Monday, October 5, 2026

ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးက လက်တွဲညီညီ ပါဝင်ဆောင်ရွက် သွားကြရမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

( ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် )

ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျာ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာ များနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သပါသည်။ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည့်ခမ်းနားထည်ဝါမြင့်မြတ်လှသော ဂုဏ်အင်အနန္တတို့ကို မော်ကွန်းတင် ချီးမြှောက်သည့် ကျက်သရေမင်္ဂလာနှင့် ဝေဖြာထူးမြတ်လှသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာအနှံ့ ကျင်းပခဲ့ပြီး ဆရာတို့၏ကောင်းမြတ်သောဂုဏ်သတင်းကို ချီးမွမ်းထောမနာပြုခဲ့ကြ သည်မှာ ၃၃ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၂၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ဆရာ ဆရာမများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို အစဉ်ပြုစုပျိုးထောင်ပေးနေကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ နိုင်ငံနှင့်လူမျိုးအကျိုးကို ပညာဖြင့် ခေတ်အဆက်ဆက် သယ်ပိုးထမ်းရွက်ခဲ့ကြသည့် ဆရာ ဆရာမများ၏ စွမ်းရည် စွမ်းပကားကို လေးစားဂုဏ်ပြုအပ်ပါသည်။

မြတ်ဆရာဟူသည် လူအများကို ဉာဏ်ပညာအလင်း ဆောင်ကြဉ်းပေးပြီး လောဘကင်းအောင် လမ်းပြနိုင်သူ၊ ဒေါသကိုဖြေဖျောက်နိုင်ပြီး သည်းခံခွင့်လွှတ်တတ်အောင် လေ့ကျင့်သင်ကြားပေးသူ၊ မောဟ အမိုက်အမှောင်ကိုဖယ်ရှား၍ လမ်းမှန်ရောက်အောင် တည့်မတ်ထိန်းကျောင်းပေးနိုင် သူဖြစ်ပါသည်။ “ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု”ဟူသည့် နာယကဂုဏ်(၆) ပါးနှင့် ပြည့်စုံပြီး “အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသည့် ကျင့်ဝတ်ငါးဖြာနှင့်အညီ အာစရိယဂိုဏ်းဝင်ကျေးဇူးရှင်များ ဖြစ်ပါသည်။ ထို့ပြင် ကြားမြင်သုတရှိခြင်း၊ အတတ်ပညာပြည့်ဝခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတတ်ခြင်းစသည့် ဂုဏ်အရည်အချင်းတို့နှင့်လည်း ပြည့်စုံသူ များဖြစ်ကြပါသည်။

ဆရာတို့၏မွန်မြတ်သောဂုဏ်ကို မဃဒေဝလင်္ကာတွင် “ရှေးရှု မေတ္တာ ကရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့ဟု ချီးကျူးဖွဲ့ဆိုထားပါသည်။ မြန်မာ့ယဉ်ကျေးမှု၏ ဂုဏ်ဒြပ်တစ်ခုအဖြစ် အနန္တောအနန္တဂိုဏ်းဝင် အာစရိယဆရာသခင်ကျေးဇူးရှင်တို့ကို ဂါရဝတရား၊ နိဝါတတရား ဦးထိပ်ထား၍ ရှေးပဝေသဏီကပင် ရိုးရာ အစဉ်အလာဖြင့် လေးစားရိုသေပူဇော်ကန်တော့ခဲ့ကြသည်မှာ နှစ်ပေါင်းရှည်ကြာ ခိုင်မြဲခဲ့ပြီ ဖြစ်ပါသည်။

ဆရာဟူသော ဝေါဟာရသည် “ဆာယာ” ဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာပြီး “လုံခြုံအေးမြခြင်းကို ပေးစွမ်းသည့်အရိပ်”ဟု အဓိပ္ပာယ်ရပါသည်။ မြန်မာအဘိဓာန်တွင်လည်း “ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသသူ”ဟု ဖွင့်ဆိုထားပါသည်။ လောကီ၊ လောကုတ်အကျိုး တိုးပွားစေသည့် ပညာရပ်အထွေထွေကို ဆရာများထံမှသာ နည်းနာခံယူဆည်းပူး ကြရသည်ဖြစ်ရာ ဤလောက မြေမဟီတွင် ဆရာနှင့်ကင်းသောသူ၊ ဆရာမရှိသောသူဟူ၍ မရှိနိုင်ပါ။

ဆရာများသည် “စာကိုလည်းသင်၊ လူလည်းပြင်” ဆိုသည့်အတိုင်း မိမိတို့၏တပည့်များကို ရင်ဝယ်ဖြစ်ငြား မွေးသည့် သားသမီးရင်းချာကဲ့သို့ ကျောသား၊ ရင်သားမခွဲခြားဘဲ စာပေထူးချွန်ရုံ သာမက အသိပညာ၊ အတတ်ပညာပြည့်ဝအောင် သင်ကြားပေးကြရပါသည်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဟူသည့် မြန်မာ့စိတ်ထားကို စိတ်သန္တာန်တွင် စိမ့်ဝင်ကိန်း အောင်းစေရန်ကိုလည်း သွန်သင်ဆုံးမ ပေးကြပါသည်။ တပည့်များ၏အနာဂတ်ဘဝ တိုးတက်မြင့် မားပြီး တန်ဖိုးမြင့်လူသားကောင်းများအဖြစ် လူမှုအသိုက်အဝန်းကို အကျိုးပြု နိုင်ရေး လမ်းညွှန်ပြသပေးကြရပါသည်။ နိုင်ငံ့မျိုးဆက်သစ်များကို ထူးချွန်ထက်မြက်သည့် လူကောင်း လူတော်ဖြစ်လာစေရန်၊ အတ္တပရမျှတ၍ လူမှုရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရပါသည်။ ထို့ကြောင့် ဆရာများသည် “ပညာရေး၏ နှလုံးသား၊ အနာဂတ်၏ ပဲ့ကိုင်ရှင်၊ နိုင်ငံ၏ အဓိကမဏ္ဍိုင်”ပင်ဖြစ်ပါသည်။

စာသင်ခန်းများသည် နိုင်ငံ၏အနာဂတ်ကို ထုဆစ်ပုံဖော်ရာနေရာ များဖြစ်ပြီး ဆရာများသည် နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများကို လေ့ကျင့် မွေးထုတ်ပေးသည့် ရှေ့ဆောင်လမ်းပြများဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်နေသဘောထားကောင်းမွန်မှန်ကန်ပြီး ဆရာကျင့်ဝတ်နှင့် ပြည့်စုံသည့် ဆရာကောင်း၊ ဆရာမွန်များစွာလိုအပ်ပါသည်။

နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်တွင် သိပ္ပံနှင့်နည်းပညာ ပြိုင်ဆိုင်မှုအားကောင်းလာသည့် ယနေ့ကမ္ဘာ့အခင်းအကျင်းနှင့် လိုက်လျောညီထွေပါဝင်နိုင်ရန်၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခု ဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို တန်းတူညီမျှမြှင့်တင်ပေးလျက် ရှိပါသည်။ ပညာရေးကို မြှင့်တင်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းသာယာဝပြောရေးအတွက် ခိုင်မာစွာ အုတ်မြစ်ချခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဆရာများ၏အသံကို အလေးထားပြီး ဆရာများ၏ လူမှုဘဝ အဆင်ပြေ ကောင်းမွန်စေ‌ရေးနှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မား စေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးသဖြင့် ဒီဂျစ်တယ်စွမ်းရည်များ၊ သုတေသနအခြေပြု သင်ကြားနည်းများ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားရေးအတွက် အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေး လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဘဏ္ဍာငွေကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာနှင့် သုတေသနစသည့် ကဏ္ဍစုံဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေ‌ရေး အတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး ဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံအတွင်း အကြားအလပ်မရှိ အပြည့်အဝရရှိခံစားနိုင်ရန် အခြေခံ ပညာကဏ္ဍတွင် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက်ရှိပါ သည်။ ကျောင်းသားလူငယ်များကို တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဟု ယုံကြည်ခံယူထားပြီး အခြေခံပညာ ကျောင်းများကို Smart School များဖြစ်စေရေး၊ တက္ကသိုလ်ကောလိပ်များကို နိုင်ငံတကာစံချိန်စံ ညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝသည့် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေး အားပေးမြှင့်တင်သွားမည် ဖြစ်ပါသည်။

ဆရာများအား လစာအပြင် ပညာအရည်အချင်းအလိုက် ခံစားခွင့်များ ထပ်ဆောင်းချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ် ထောက်ပံ့ပေးခြင်း၊ ပြည်တွင်း ပြည်ပပညာသင်ယူမှုအခွင့်အလမ်းများ တိုးမြှင့် ပေးခြင်း၊ ထူးချွန်ထက်မြက်သည့် ပညာရေးမိသားစုဝင် သားသမီးများအား နှစ်စဉ်ဂုဏ်ပြု ဆုချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဆရာများ၏ဂုဏ်သိက္ခာရှိမှု၊ စွမ်းဆောင်ရည် ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ်ပြီး နှစ်စဉ်ဂုဏ်ပြု ချီးမြှောက်ပေးလျက်ရှိပါသည်။ ထို့ပြင် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည် နိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင်အခြေအနေများ သာလွန်ကောင်းမွန် လာစေ‌ရေးတို့ကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွား မည်ဖြစ်ပါသည်။

“တိုင်းပြည် တည်ငြိမ်အေးချမ်းရေး” နှင့် “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုရရှိရေး”တို့ကို ဦးစားပေးရည်မှန်းချက်နှစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဖော်ဆောင်နေချိန်တွင် အသိဉာဏ်ပညာ ဆင်ခြင်တုံ တရားမြင့်မားပြီး ငြိမ်းချမ်းရေးအခြေခံအသိရှိသော ဆရာ ဆရာမများနှင့် ကျောင်းသားလူငယ်များသည် နိုင်ငံ့အတွက် စွမ်းအားမြင့်သည့် အားအင်တစ်ရပ်ဖြစ်ပါသည်။ အမျိုးသားပညာရေးစနစ်၏ ပင်မဒေါက်တိုင်များဖြစ်သည့် ဆရာဆရာမများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို သိရှိလိုက်နာပြီး အသိပညာများ လက်ဆင့်ကမ်း ဖြန့်ဝေပေးရန် တာဝန်ရှိပါသည်။ ပညာရေး၏ ရည်မှန်းချက်တစ်ခု ဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့်အတိုင်း မိမိတို့၏ တပည့်များကို စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစားလိုက်နာ တတ်သည့် နိုင်ငံကြီးသားများ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း လိုအပ်ပါသည်။ အမျိုးသားအကျိုးစီးပွားကို အစဉ်ရှေးရှုပြီး နိုင်ငံ နှင့် ပညာရေးအပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်ရန် အရေးကြီးပါသည်။

ဆရာ ဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကောင်းစွာ သိရှိပြီး ပညာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထို့ပြင် ဒီမိုကရေစီကျင့်စဉ်များကို မိမိတို့ကိုယ်တိုင်သာမက ကျောင်းသား လူငယ်များပါ ကျင့်သုံးလိုက်နာနိုင်ရေး ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်ပါသည်။ အချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းရှိပြီး ဆရာအတတ်ပညာ ပြည့်စုံကုံလုံအောင် အစဉ်လေ့လာသင်ယူကြရန် လိုအပ်ပါသည်။ အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းများ၊ ဆွေးနွေးပွဲများကိုလည်း စိတ်ဝင်တစားတက်ရောက်ပြီး ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ကျောင်းသားလူငယ်များ အနာဂတ်တွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေကို လေးစား လိုက်နာတတ်စေရေးအတွက် သွန်သင်ဆုံးမ ဗဟုသုတမျှဝေပေးနိုင်ရန် ဆရာဆရာမများကိုယ်တိုင် စာပေဖတ်ရှုခြင်းနှင့် ဗဟုသုတရှာမှီး လေ့လာထားရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း အသိပေးမှာကြား လိုပါသည်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်စေရေး၊ ကျောင်းထွက်နှုန်းလျော့ကျစေရေး၊ နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင် သင်ယူနိုင် စေရေး၊ အဆင့်မြင့်ပညာတက်ရောက်နေသူများကို ပြီးဆုံးအောင်သင်ကြား ကြစေရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ယူခွင့် ရရှိနိုင်စေရေးတို့သည် ပညာရေးဌာနနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အတွက် ဆရာ ဆရာမများအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဦးလည်မသုန် ထမ်းရွက်ကြပါရန် တိုက်တွန်း လိုပါသည်။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ တိုးမြှင့်လာစေရေး အတွက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန အသစ်ကို ပြင်ဆင်ဖွဲ့စည်းထားပါသည်။ သို့ဖြစ်ရာ ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် အရေအတွက်များစွာ မွေးထုတ်နိုင်ရေး ဆက်လက်အားပေး ဆောင်ရွက်သွားကြရန် အရေးကြီးပါသည်။ ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆရာဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးက လက်တွဲညီညီ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဆရာများသည် “ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံး ဖြစ်သည်”ဟူသောထုံးကို နှလုံးမူခံ ယူပြီး ပညာ၏အနှစ်သာရအမှန် ကို နက်ရှိုင်းစွာနားလည်သဘောပေါက် ခံယူထားကြသူများ ဖြစ်ကြ ပါသည်။ မိမိတို့၏တပည့်များအပေါ် ပညာတတ်စေလိုသော စေတနာ၊ လိမ္မာယဉ်ကျေးစေလိုသော မေတ္တာ၊ ကြင်နာသနားတတ်သော ကရုဏာ များဖြင့် ဆုံးမသွန်သင်ပဲ့ပြင်တတ်သော အာစရိယဆရာ၊ ဥပဇ္ဈာယ် ဆရာများဖြစ်ထိုက်သည့် အရည်အသွေးများပြည့်ဝအောင် ကျင့်ကြံသွားကြရမည်ဖြစ် ပါသည်။ နိုင်ငံ၏အနာဂတ်မျိုးဆက်သစ်များအတွက် အမြင်ကျယ်ကျယ် ရှုမြင်မြော်တွေးနိုင် စွမ်းရှိသည့် ပင်ကိုအသိ၊ ဆင်ခြင် ဉာဏ်သတိများကို နှလုံးအိမ်တွင် ထာဝစဉ်ရှင်သန်အောင် မွေးမြူ သွားကြရန် ကမ္ဘာ့ဆရာများနေ့အခါသမယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် -

- ပညာ့ပန်းဥယျာဉ်တွင် အရောင်အသွေးစုံလင်လှပသည့်ပန်းများ ငြိမ်းချမ်းစွာပွင့်လန်းနိုင်အောင် အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်သည့် ဥယျာဉ်မှူးများဖြစ်ကြပါစေ၊

- ပညာရိပ်မြုံတွင် မွေ့လျော်ပျော်ပိုက်သည့် အဖိုးထိုက်ရတနာ ပညာတတ်လူကောင်း လူတော်များစွာကို မွေးထုတ်ပေးနိုင်ကြပါစေ၊

- ပညာပါရမီရင့်သန်ပြီး ဂုဏ်သတင်းကောင်းဖြင့် နိုင်ငံ့ပုံရိပ်နှင့် ပညာရေးကဏ္ဍကို မြှင့်တင်နိုင် ကြပါစေ၊

- ဆရာ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ စွာဖြင့် ပညာရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ပြီး ကောင်းကျိုးအရာရာပြည့်ဝနိုင်ပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ

ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment