၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နောက်ထပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် LDU နှင့် NMSP တို့ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြရာ NCAတွင် ပါဝင်လက်မှတ်ရေးထိုးသည့် အဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာသည်။ NCAသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ၁၈ လကြာ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ရသည့် ရလဒ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် NCA စာချုပ်ကို အတည်ပြုခဲ့ပြီး မပျက်မပြယ်နိုင်သောစာချုပ်၊ မြန်မာ့သမိုင်းတွင် အထင်ကရဖြစ်သော စာချုပ်ပင်ဖြစ်သည်။ NCA ၏ အနှစ်သာရသည် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် တရားမျှတမှုတို့ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရန် ဖြစ်သည်။
NCA စာချုပ် ၁၁ နှစ် ပြည့်မြောက်ပြီဖြစ်သည့် ယခုကာလသည် နိုင်ငံတော်တွင် တတိယဒီမိုကရေစီအစိုးရတာဝန်ယူဆောင်ရွက်နေသည့် သက်တမ်းကာလဖြစ်သည်။ ယနေ့နိုင်ငံတော်၏ ပကတိလိုအပ်ချက်သည် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးဖြစ်သည်နှင့်အညီ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားစေရေးအတွက် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးကို ထာဝစဉ်ဖွင့်လှစ်ထားကာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းလျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများက နိုင်ငံနှင့်တကွ နိုင်ငံသူနိုင်ငံသားများကိုပါ နိမ့်ကျသည်ထက် နိမ့်ကျသွားစေမည်ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းနေခြင်းဟာ မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ပါဘူး။ ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ပြီး ရည်မှန်းချက်နဲ့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခကို လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဆောင်ရွက်ရပါမယ်။” ဟူ၍ NCA (၁ဝ)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ(NSPCC)သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်ကာ ကြိုတင်ကန့်သတ်ချက်များ မထားသော ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ လက်ရှိအစိုးရ၏ ပထမ ၆ လတာသက်တမ်းအတွင်း NSPNC နှင့် EAO များ၏ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှာ အပြုသဘောဆောင်သည့်ရလဒ်များ၊ အပြန်အလှန် လေးစားယုံကြည်မှုများနှင့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို လက်တွေ့ဖော်ဆောင်နေခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသလို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း ရေခံမြေခံကောင်းများ တည်ရှိနေသည်။ နိုင်ငံ၏တည်နေရာအနေ အထားအရလည်း အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည့် အလားအလာများ ဖြစ်ထွန်းလျက်ရှိရာ အဓိကလိုအပ်ချက်မှာ နိုင်ငံတည်ငြိမ် အေးချမ်းသာယာမှုပင်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေကြသည့် တိုင်းရင်းသား၊ နိုင်ငံသားပြည်သူအားလုံး လိုလားတောင့်တကြသည့် ဆန္ဒမှာလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးပင်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများကိုရွံရှာမုန်းတီးနေကြပြီဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည့် လက်နက်ကိုင်လမ်းစဉ်များသည် ပြည်တွင်းရှိဒေသအသီးသီး၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံကိုနိမ့်ကျ၊ နောက်ကျစေသည်သာဖြစ်ရာ ရာစုနှစ်ချီသည်အထိ သက်ဆိုးဆက်လက်မရှည်စေလို။ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဝေးကွာနေရသည့် ပြည်သူကို စာနာသောအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ပြည်ဖုံးကားချကာ အေးချမ်းသာယာမှုကို ဝိုင်းဝန်းတည်ဆောက်ပေးနိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment