နေပြည်တော် စက်တင်ဘာ ၂၃
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နယ်မြေလုခြင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့အပြင် NUG ၊ CRPH အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏လက်ဝေခံမဟုတ်သည့် Local PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား တစ်ဖက်သတ်ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအား တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ အသုံးချခံအဖြစ် စစ်ဆင်ရေးဒေသများသို့ အတင်းအဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါးများအသုံးပြုစေ၍ အသေခံတိုက်ပွဲဝင်စေခြင်းနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းများ ပြုလုပ်လျက်ရှိခြင်းများကြောင့်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကို စက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုခြင်း၊ အေးချမ်းစွာပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်း၍ လက်ကမ်းကြိုဆိုခဲ့မှုကြောင့် ဥပဒေ၏ အရိပ်အောက်တွင် မိသားစုနှင့်အတူပေါင်းစည်းကာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာနေထိုင် လုပ်ကိုင်ခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် လည်းကောင်း PDF အမည်ခံအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များသည် နီးစပ်ရာနယ်မြေခံတပ်၊ စခန်းများနှင့် လုံခြုံရေးစခန်းများတွင် လာရောက်သတင်းပို့ပြီး လက်နက်ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် Local PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂၃ ဦး၊ ၎င်းတို့၏ မိသားစုဝင်အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအမည်ခံအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ ၎င်းတို့၏မိသားစုဝင်အမျိုးသမီး ၃ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင်အမျိုးသမီး ၆ ဦးတို့သည် စက်တင်ဘာလ ၂၂ ရက်တွင် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နီးစပ်ရာနယ်မြေခံတပ်ရင်းသို့ ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများကို မနှစ်မြို့တော့ခြင်း၊ နိုင်ငံရေးကိုကြွေးကြော်၍ လက်နက်ကိုင်ဆောင်ခဲ့သော်လည်း ကိုယ်တိုင်အကြမ်းဖက်သမားဘဝကို ရောက်ရှိနေကြောင်း သိမြင်လာခြင်း၊ NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ အနိုင်ကျင့်ခွဲခြားဆက်ဆံခြင်း၊ အဖွဲ့အတွင်း အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် NUG ၊ CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များအနေဖြင့် PDF အမည်ခံအဖွဲ့များအား စစ်ဆင်ရေးဒေသများသို့ အတင်းအဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါးများအသုံးပြုစေ၍ အသေခံတိုက်ပွဲဝင်စေခြင်းနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းများ ပြုလုပ်လျက်ရှိခြင်းများကြောင့်ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စစ်ကိုင်းမြို့ရှိနယ်မြေခံတပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေမှုရှိစေရေး လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် PDF အမည်ခံအဖွဲ့များအပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါးဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်လိုသည့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့ကြရန်နှင့် ထိုသို့ဆက်သွယ်သတင်းပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်ချီးမြှင့်လျက်ရှိသည်။

No comments:
Post a Comment