွေ အုံ့ဆိုင်းပြီး သီးသန့်ဆန်တဲ့ အဆင့်မြင့်အဆောက်အအုံများ တည်ရှိရာနေရာလည်းဖြစ်ပါတယ်။ မိုးလေးတဖွဲဖွဲရွာနေရင်း ဖြတ်သန်းခဲ့ရတဲ့ ဦးသန့်လမ်းရှိရာ ရပ်ကွက်လေးဟာ ဆိတ်ငြိမ်ပြီး အေးချမ်းမှုအပြည့်အဝနဲ့ ထုံမွမ်းထားပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ ၎င်း၏သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များအပြင် ကမ္ဘာ့အကျိုးစီးပွားအတွက် တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုများမှလည်း ပေါ်ထွန်းလာကြောင်း ဦးသန့်ရဲ့ ဘဝဖြတ်သန်းမှုက သက်သေပြလျက်ရှိပါတယ်။ မြန်မာနိုင်ငံသား ဦးသန့် သို့တည်းမဟုတ် အာရှသားတစ်ဦးအဖြစ် ကမ္ဘာ့သံတမန်ရေးရာရဲ့ အရေးကြီးနေရာတစ်ခုမှာ တာဝန်ထမ်းဆောင် ရပ်တည်နိုင်ခဲ့တဲ့ ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မလေးရှားအစိုးရက ဂုဏ်ပြုပြီး တရားဝင် မှည့်ခေါ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အခြားသော နိုင်ငံအချို့မှာလည်း ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ နေရာတွေရှိနေသေးကြောင်း စာရေးသူလေ့လာသိရှိခဲ့ရပါတယ်။ ဒီလိုအမှတ်တရနေရာများဟာ သမိုင်းအဆက်ဆက်မှာ မြန်မာနိုင်ငံအတွက်သာမက အာရှတစ်ခွင်လုံးအတွက်ပါ ဂုဏ်ယူဖွယ်သမိုင်းဝင် အမှတ်အသားအဖြစ် ကမ္ပည်းသဖွယ်တည်ရှိနေဦးမှာလည်းဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ နှစ်ရက်တာခရီးစဉ်ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လေ့လာကြရအောင်ပါ။

နိုင်ငံတော်အကြီးအကဲ၏ တွေ့ဆုံပွဲများနှင့် ကဏ္ဍစုံ ဆွေးနွေးချက်များမှ မြင်ကွင်းများ

နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို တက်ရောက်ခြင်း၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင်အီဘရာဟင်နှင့်တွေ့ဆုံခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue)သို့ တက်ရောက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

တွေ့ဆုံမှုအသီးသီးရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံမှုကို အရှိန်အဟုန်မြှင့်ရင်း ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း လမ်းခင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်မှု လုပ်ငန်းစဉ်တွေကို ချပြခွင့်ရခဲ့တယ်။ ထူးခြားတာက မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားမှုတွေ ကျူးလွန်ရာနေရာများဟာ တိုင်းရင်းသားလက်နက်ကိုင်များ နေရာဆိုပြီး တစ်ပါတည်းချပြနိုင်ခဲ့ပါသေးတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ပိုင်ဆိုင်ထားတဲ့ အချိန်အခါကောင်းမှာ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်၊ နိုင်ငံရဲ့ပကတိအမှန်တရားတွေကို ချပြနိုင်ခဲ့တဲ့ စွမ်းရည်ကောင်းတစ်ခုပမာ မြင်တွေ့ရတာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဆန့်ကျင်ဘက်နေရာစုံက တစ်ဖက်သတ်မြင်နေရတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအမှားတွေနေရာမှာလည်း မြန်မာနိုင်ငံရဲ့ ပကတိတရားဥပဒေ စိုးမိုးမှုနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအပေါ် ကာကွယ်ပေးနိုင်မှုတွေကိုလည်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ မျက်မြင်လာကြည့်ပြီး ပကတိအမြင်နဲ့ ပူးပေါင်းနိုင်မှုကို လက်တွေ့ကျကျဆောင်ရွက်ဖို့ လမ်းဖွင့်ပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာနိုင်ငံသားများ၊ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများကိုလည်း နှစ်နိုင်ငံအကြား ဆက်ဆံမှုအပါအဝင် ဘက်ပေါင်းစုံက ထောက်ရှုပြီး အကာအကွယ်ပေးဖို့ တိတိပပပြောကြားနိုင်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ အထူးခြားဆုံးကတော့ ယခုလို မလေးရှားနိုင်ငံရဲ့ ဖိတ်ကြားချက်အပေါ် လက်တွေ့ကျတဲ့ (Official Visit)နဲ့ သက်သေပြနိုင်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကို သူတို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာရှိကြောင်း ထပ်ကာထပ်ကာပြောဆိုခဲ့ခြင်းဟာ မလေးရှားနိုင်ငံရဲ့ မိမိတို့နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးအပေါ် ထားရှိတဲ့သဘောထားကို တစ်နည်းတစ်ဖုံ ဖော်ညွှန်းနေတာလည်းဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ နှစ်ရက်တာ မလေးရှားနိုင်ငံခရီးစဉ်ဟာ အခြားသောခရီးစဉ်များနည်းတူ အောင်မြင်ခဲ့တဲ့ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဆိုရလျှင် အာဆီယံဒေသတွင်း ထက်ဝက်ခန့်မှာ အောင်လံစိုက်ထူနိုင်ခဲ့ခြင်းအဖြစ်လည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှသည် မြန်မာနိုင်ငံဆီသို့

