Saturday, September 12, 2026

ဒီဂျစ်တယ်အသွင်ပြောင်းခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရ၏ စွမ်းဆောင်ရည်နှင့် ပြည်သူများ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်

 



နေပြည်တော် စက်တင်ဘာ ၁၁

ဒီဂျစ်တယ်အသွင်ပြောင်းခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရ၏ စွမ်းဆောင်ရည်နှင့် ပြည်သူများ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်ခံယူပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြရန် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယနေ့ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂) အစည်းအဝေးခန်းမ၌ ကျင်းပသည့်        e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဌာနများအနေဖြင့် လက်ရှိလုပ်ငန်းစဉ်များကို ဒီဂျစ်တယ်ပုံစံပြောင်းလဲ၍ ပြည်သူများအား One-Stop Service ပေးအပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ခြင်းအားဖြင့် အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့်အပြင် ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ အစိုးရမှထုတ်ပြန်သည့် Data Set များကို ပြည်သူများ၊ လုပ်ငန်းရှင်များက တစ်နေရာတည်းမှ လွယ်ကူစွာရရှိအသုံးပြုနိုင်စေရန် Open Government Data စနစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ Data-driven Innovation ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ Data Center Core Network စသည့် ICT Infrastructure များနှင့် Electronic Document Management System (EDMS) ကဲ့သို့သော Common and Shared Digital Platform များကို အစိုးရတစ်ရပ်လုံးအတွက် စံစနစ်တစ်ခုတည်းဖြင့် တစ်ပြေးညီအသုံးပြုသွားရန်ဖြစ်ကြောင်း၊ EDMS စနစ်ကို အသုံးပြုခြင်းဖြင့် Paperless စနစ်သို့ ကူးပြောင်းနိုင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လက်ရှိ EDMS စနစ်ကို နည်းပညာနှင့် လုံခြုံရေးအစီအမံများအဆင့် မြှင့်တင်ခဲ့ပြီးဖြစ်သဖြင့် အစိုးရဌာနများအားလုံး တစ်ပြေးညီအသုံးပြုသွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် တက်ရောက်လာကြသော e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေသော e-Government လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment