သတင်းတစ်ပုဒ်ကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ တီဗွီ၊ အွန်လိုင်း စသည့် မီဒီယာများမှတစ်ဆင့် ဖော်ပြထုတ်လွှင့်လိုက်သည့်အခါ နောက်ဆက်တွဲ အကောင်းအဆိုး အကျိုးဆက် ဂယက်ရိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်လေ့ရှိသည်။ သို့ဖြစ်ရာ သတင်းသမားများ၊ သတင်းမီဒီယာအဖွဲ့အစည်းများမှာ သတင်းရေးသားထုတ်ပြန်မှုများနှင့်စပ်လျဉ်း၍ အခြေခံစည်းမျဉ်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးကြရသည်။ တစ်နည်းအားဖြင့် သတင်းမီဒီယာကျင့်ဝတ်ကို လိုက်နာကြရခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကျင့်သုံးနေကြသည့် သတင်းမီဒီယာကျင့်ဝတ်များမှာ
မှန်ကန်တိကျမှုရှိခြင်း၊ လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိခြင်း၊ မျှတမှုရှိခြင်းနှင့်
ဘက်လိုက်မှုကင်းရှင်းခြင်း၊ ကိုယ်ရေးလုံခြုံမှုကို လေးစားခြင်းနှင့် မှားယွင်းမှုတို့ကို
ပြန်လည်ပြင်ဆင်ခြင်းစသည့် ယေဘုယျအချက်များတွင် အတူတူပင်ဖြစ်သည်။ သတင်းအချက်အလက်များသည်
အမှန်တရားနှင့် ကိုက်ညီရမည်ဖြစ်ပြီး သတင်းအရင်းအမြစ်များကို စိစစ်ရမည်ဖြစ်သည်။ သတင်းရယူတင်ဆက်ရာတွင်
ဖိအားတစ်စုံတစ်ရာမပါဘဲ လွတ်လပ်ခွင့်ရှိရမည့်အပြင် ရေးသားချက်အပေါ်တွင် တာဝန်ယူရမည်ဖြစ်သည်။
အငြင်းပွားဖွယ်ရာကိစ္စများတွင် ဘက်နှစ်ဖက်စလုံး၏ အမြင်များကို မျှတစွာ ဖော်ပြရမည်ဖြစ်သည်။
ထိခိုက်နစ်နာနိုင်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာယကံရှင်၏ ခွင့်ပြုချက်မရှိဘဲ
မဖော်ပြရန်နှင့် သတင်းတွင် အမှားအယွင်းပါရှိလာပါက အမြန်ဆုံးနှင့် လူသိရှင်ကြား ထင်ရှားစွာ
အမှန်ကို ပြန်လည်ပြင်ဆင်ဖော်ပြပေးကြရမည်ဖြစ်သည်။
သို့ရာတွင် နိုင်ငံတကာ သတင်းမီဒီယာလောကတွင်
သတင်းအမှား ရေးသားထုတ်လွှင့်ခြင်း၊ သတင်းကူးယူဖော်ပြခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ
လုံခြုံမှုချိုးဖောက်ခြင်း စသည့် ကျင့်ဝတ်ဖောက်ဖျက်မှုများ အများအပြား သမိုင်းတစ်လျှောက်
ဖြစ်ပွားခဲ့သည်။ အဆိုပါချိုးဖောက် မှုများကြောင့် မီဒီယာများအပေါ် ယုံကြည်ကိုးစားမှုကို
ကျဆင်းစေသည်။ သြဇာကြီးမားသည့် မီဒီယာကြီးများမှ သတင်းထောက်အချို့သည် မိမိတို့ရယူရေးသားသည့်
သတင်းများကို ပိုမိုစိတ်ဝင်စားစရာ ကောင်းလာစေရန်အတွက် သတင်းဖြစ်ရပ်များ၊ အင်တာဗျူးများ
စသည်တို့ကို လုပ်ကြံရေးသားခဲ့ကြသည်။
၁၉၈၀ ပြည့်နှစ်အတွင်းက သည်ဝါရှင်တန်ပို့စ်မှ
သတင်းထောက် ဂျက်နက်ကွတ်ခ်သည် စိတ်ကူးယဉ် လုပ်ကြံရေးသားသည့် သတင်းဆောင်းပါးတစ်ပုဒ်ဖြင့်
သတင်းစာပညာလောကတွင် အမြင့်ဆုံးဆု ဖြစ်သော ပူလစ်ဇာဆုကို ရယူနိုင်ခဲ့ရာ နောက်ပိုင်းတွင်
အလိမ်ပေါ်ပြီး ဆုပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။ သည်နယူးယောက်တိုင်းမ်စ်မှ သတင်းထောက် ဂျေဆန်ဘလဲသည်
သတင်းများစွာတွင် အချက်အလက်များနှင့် ကိုးကားချက်များကို လုပ်ကြံဖန်တီးရေးသားခြင်း၊
အခြားမီဒီယာများမှ ကူးယူဖော်ပြခြင်းများပြုလုပ်ခဲ့သဖြင့် အယ်ဒီတာချုပ်အပါအဝင် ရာထူးမှနုတ်ထွက်ခဲ့ရမှု
၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သလို ယူအက်စ်အေ တူဒေးမှ နိုင်ငံတကာသတင်းထောက် ဂျက်ကယ်လီသည်လည်း
အဓိကသတင်းအချက်အလက်များကို လုပ်ကြံရေးသားခဲ့ကြောင်း ၂၀၀၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဘီဘီစီ၏ နိုင်ငံရေးသတင်း ဖြတ်ညှပ်ကပ်မှု အရှုပ်တော်ပုံတွင် အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းမှပြောကြားချက်များကို အဓိပ္ပာယ်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့်
တည်းဖြတ် ထုတ်လွှင့်ခဲ့ရာ ထရမ့်က ၎င်းအားထောက်ခံသူများကို အကြမ်းဖက်ရန် တိုက်ရိုက်လှုံ့ဆော်နေသကဲ့သို့
လူထုကို အထင်အမြင်လွဲမှားစေခဲ့သည်။ လိမ်လည်မှုပေါ်ပေါက်သွားသည့်အခါ ဘီဘီစီဥက္ကဋ္ဌက
လူထုကို တရားဝင်တောင်းပန်ခဲ့ရပြီး ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီနှင့် သတင်းဌာနအကြီးအကဲ
ဒီဘိုရာတန်းနက်တို့ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ သို့တိုင် ၎င်းတို့မမှားကြောင်း ခေါင်းမာမာနှင့်
ဗြောင်ကျကျ ငြင်းကွယ်သွားခဲ့ကြသည်။ ၂၀၂၅-၂၀၂၆ အတွင်း ဘီဘီစီ
ကထုတ်လွှင့်ခဲ့သည့် ဂါဇာစစ်ပွဲမှတ်တမ်းတင်ရုပ်ရှင်တွင် အဓိကဇာတ်ကြောင်းပြောပြသူ ကလေးငယ်၏ဖခင်သည်
ဟားမားစ်အဖွဲ့၏ အရာရှိတစ်ဦးဖြစ်သည်ကို ဖုံးကွယ်ထားခဲ့ရာ ပေါ်ပေါက်ခဲ့သဖြင့် မီဒီယာစောင့်ကြည့်ရေးအဖွဲ့၏
အရေးယူခြင်းကို ခံခဲ့ရပြန်သည်။
မကြာသေးမီက တိုင်းမ်မဂ္ဂဇင်းမှ သတင်းထောက်
ချာလီကမ့်ဘဲလ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။
ယင်းနှင့်ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်း အွန်လိုင်းမီဒီယာ၌ ပြန်လည်ဖော်ပြခဲ့ရာတွင်မူ နိုင်ငံတော်သမ္မတ၏
အမှန်တကယ် ဖြေကြားခဲ့သည်များကို ထင်ဟပ်ခြင်းမရှိဘဲ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ်
နိုင်ငံတကာက အထင်အမြင်လွဲမှားစေမည့် အရေးအသားမျိုးဖြင့် ရေးသားလွှင့်တင်သွားခဲ့သည်။
ဤသည်မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အနောက်တိုင်းမီဒီယာများက နှစ်ပေါင်းရာနှင့်ချီ၍
ကြာမြင့်နေပြီဖြစ်သည့် လုပ်ပုံလုပ်နည်းကို ဆက်လက်ကျင့်သုံးသွား ခြင်းပင်ဖြစ်သည်။ ချာလီကမ့်ဘဲလ်သည်
မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့ရာ သတင်းသမားတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို
မျက်မြင်ကိုယ်တွေ့ သိရှိမည်သာဖြစ်ပြီး သိသိနှင့်ပင် စိတ်စေတနာဆိုးဖြင့် ကျင့်ဝတ်ကို
ချိုးဖောက်ခဲ့ခြင်းဖြစ်ရာ မြန်မာ့အလင်းက ပြစ်တင်ရှုတ်ချလိုက်သည့်အကြောင်း။ ။
No comments:
Post a Comment