နှစ်ရက်တာခရီးစဉ်ဟာ ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ ကြည်လင်ရှင်းသန့်တဲ့ ကွာလာလမ်ပူမြို့ရဲ့ ရာသီသဘာဝကလည်း ခရီးစဉ်အောင်မြင်မှုကို ပံ့ပိုးဖော်ညွှန်းထားသလိုပါပဲ။ ခင်းကျင်းထားသည့် ကော်ဇောနီလျှောက်လမ်းထက်မှာ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တည်ငြိမ်စွာ လျှောက်လှမ်းရင်း အထူးလေယာဉ်ဆီသို့ ဦးတည်လို့နေပါပြီ။ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲကို နှုတ်ဆက်ဂုဏ်ပြုကြသလို နိုင်ငံတော်အကြီးအကဲကလည်း ရင်းနှီးနွေးထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။ အပြုံးကိုယ်စီက ခရီးစဉ်ကို သက်သေတည်လျက်ရှိပါတယ်။

မလေးရှားဂုဏ်ပြုတပ်ဖွဲ့က အလေးပြုနှုတ်ဆက်လို့ နေပါသေးတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ တည်ငြိမ်သောလျှောက်လှမ်းမှု၊ မျက်နှာပြင်ပေါ်က အပြုံးများဟာ ယုံကြည်မှု၊ အောင်မြင်မှုနဲ့ နိုင်ငံ့အကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်မှုတို့အပေါ် ဂုဏ်ယူလျက်ရှိနေမယ်ဆိုတာကိုလည်း စာရေးသူ အမှတ်မထင် ခံစားမိခဲ့ပါသေးတယ်။ ဒီလိုနဲ့ အထူးလေယာဉ်ဟာ ကွာလာလမ်ပူမြို့ကို နှုတ်ဆက်ရင်း အမိမြန်မာပြည်သို့ ဦးတည်ပျံသန်းခဲ့ပါပြီ။

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းမှာတော့ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတော့တယ်။ နေပြည်တော်လေဆိပ်မှာလည်း ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနဲ့ သံရုံးမှတာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။

မည်သို့သောအခြေအနေ၊ အချိုးအကွေ့များ ကြုံတွေ့ရပါစေ နှစ်နိုင်ငံဟာ မိမိနိုင်ငံဖွဲ့စည်းပုံဥပဒေကိုယ်စီ၊ မိမိအချုပ်အခြာအာဏာကိုယ်စီနဲ့ နိုင်ငံအတွင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုယ်စီ၊ နိုင်ငံခြားရေးမူဝါဒကိုယ်စီကို မဏ္ဍိုင်ပြုရင်း နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းကျောင်းလျှောက်လှမ်းနေသလို အာဆီယံမျက်နှာစာထိတိုင် ပူးပေါင်းလျှောက်လှမ်းနေကြရဦးမှာပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုပါစေ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ စုစည်းကျစ်လျစ်တဲ့ အင်အားစုတစ်ရပ်ဟာ ပြည်သူလူထုနဲ့လက်တွဲပြီး နိုင်ငံ့အကျိုးအတွက် အရှိန်အဟုန်နဲ့ ကြိုးပမ်းနေဦးမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက်ဆိုလျှင် လျှောက်ရမည့်လမ်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက်လျှောက်လှမ်းနေဦးမှာပါ။ ဖိတ်ခေါ်ခဲ့တဲ့ ပြည်ပခရီးစဉ်တိုင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသားတွေအတွက် ကောင်းကျိုးများစွာကို စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း “ယုံကြည်လျှောက်လှမ်း လှမ်းတိုင်းတင့်၍ အောင်မြင်ခဲ့ပြီ မြန်မာ-မလေးရှားခရီးစဉ်”ဆိုတဲ့ စာလွှာမှတစ်ဆင့် ကမ္ပည်းတင်လို့ ခြယ်မှုန်းလိုက်ရပါတယ်ဗျာ။ ။

No comments:

Post a Comment