၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကို နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအနေဖြင့် အမျိုးမျိုးအဖုံဖုံ ရေးသားထုတ်လွှင့်ဖော်ပြလျက်ရှိကြသည်။ ယင်းသို့ ရေးသားထုတ်လွှင့်ဖော်ပြပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ်အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားဖော်ပြ ပြောဆိုနေကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကို အကြိမ်ကြိမ်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဖြစ်စဉ်အမှန်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ် ဩဂုတ် လ ၂၅ ရက်တွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်တည်း တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာအကြမ်းဖက်အဖွဲ့၏ ရက်စက်ကြမ်းကြုတ် သောလုပ်ရပ်များကို လျစ်လျူရှုထားသဖြင့် အကြမ်းဖက်လုပ်ရပ်အမှန်ကိုသာ မှန်မှန်ကန်ကန်ရှုတ်ချသင့်သည်။
အာဆာအကြမ်းဖက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၎င်းတို့၏အစွန်းရောက် အကြမ်းဖက်ဝါဒဖြင့် ခြိမ်းခြောက်မှုများလုပ်ဆောင်မှုကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း နေရပ်စွန့်ခွာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင် ပကတိအခြေအနေမှန်များကို လျစ်လျူရှုကာ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်မှုများကို မပြုလုပ်သင့်ကြောင်းသိစေလိုသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သဖြင့် မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံနှင့်လူမျိုးအပေါ်ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် လွဲမှားစွာသုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေများကိုလည်း ပြတ်သားစွာကန့်ကွက်ရှုတ်ချရမည်ဖြစ်သည်။ ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့်အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ရန်အတွက် ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းသည် လုံးဝလက်ခံနိုင်စရာအကြောင်းမရှိပေ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီးနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံက စေတနာအမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် အထောက်အပံ့ဖြစ်မည်မဟုတ်ပေ။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံမှ ဒုက္ခသည်များဟု စွပ်စွဲပြောကြားမှုများသည် အခြေအမြစ်မရှိသည့် ပြောဆိုမှုများသာဖြစ်သည်။ အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိသည်။
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွင် အမှန်တကယ်နေထိုင်ခဲ့ကြသူများကို ပြန်လည်လက်ခံရန် စိတ်ဆန္ဒအမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့်ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မျက်မြင်စစ်ဆေးခြင်းခရီးစဉ်၊ သံတမန်များအားပြသသည့် ခရီးစဉ်များဖြင့် ခိုင်ခိုင်မာမာဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံအနေဖြင့်စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက် လုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှုဖြင့် ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့် လုံခြုံရေးကောင်းမွန်သည့်အခါတွင် နီးကပ်စွာလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းစိတ်ဓာတ်ကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြေပြင်ပကတိအခြေအနေအမှန်ကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအချို့က နိုင်ငံရေးလှုံ့ဆော်မှုဖြင့် နိုင်ငံတကာပြဿနာအဖြစ် လွဲမှားစွာမမှန်မကန်ပုံဖော်နေမှုများ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများတွင် ဖော်ပြချက်များကို ပြတ်သားစွာပယ်ချပြီး မှန်ကန်သောဆောင်ရွက်ချက်များဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment