သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန်အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက်စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသားကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်ကလေး)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မင်္ဂလာဒီပနှင့် အခြေခံပညာအလယ်တန်းကျောင်း(ပုဇွန်ဆိပ်)တို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ရောက်ရှိကြပြီး တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့်မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင် ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။
ထို့နောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသားကျောင်းသူ များနှင့် ဆရာဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
သတင်းစဉ်

No comments:
Post a Comment