နေပြည်တော် စက်တင်ဘာ ၂၈
CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့်နေရာများ၊ အရပ်သားပြည်သူများ၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာစေရန် အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းဘေးဝဲ/ယာများ၌ မိုင်းထောင်ခြင်း၊ အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်းဦးဇင်ကိုအောင်(ဘ)ဦးမှန်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာနေသူ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ်၊ ၄၂/၅ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားများဖြစ်သည့် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (ဘ)ဦးသောင်းရွှေသည် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် ရေစကြိုမြို့နယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့်(ဘ)ဦးဝင်းသန့်နှင့် ယာဉ်မောင်းဖြစ်သူတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်၌ မိုင်းစထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲ့များက မြင်းမူမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေပြီး လိုအပ်သောဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်လျက်ရှိသည့် ရဟန်းသံဃာတော်နှင့် အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:
Post a Comment