လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ပညာရေးသည် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဆရာ၊ ဆရာမများက ပညာရေးစနစ်အောင်မြင်စေရန် မောင်းနှင်ပေးကြသည့် အင်ဂျင်များပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူသားအရင်းအမြစ် မြှင့်တင်ရန်အတွက်သာမက လူတစ်ဦးချင်းစီ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ပါ ဆရာ၊ ဆရာမများက ပညာရေးကဏ္ဍမှ စွမ်းဆောင်ပေးကြသူများဖြစ်သည်။
၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၊ ပြင်သစ်နိုင်ငံ
ပါရီမြို့၌ ကျင်းပခဲ့သော အထူးအစိုးရချင်းဆိုင်ရာ ညီလာခံကြီးတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်
ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) တို့ ပူးပေါင်းပြီး
ဆရာ၊ ဆရာမများ၏ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများနှင့် အလုပ်အကိုင်ဆိုင်ရာ စံနှုန်းများကိုသတ်မှတ်ပေးသည့်
‘ဆရာ၊ ဆရာမများ၏ အဆင့်အတန်းနှင့် ပတ်သက်သည့် ထောက်ခံချက်’ (Recommen-dation
Concerning the Status of Teachers) ကို သမိုင်း၀င်မှတ်တမ်းအဖြစ် တရားဝင်လက်မှတ်ရေးထိုး
အတည်ပြုနိုင်ခဲ့သည်။
အဆိုပါ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ပြုရန်
၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ယူနက်စကိုက “ကမ္ဘာ့ဆရာများနေ့” အဖြစ် တရားဝင်သတ်မှတ်ကာ
ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပခြင်းသည် ကမ္ဘာ့လူသားများ၏
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကို လေးစားတန်ဖိုးထားရန်၊
ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသည့် ဆရာ၊ ဆရာမ မလုံလောက်မှုပြဿနာများနှင့် လုပ်ငန်းခွင်အခြေအနေများကို
ဆွေးနွေးအဖြေရှာရန်ဟူသည့် ရည်ရွယ်ချက် များဖြင့် နှစ်စဉ်ဆောင်ပုဒ်များချမှတ်၍ ကမ္ဘာ့နိုင်ငံပေါင်း
၁၀၀ ကျော် တို့တွင် ကျင်းပလျက်ရှိကြသည်။
ယခုနှစ် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့
(World Teachers' Day) ၏ ဆောင်ပုဒ်မှာ ''Standing with teachers'' 60 years of
protecting the profession, advancing its status and shaping our Futures -“ဆရာများနှင့်အတူ
ရပ်တည်ကြပါစို့” နှစ် ၆၀ ပြည့် အထိမ်းအမှတ်၊ ဆရာအတတ်ပညာ စောင့်ရှောက်ကာကွယ်ပါ။ အနာဂတ်ကိုပုံဖော်ရေး
ဆရာ့ဂုဏ်သိက္ခာမြှင့်တင်ပေးဟူ၍ ဖြစ်သည်။ ယခုနှစ်သည် ၁၉၆၆ ခုနှစ်က ယူနက်စကိုနှင့် အိုင်အယ်လ်အိုတို့၏
ဆရာ၊ ဆရာမများဆိုင်ရာ အကြံပြုချက် နှစ် ၆၀ ပြည့်သည့် နှစ်ဖြစ်ပြီး ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာကိုမြှင့်တင်ရန်၊
လုပ်ငန်းခွင်အခြေအနေများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို
ဝိုင်းဝန်းဖြေရှင်းရန် ရည်ရွယ်ပြီး ILO၊ UNESCO၊ UNICEF နှင့် Education
International (EI) တို့ ပူးပေါင်း၍ ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာများအတွက် ရပ်တည်ပေးရန်
တိုက်တွန်းထားသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် ဆရာ ဆရာမများကို
အထူးလေးစားတန်ဖိုးထားသည့် အစဉ်အလာရှိသော လူ့အဖွဲ့အစည်းဖြစ်သည်။ ဆရာ၊ ဆရာမများကလည်း
ဆရာ့ကျင့်ဝတ် (၅) ပါးဖြစ်သည့် စာပေပညာများ တတ်မြောက်အောင် သင်ကြားပေးခြင်း၊ လိမ္မာရေးခြားစာရိတ္တကောင်းမွန်ရန်
ဆုံးမပဲ့ပြင်ခြင်း၊ သိစရာ တတ်စရာမှန်သမျှ ဝန်တိုခြင်းမရှိ ကုန်စင်အောင်သင်ကြားပေးခြင်း၊
တပည့်များဘေးအန္တရာယ်မကျရောက်စေရန် ကာကွယ်စောင့်ရှောက်ခြင်း၊ သင့်လျော်ရာလုပ်ငန်း၊
ဆရာသမားတို့ထံ လမ်းညွှန်အပ်နှံပေးခြင်းတို့ကို ပြည့်စုံစေရန် ဖြည့်ကျင့်ကြရသည်။ တပည့်များကလည်း
“ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေး အံရွတ်” ဟူသော တပည့်ဝတ်
(၅)ပါးနှင့်အညီ ဆရာ၊ ဆရာမတို့အပေါ် အလုပ်အကျွေးပြုရန် ကျင့်ဝတ်များရှိသည်။
သို့ရာတွင် လက်ရှိ မိမိတို့နိုင်ငံတွင်
ဖြစ်ပေါ်နေသည့် နိုင်ငံရေးအယူမှားများနှင့် လက်နက်ကိုင်အကြမ်းဖက်အဖျက်လုပ်ရပ်များ အကြားတွင်
ပညာသင်ကြားမှုနှင့် ဆရာ၊ ဆရာမတို့၏ ဂုဏ်သိက္ခာအပေါ် အသိအမှတ်ပြုမှုအခြေအနေ၊ လုံခြုံမှုအခြေအနေတို့မှာ
ဒေသအချို့တွင် ဆိုးရွားသည့် အခြေအနေမျိုး၌ ရှိနေသည်။ တစ်ဖက်တွင်လည်း မိမိတို့နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ် သော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရန်နှင့်
နိမ့်ကျလျက်ရှိသော အမျိုးသားပညာရေးကို မဖြစ်မနေ မြှင့်တင်ပေးရန်တို့အတွက် ဆရာ၊ ဆရာမများ၏
ကဏ္ဍမှာ လွန်စွာအရေးပါလျက်ရှိသည်။
ကမ္ဘာတစ်ဝန်းလုံးတွင်ရှိနေကြသော ဆရာ ဆရာမများ၏
အခန်းကဏ္ဍနှင့်ပတ်သက်၍ အသိအမှတ်ပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၆၀ ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်
မျက်မှောက်အခါသမယတွင် ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင်နှင့် ဆရာအတတ်ပညာတို့အပေါ် ကာကွယ်စောင့်ရှောက်မှုပြုရန်၊
ဆရာ၊ ဆရာမတို့၏ ရပိုင်ခွင့်များနှင့် လူမှုပတ်ဝန်းကျင်တွင် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ကို
ပိုမိုမြှင့်တင် ကာကွယ်ရန်တို့အတွက် လူ့အသိုင်းအဝိုင်းတစ်ရပ်လုံးက ဆရာများနှင့်အတူ
ရပ်တည်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment