နေပြည်တော် စက်တင်ဘာ ၂၅
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့
ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့်
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် (၂၃) ဦးအား
လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေများထောက်ပံ့ပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား အသိပညာပေးစကားပြောကြားခဲ့သည်။ ထို့နောက်
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများကို အပ်နှံကြရာ တိုင်မှူးနှင့်တာဝန်ရှိသူများက
လက်ခံကြပြီး ဆုကြေးငွေနှင့် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက်
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကိုယ်စား ဥပဒေဘောင်အတွင်း ရောက်လာသူတစ်ဦးက
ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာအားပေးစကားပြောကြားခဲ့ပြီး မိဘအုပ်ထိန်းသူများထံ
စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။
အဆိုပါဥပဒေဘောင်အတွင်းသို့
ပြန်လည်ဝင်ရောက်လာကြသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊
ကျောက်ကြီးမြို့မှ ကျား (၁) ဦး၊ နတ္တလင်းမြို့မှ ကျား (၁) ဦး၊ သံတောင်ကြီးမြို့မှ ကျား
(၂) ဦး၊ ဖြူးမြို့မှ ကျား (၁) ဦး၊ အုတ်ဖိုမြို့မှ ကျား (၄) ဦး၊ မ (၁) ဦး၊ ကျောက်တံခါးမြို့မှ
ကျား (၄) ဦး၊ မင်းလှမြို့မှ ကျား (၁) ဦး၊ မ (၁) ဦး၊ ပြည်မြို့မှ ကျား (၁) ဦး၊ အုတ်တွင်းမြို့မှ
ကျား (၂) ဦး၊ ရေတာရှည်မြို့မှ ကျား (၄) ဦး၊ စုစုပေါင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်
ကျား (၂၁) ဦး၊ မ (၂) ဦးတို့အား ၎င်းတို့နှင့်အတူပါရှိလာသော မောင်းပြန်ရိုင်ဖယ်သေနတ်
(၅) လက်၊ ပစ္စတိုသေနတ် (၁) လက်၊ လက်ပစ်ဗုံး (၅) လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအတွက်
ဆုကြေးငွေအဖြစ် မောင်းပြန်ရိုင်ဖယ်သေနတ် (၁) လက်လျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့်
(၅) လက်အတွက် ကျပ်သိန်း (၂၅၀)၊ ပစ္စတိုသေနတ် တစ်လက်အတွက် ကျပ်သိန်း (၃၀)၊ လက်ပစ်ဗုံးတစ်လုံးလျှင်
(၃) သိန်းကျပ်နှုန်းဖြင့် (၅) လုံးအတွက် (၁၅) သိန်း၊ အလင်းဝင်သူတစ်ဦးလျှင် (၂) သိန်းကျပ်နှုန်းဖြင့်
(၂၃) ဦးအတွက် (၄၆) သိန်း စုစုပေါင်းငွေကျပ် (၃၄၁) သိန်းကို ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း
သိရှိရသည်။
အဆိုပါဥပဒေဘောင်အတွင်း
ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်သူများဖြစ်ပြီး
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့်အကျပ်ကိုင်၍
အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့်
အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့်
အထက်အောက် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြားဆက်ဆံခံရခြင်းများရှိကြောင်း၊
တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter–Terrorism Operation) များ ဆင်နွှဲမှုတွင်
အကျအဆုံးများပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက်လိုခြင်းမရှိခြင်း၊
အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့်
စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက်
လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ
ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်
နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီး
နီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း
သိရှိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့်
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်
ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့်
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊
နယ်မြေခံတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့်
လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment