နေပြည်တော် စက်တင်ဘာ ၂၈
တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအားထပ်မံ၍ ပြန်လည်သိမ်းပိုက်ထိန်းချူပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ဒေသတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန်ရည်ရွယ်၍ ကမမောင်း - ဖာပွန်သွား ကားလမ်းမကြီးအား ယာယီစိုးမိုးထားသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် ကမမောင်းမြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ မေလ ၈ ရက်နေ့တွင် ကျောက်ကွင်းလေးကျေးရွာအားလည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာတို့အား လည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နေကကျေးရွာအား လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ရေပူကျေးရွာအားလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် မိုင်(၄၀)ကျေးရွာအားလည်းကောင်း၊ မေလ ၃၁ ရက်နေ့တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကတိုင်တိ ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ဘောကြို့လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ရှမ်းရွာကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် တောင်သူစုကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖာလုံလေးကျေးရွာအား လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဖာလုံကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ဆင်စွယ်ကျေးရွာအား ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါကျေးရွာနှင့် လမ်းကြောင်းတစ်လျှောက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်စ္စည်းများ၊ FPV Drone ၂၄ စီး၊ မိုင်းများ၊ လမ်းလျှောက် စကားပြောစက်များ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်နှင့်တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများနှင့် လမ်းကြောင်းတစ်လျှောက်အား ထိန်းချုပ်စိုးမိုးထားစဉ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာအတွင်းရှိ လူနေအိမ်များ၌ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့် တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို မထောက်ခံသည့် ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည့်အပြင် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်း၊ လမ်း/တံတားများမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့မှုကြောင့် ခရီးသွားလာမှုကန့်သတ်ချက်များဖြစ်ပေါ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက်ပျက်စီးခဲ့ရသဖြင့် ဒေသခံပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက်ရှိ ကျန်ရှိသည့်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ မြေမြုပ်မိုင်းအန္တရာယ်မှ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။












No comments:
Post a Comment