နေပြည်တော် စက်တင်ဘာ ၂၅
ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉) နှစ်၊ သိက္ခာ ဝါတော် (၇၉) ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါအန္တိမအဂ္ဂိဈာပနသာဓုကီဠန
ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ
သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက
ဗဟုဇနဟိတဓရ သီတဂူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊
အဂ္ဂမဟာပဏ္ဍိတ ရွှေဘိုဆရာတော် ဘဒ္ဒန္တ စန္ဒဝံသာ လင်္ကာရာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်ကြီးများ
ကြွရောက်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏
ပြည်တွင်းပြည်ပမှ တပည့် သာဝကဒါယကာ၊ ဒါယိကာမများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ
စည်ကားများပြားစွာဖြင့် တက်ရောက်ပူဇော်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများက ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် အခမ်းအနားကို
“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး “ကြိုးစားကြပါစို့” ဟူသော ချမ်းမြေ့အဓိဋ္ဌာန်နှင့်
မေတ္တာပို့လင်္ကာတို့ကို စုပေါင်းသံပြိုင် ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတနှင့်
တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဘုရား၊ တရား၊
သံဃာ ရတနာသုံးပါးတို့အား ရှိခိုးခြင်းဖြင့် စုပေါင်းပူဇော်ကန်တော့ကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ဘုရားကြီး
အမှူးပြုသည့် ဆရာတော်ကြီးများက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သံဝေဂသုံးဂါထာကို
ရွတ်ဆိုပွားများတော်မူကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူ၊ ချမ်းမြေ့ရိပ်သာကျောင်း ဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌနှင့် ဥပါသကာများက ဆရာတော်ကြီး၏
ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက
သီတဂူဆရာတော်ဘုရားကြီးထံ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများက
ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏
ထေရုပ္ပတ္တိအကျဉ်းကို ချမ်းမြေ့သာစည်ဆရာတော် အရှင်အဂ္ဂဉာဏက ဖတ်ကြားပူဇော်ပြီး မန္တလေးမြို့၊
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း နာယကဆရာတော် အရှင်ဝဏ္ဏိတာလင်္ကာရာဘိဝံသက ကိုယ်တိုင်ရေးသားပူဇော်အပ်သည့်
မဟာထေရ ဂုဏပူဇာသံဝေဇနိယ ဂါထာကို ဖတ်ကြားပူဇော်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏
သံဝေဂဉာဏ်ပွားများတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊
အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဝိနယပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တ သိရီကဉ္စနာဘိဝံသကလည်းကောင်း၊
ရွှေကျင်ဂိုဏ်းဗဟိုဌာန၏ သံဝေဂဉာဏ်ပွားများတော်မူကြောင်း သဝဏ်လွှာကို ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင်ချုပ်
ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရကလည်းကောင်း၊ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်မှ ဆက်ကပ်တော်မူသည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ပြည်တွင်းပြည်ပ ချမ်းမြေ့ရိပ်သာများအဖွဲ့က ပေးပို့သည့်
ဝမ်းနည်းကြောင်းသဝဏ်လွှာကို ချမ်းမြေ့ဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း ဖတ်ကြားပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
တက်ရောက်လာကြသူများသည် သီတဂူဆရာတော်ဘုရားကြီးထံမှ ဓမ္မသံဝေဂကထာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး
ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယကဆရာတော် ဥူးသောဘိတာ ဘိဝံသ ဦးဆောင်၍ တပည့်ဒါယကာ၊ ဒါယိကာမများက
အပြစ်ရှိကခွင့်လွှတ်တော်မူရန် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။
ဆက်လက်၍ ပြင်ဦးလွင်
ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ပညာနန္ဒာ ဘိဝံသက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့
ကြွချီတော်မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်သံဃာတော်များ၊
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပည့်ဒါယကာများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား
ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ သုဝဏ္ဏဘုမ္မိကွင်းသို့
ဆက်လက်ပင့်ဆောင်ကြ သည်။
ယင်းနောက် ရုပ်ကလာပ်တော်အား
လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်၍ သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီး၏
ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြကာ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာ
ဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး သာဓုသုံးကြိမ်ခေါ်ဆို၍
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။
ချမ်းမြေ့ဆရာတော်ဘုရားကြီးသည်
ငယ်ရွယ်စဉ်ကတည်းကပင် ဆရာတော်၊ သံဃာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့သဖြင့်
“ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့” တို့ကို ရရှိတော်မူခဲ့ပြီး
မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ တောင်တွင်းကြီးမြို့၊ တောရဗိမာန်စာသင်တိုက်တို့၌
စသင်သားရဟန်း၊ သာမဏေများကို ပရိယတ္တိ စာပေကျန်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊
ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ ပါဠိပဋိသောဓကအဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တည်ထောင်၍
တရားဟော တရားပြကမ္မဋ္ဌာနာ စရိယတာဝန်များ ဆောင်ရွက်တော်မူခဲ့ခြင်း၊ မြန်မာဘာသာကျမ်းစာ
၃၄ အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ ၁၀ အုပ်စသော စာပေကျမ်းဂန်များ ရေးသားပြုစုတော်မူခဲ့ခြင်း၊
ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်နှင့် ရိပ်သာခွဲများအဖြစ် ဟင်္သာတမြို့၊
ပြင်ဦးလွင်မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌
တည်ထောင်ဖွင့်လှစ်တော်မူခဲ့ခြင်း၊ ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌လည်းကောင်း၊
တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့၌လည်းကောင်း၊ အမေရိကန်နိုင်ငံ၊ စပရင်းဖီးမြို့၌လည်းကောင်း၊
ပဋိပတ္တိကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ သာသနာပြုတော်မူခဲ့ခြင်း၊ နိုင်ငံပေါင်းများစွာသို့
သာသနာပြုခရီး အကြိမ် (၇၀) ကျော်ကြွရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်၊
ကိန်းဘရစ်ချ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ၊ အီလီနွိုက် တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊
ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင်တက္ကသိုလ်စသော ပြည်ပနိုင်ငံတက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများဟောကြားပြသတော်မူခဲ့ခြင်းနှင့်
၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို
ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊
ကမ္မဋ္ဌာနနယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒဂုဏ်၊ ခမာ ဇာဂရိ ယဂုဏ်၊ လဇ္ဇီပေသလ
သိက္ခာကာမဂုဏ် စသည်တို့နှင့်ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား
၁၉၉၅ ခုနှစ်တွင် “အဂ္ဂမဟာကမ္မဋ္ဌာန စရိယ” ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက”
ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ”
ဆိုသည့် မေတ္တာပို့ဆုတောင်းစကားသည် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ထင်ရှားသည့် လက်သုံးမေတ္တာပို့ဩဝါဒကထာဖြစ်ပြီး
ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၉) နှစ်၊
သိက္ခာတော် ၇၉ ဝါအရ၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ်၊
စက်တင်ဘာ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ
ယနေ့တွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့်
နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊
မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊
ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊
ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏
သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များရေမျှော ပူဇော်ခြင်းအခမ်းအနားအား စက်တင်ဘာ ၂၆ ရက်နေ့တွင်
ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။








No comments:
Post a Comment