ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဩဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ စင်ကာပူမြို့တွင်အခြေစိုက်သည့် Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှု အင်တာဗျူးသတင်းအပြည့်အစုံကို မြင်တွေ့သိရှိခဲ့ရပါသည်။ သို့သော် ၎င်းအနေဖြင့် Time Magazine Online Media တွင် ဖော်ပြခဲ့ရာ၌ မူလ အင်တာဗျူးဆောင်ရွက်ခဲ့သည့် အမေး၊အဖြေအင်တာဗျူးပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံဖြင့် ရေးသားဖော်ပြခဲ့သည့်အပြင် အမှန်တကယ်ဖြေကြားခဲ့မှုများကိုလည်း ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိဘဲ မလိုလားအပ်သော အပြုသဘောမဆောင်သည့် ရေးသားချက်များ၊ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခဲ့ပါသည်။
Time Magazine အနေဖြင့် မြန်မာနိုင်ငံအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်၏သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ခဲ့မှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အောင်မြင်မှုများကို ၎င်းတို့၏မဂ္ဂဇင်းတွင် “the Future of Myanmar” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြရန် အင်တာဗျူးလုပ်လိုကြောင်း မြန်မာသံရုံးစင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုလာသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအနေဖြင့် မအားလပ်သည့်ကြားမှ သဘောထားကြီးစွာဖြင့် တွေ့ဆုံမေးမြန်းမှုအပေါ် ပြည့်ပြည့်စုံစုံဖြေကြားပေးခဲ့သည်။ Time Magazine သည် ဂုဏ်သိက္ခာရှိသောသတင်းဌာနတစ်ခုဖြစ်သည့်အတွက် အဆိုပြုမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဆောင်သောတုံ့ပြန်သည့်အနေဖြင့် သတင်းထောက် Charlie Campbell အား လက်ခံတွေ့ဆုံပြီး မေးမြန်းသည့်မေးခွန်းများကို လက်ခံဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မဂ္ဂဇင်းအနေဖြင့် အနောက်နိုင်ငံများ၏လိုလားချက်များကို ရေးသားဖော်ပြလေ့ရှိသော်ငြားလည်း နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပကတိအခြေအနေမှန်များကို ရိုးသားပွင့်လင်းစွာ ပြည့်ပြည့်စုံစုံဖြေကြားပေးခဲ့သော်လည်း ၎င်းမဂ္ဂဇင်းအနေဖြင့် မီဒီယာကျင့်ဝတ်ကိုဖောက်ဖျက်ပြီး မရိုးမသားရေးသားဖော်ပြခဲ့မှုများသည် စိတ်ပျက်စရာများဖြစ်စေခဲ့သည်။ Time Magazine နှင့် သတင်းထောက်တို့သည် မီဒီယာကျင့်ဝတ်(Media Ethics)နှင့်မလျော်ညီစွာ ကနဦးဆွေးနွေးသဘောတူညီချက်များတွင် မပါဝင်သည့်အကြောင်းအရာများကို အလေးပေးဖော်ပြ၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားစေမည့် အသုံးအနှုန်းများကိုသုံးနှုန်းကာ ၎င်းတို့စိတ်ကြိုက်ရေးသားဖော်ပြခဲ့သဖြင့် Time Magazine ၏ သတင်းထောက်ဖြစ်သော Charlie Campbell ၏ ရေးသားဖော်ပြချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိသည့်အတွက် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာသတင်းစာပညာတွင် သတင်း၊ သတင်းဆောင်းပါး၊ ဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်း စသည့်ကဏ္ဍများ၌ သတင်းစာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များရှိသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာသတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်များကိုပြဋ္ဌာန်းထားသည်။ အမှန်တကယ်တွင် သတင်းမီဒီယာသမားတိုင်းသည် ပြဋ္ဌာန်းထားသောဥပဒေကျင့်ဝတ်များနှင့်အညီ ပရော်ဖက်ရှင်နယ်ပီသစွာ လိုက်နာလုပ်ကိုင်ဆောင်ရွက်ကြရသည်။ ကုလသမဂ္ဂကသတ်မှတ်ထားသည့် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တွင် “လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ရှိကြောင်း ဖော်ပြထားသည်။ သို့သော် ထိုအခွင့်အရေးများသည် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် တစ်ခုတည်းမဟုတ်ဘဲ လက်ခံနားထောင်သူ၏ အခွင့်အရေးများနှင့် အချို့သောတာဝန်ယူမှုများကိုလည်း ထည့်သွင်းသတ်မှတ် ထားသည်။ တာဝန်မဲ့သော၊ ကျင့်ဝတ်နှင့်မညီသော လုပ်ကိုင်ဆောင်ရွက်မှုများသည် မီဒီယာလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်ဟု ဖော်ပြထားသည်။
သတင်းမီဒီယာကျင့်ဝတ်တွင် တွေ့ဆုံမေးမြန်းခြင်းနှင့် တည်းဖြတ်ခြင်းတို့ကို မျှတ၊ ရိုးဖြောင့်စွာ ဆောင်ရွက်ရမည်။ အင်တာဗျူးဖြေဆိုမည့်သူများသည်လည်း အင်တာဗျူးအစီအစဉ်ပုံစံနှင့်အကြောင်းအရာများကို ကြိုတင်သိပိုင်ခွင့်ရှိသည်။ အင်တာဗျူးတင်ဆက်ခြင်းနှင့် တည်းဖြတ်ခြင်းတို့တွင် အင်တာဗျူးဖြေဆိုသူ၏ သဘောထားရပ်တည်ချက်များကို ပုံဖျက်ခြင်း သို့မဟုတ် မမှန်မကန်ပြန်လည်ဖော်ပြ ခြင်းမပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ Time Magazine သတင်းထောက်ဖြစ်သော Charlie Campbell ၏ ရေးသားဖော်ပြချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိသဖြင့် Time Magazine Online Media တွင် ဖော်ပြခဲ့မှုကို ပြစ်တင်ရှုတ်ချလိုက်ရပါကြောင်း။ ။
No comments:
Post a Comment