Saturday, September 12, 2026

System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြား

 


နေပြည်တော် စက်တင်ဘာ ၁၁

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်းအချို့ ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝရရှိစေရေးအတွက် စွန့်လွှတ်စွန့်စားစိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ အခြေအနေတွင် ဓာတ်အားပေးစက်ရုံအများစုတည်ရှိရာ မြန်မာနိုင်ငံအထက်ပိုင်းမှ ဝန်အားသုံးစွဲမှုများပြားသည့် မြန်မာနိုင်ငံအောက်ပိုင်းသို့ ဝန်အားအပြည့်ဖြင့် ဓာတ်အားပို့လွှတ်ခြင်းဆောင်ရွက်နေချိန် ယနေ့နံနက် ၆ နာရီ ၂၈ မိနစ်တွင် ၂၃၀ ကေဗွီသပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းသည်အပြစ်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အား လိုင်းကြီးအချို့ ဖျက်ဆီးခံထားရခြင်းကြောင့် ကျန်ရှိနေသည့် ဓာတ်အားလိုင်းများပေါ်တွင်သာ ဝန်ပိုစီးဆင်းမှုထပ်ဆင့်ဖြစ်ပေါ်ရကာ ဆင့်ကဲဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝှမ်းဓာတ်အားပြတ်တောက်မှု System Breakdown ဖြစ်ပေါ်ခဲ့ရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အဆိုပါဓာတ်အားလိုင်းအပြစ်ကို ချက်ချင်းပြုပြင် ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ နံနက် ၈ နာရီ ၅၉ မိနစ်တွင် ဓာတ်အားစနစ်ပုံမှန်ပြန်လည်ပို့လွှတ် နိုင်ခဲ့သော်လည်း မွန်းလွဲ ၁ နာရီ ၂၇ မိနစ်တွင် ၂၃၀ ကေဗွီ နေပြည်တော်-တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် အပြစ်ထပ်မံဖြစ်ပေါ်ခဲ့သဖြင့် System Breakdown ထပ်မံဖြစ်ပွားခဲ့သည်။

ပြင်ဆင်မှုများ ပြန်လည်ဆောင်ရွက်ပြီး ဓာတ်အားပြန်လည် ချိတ်ဆက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၉ မိနစ်တွင် ဓာတ်အားစနစ်ပုံမှန်မောင်းနှင်ခဲ့ပါကြောင်းနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများကြားမှ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ကြောင့် ပြည်သူများအနေဖြင့် ကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများအပေါ် သည်းခံနားလည်ပေးကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စာနာစိတ်များဖြင့် ပန်ကြားလာကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment