Wednesday, September 23, 2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကြည့်ရှုစစ်ဆေး

 

ရန်ကုန် စက်တင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ရောက်ရှိကြပြီး ကပွဲခန်းမ၌ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့၏ တေးသီချင်းများ၊ ကရင်ဒုံးယိမ်းအကတို့ဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြ၍ ဖျော်ဖြေခဲ့ကြသူများကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြသထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုရန်နှင့် ဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို တစ်နေရာတည်းတွင် စုစည်းပြသခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များအနေဖြင့် လေ့လာပြီး လက်ဆင့်ကမ်းထိန်းသိမ်းနိုင်မည်ဖြစ်ရာ ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။

ထို့ပြင် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးအနေဖြင့် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာစေရန်အတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်သုတေသနဆိုင်ရာ အကျိုးကျေးဇူးများအနေဖြင့် တိုင်းရင်းသားလူငယ်များ၊ ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားတို့၏ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုများကို လေ့လာဆည်းပူးနိုင်ပြီး သုတေသနပြုလုပ်နိုင်သည့် အသိပညာဗဟုသုတ အရင်းအမြစ်တစ်ခုအဖြစ် အကျိုးရှိစေမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများအနေဖြင့် ဒေသထွက်ကုန်များနှင့် ရိုးရာလက်မှုလုပ်ငန်းများအတွက် ဈေးကွက်များရရှိပြီး MSME လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ခရီးသွားများလာရောက် လေ့လာခြင်းဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း အကျိုးကျေးဇူးများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတကာအဆင့်မီ ဖြစ်စေရေး အဆင့်မြှင့်တင်မှုများ ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ လိုအပ်သည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးသွားနိုင်ရန်အတွက် မူဝါဒများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ တည်နေရာနှင့် အကျယ်အဝန်း၊ အခြေခံအဆောက်အဦများနှင့် ဒေသအထိမ်းအမှတ်များ၊ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုနှင့် ငွေလုံးငွေရင်းအသုံးစရိတ်စာရင်း၊ ဆောင်ရွက်ရန်လျာထားသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယသမ္မတထံ ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်ပြီး ဒုတိယသမ္မတက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ချီးမြှင့်ငွေများပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ နန်းမြင့်မျှော်စင်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအိမ်များ၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာအသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ဒေသအလိုက်အထိမ်းအမှတ်နေရာများ၊ ဆိပ်ခံဗောတံတား၊ MV-705 သင်္ဘော၊ လမုတောဥယျာဉ်နှင့် ပြည်ထောင်စုခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်းခိုင်မာလာစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment