ခင်ရတနာ
နိုင်ငံတစ်နိုင်ငံရဲ့ အင်အားလို့ဆိုလိုက်ရင် စီးပွားရေးအင်အား၊ စစ်ရေးအင်အား၊ နည်းပညာအင်အားတွေကို အရင်ဆုံးပြေးမြင်မိတတ်ကြပါတယ်။ ဒီအင်အားတွေက နိုင်ငံတစ်နိုင်ငံရဲ့တည်ရှိမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသလို မျက်စိနဲ့မြင်နိုင်၊ ကိန်းဂဏန်းတွေနဲ့ တိုင်းတာနိုင်တဲ့အင်အားတွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်နဲ့တန်ဖိုးကို တည်ဆောက်ပေးနေတဲ့ အင်အားတွေထဲမှာ ကိန်းဂဏန်းနဲ့တိုင်းတာဖို့ ခက်ခဲတဲ့အင်အားတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဘာသာစကား၊ သမိုင်းအမွေအနှစ်၊ ရိုးရာဓလေ့၊ အနုပညာ၊ အစားအစာ၊ ဝတ်စားဆင်ယင်မှု၊ လူမှုဘဝနဲ့တန်ဖိုးထားမှုတွေဟာ အဲဒီနိုင်ငံရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာကိုဖော်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတွေပါ။ ကိုယ်ပိုင်ဝိသေသလက္ခဏာ ခိုင်မာတဲ့နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ်ဘယ်သူလဲဆိုတာ သိရုံတင်မကဘဲ အခြားသူတွေကလည်းအဲဒီနိုင်ငံကို ထူးခြားတဲ့ပုံရိပ်တစ်ခုနဲ့ မှတ်မိလာစေနိုင်ပါတယ်။
အဲဒီနေရာမှာ Soft Power ဆိုတဲ့ အယူအဆကလည်း ဆက်စပ်လာပါတယ်။ Soft Power ဆိုတာ အင်အားသုံးခြင်း၊ ဖိအားပေးခြင်းမဟုတ်ဘဲ ယဉ်ကျေးမှု၊တန်ဖိုးထားမှု၊ မူဝါဒနဲ့ဆွဲဆောင်မှု တွေကနေတစ်ဆင့် အခြားသူတွေအပေါ် ဩဇာသက်ရောက်စေနိုင်တဲ့ အင်အားမျိုးဖြစ်ပါတယ်။ ဒီအယူအဆကို နိုင်ငံရေးသိပ္ပံပညာရှင် Joseph Nye က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာအနုပညာဟာ ဖျော်ဖြေရေးအတွက်သာ ရှိနေတဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးက ဘယ်လိုတွေးတယ်၊ ဘယ်လိုခံစားတယ်၊ ဘယ်လိုနေထိုင်တယ်ဆိုတာကို အခြားသူတွေသိမြင်လာစေနိုင်တဲ့ ယဉ်ကျေးမှုဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံလို့ ပြောလိုက်ရင် K-pop၊ K-drama နဲ့ ကိုရီးယားအစားအစာတွေကို တွဲပြီးမြင်လာကြသလို ဂျပန်နိုင်ငံကိုပြောလိုက်ရင် Anime ကာတွန်းဇာတ်ကောင်တွေ၊ Manga၊ ရိုးရာအနုပညာနဲ့ အစားအစာတွေကို သီးခြားပုံရိပ်တွေအဖြစ် မြင်လာကြပါတယ်။ တရုတ်နိုင်ငံမှာလည်း သူတို့ရဲ့ရိုးရာအစားအစာ၊ တရုတ်ဂီတ၊ ရုပ်ရှင်နဲ့ယဉ်ကျေးမှုအနုပညာတွေကို နိုင်ငံရဲ့ပုံရိပ်နဲ့ တွဲဖက်ဖော်ဆောင်လာကြပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲဒီလို ကိုယ်ပိုင်ဝိသေသလက္ခဏာတွေရှိပြီးသားပါ။ မြန်မာ့သနပ်ခါး၊ မြန်မာ့သင်္ကြန်၊ တောင်ကြီးတန်ဆောင်တိုင်၊ မြန်မာ့ရိုးရာဝတ်စုံ၊ မြန်မာ့ရိုးရာအစားအစာတွေအပြင် ပိုမိုနက်ရှိုင်းတဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အဆို၊ အက၊ အရေး၊ အတီးအပါအဝင် ပန်းဆယ်မျိုးကဲ့သို့သော အနုသုခုမပညာရပ်တွေရှိပါတယ်။
ဒီအနုပညာလေးမျိုးဟာ စင်မြင့်ပေါ်မှာဖျော်ဖြေတဲ့ အနုပညာလေးမျိုးဆိုတာထက် ပိုပါ တယ်။ အဆိုမှာ အသံရှိတယ်။ အကမှာ ဟန်ရှိတယ်။ အရေးမှာစကားရှိတယ်။ အတီးမှာသံစဉ်ရှိတယ်။ အဲဒီအသံ၊ ဟန်၊ စကားနဲ့သံစဉ်တွေ ပေါင်းစပ်လိုက်တဲ့အခါ မြန်မာ့ယဉ်ကျေးမှုရဲ့ ကိုယ်ပိုင်အသံတစ်သံ ထွက်ပေါ်လာပါတယ်။ အဲဒီအသံကိုမပျောက်အောင် လက်ဆင့်ကမ်းပေးနေတဲ့နေရာတွေထဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက အရေးပါတဲ့နေရာကနေ ရပ်တည်နေပါတယ်။
အသံထဲမှာ မြန်မာ့သမိုင်းကို ကြားရတဲ့အခါ
အဆိုပညာကို လေ့လာကြည့်ရင် မြန်မာ့ဂီတရဲ့ ကိုယ်ပိုင်ဟန်ကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ သီချင်းကြီး၊ သီချင်းခန့်တွေမှာ စာသားနဲ့သံစဉ်တင်မကဘဲ အသံအနိမ့်အမြင့်၊ အကူးအပြောင်း၊ ဆိုဟန်နဲ့ စကားလုံးအဖွဲ့အနွဲ့တွေကို အချိုးကျကျပေါင်းစပ်ထားပါတယ်။ ဒါကြောင့် သီချင်းတစ်ပုဒ်ကို နားထောင်ရုံနဲ့ ခေတ်တစ်ခေတ်ရဲ့ အရသာ၊ လူမှု ဘဝနဲ့အတွေးအခေါ်တွေကိုပါ ခံစားနိုင်ပါတယ်။
(၂၆) ကြိမ်မြောက်ပြိုင်ပွဲမှာ မဟာဂီတအဆိုပြိုင်ပွဲအတွက် “သာဆန်းရဂုံဘွေ” (ပတ်ပျိုး)၊ “ဇမ္ဗူရောင်ကွန့်” (ဘွဲ့) စတဲ့သီချင်းတွေကို အသက်အရွယ်အလိုက် ပြိုင်ပွဲဝင်တွေက သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း အမျိုးသမီးပြိုင်ပွဲမှာ “မဟာဇနက” (ခေတ်ဟောင်း/ကာလပေါ်)ကို သီဆိုခဲ့ကြပြီး အဆင့်မြင့်ပညာအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွေမှာ “မြန်မြေနယ်ဇမ္ဗူပါ(မြင်းခင်း)”ကို ယှဉ်ပြိုင်သီဆိုခဲ့ကြပါတယ်။
ဒါတွေဟာ သီချင်းဟောင်းတွေကို ပြန်ဆိုနေခြင်းသက်သက်မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်ကို မျိုးဆက်သစ်တစ်ယောက်က ပြန်သီဆိုတဲ့အခါ အဲဒီသီချင်းနဲ့အတူပါလာတဲ့ ဂီတဟန်၊ စကားလုံး၊ အသံ အနိမ့်အမြင့်နဲ့ ယဉ်ကျေးမှုအရသာကိုပါ သူ့ရင်ထဲရောက်သွားပါတယ်။ ဒီလိုနဲ့ အဆိုပညာဟာ အသံကနေ မျိုးဆက်တစ်ဆက်ကို နောက်တစ်ဆက်နဲ့ ချိတ်ပေးနေတဲ့ ကြိုးတစ်ချောင်းဖြစ်လာပါတယ်။
ကိုယ်ဟန်နဲ့ပြောတဲ့ မြန်မာ့စကား
အကပညာကတော့ စကားလုံးမသုံးဘဲ ကိုယ်ဟန်အမူအရာနဲ့ အကြောင်းအရာကို ဖော်ပြ နိုင်တဲ့ အနုပညာပါ။ လက်ဟန်၊ ခြေဟန်၊ ကိုယ်ဟန်၊ မျက်နှာအမူအရာနဲ့ သံစဉ်တွေပေါင်းစပ်ပြီး ဇာတ်အကြောင်းအရာနဲ့ ခံစားချက်ကို ဖော်ပြရပါတယ်။ မြန်မာ့ရိုးရာအကမှာ နူးညံ့သိမ်မွေ့တဲ့ ဟန်ပန်တွေရှိသလို ဒေသနဲ့လူမှုဘဝအလိုက် ထူးခြားတဲ့အကပုံစံတွေလည်း ရှိပါတယ်။
ကဗျာလွတ်အကဆိုရင် သတ်မှတ်ထားတဲ့ ကကွက်၊ လက်ဟန်၊ ခြေဟန်၊ ခါးဟန်၊ မျက်နှာအမူအရာတို့ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အဲဒီအချက်တွေက အကကို လှပအောင်လုပ်ပေးရုံမက မြန်မာ့ရိုးရာအကရဲ့ စည်းကမ်းနဲ့ ဟန်ပန်ကို ထိန်းသိမ်းပေးထားတာပါ။ ယခင်ပြိုင်ပွဲမှတ်တမ်းတွေမှာလည်း ကဗျာလွတ်အကအတွက် သတ်မှတ်ကကွက်နဲ့ ဟန်ပန်တွေကို မှန်ကန်စွာဖော်ပြနိုင်ရေးကို အကဲဖြတ်သူတွေက အလေးထားကြတာကို တွေ့ရပါတယ်။
ဇာတ်တော်ကြီးကတော့ အကတစ်မျိုးတည်းနဲ့ မပြီးပါဘူး။ သရုပ်ဆောင်မှု၊ ဇာတ်ညွှန်း၊ အက၊ အတီး၊ သီဆိုမှုတို့ကို ဆို၊ ငို၊ ပြော ပေါင်းစပ်ပြီး ဇာတ်လမ်းတစ်ခုလုံးကို အသက်သွင်းရတာပါ။ မဟာဇနက ဇာတ်တော်ကြီးနဲ့ပတ်သက်ပြီး ဇာတ်သရုပ်ဆောင်၊ နှစ်ပါးသွား၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနဲ့ ပံ့ပိုးဆိုင်းအဖွဲ့ ထူးချွန်ဆုတွေပါ ခွဲခြားချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။
ရုပ်သေးကတော့ မြန်မာ့အနုပညာမှာ နိုင်ငံတကာအထိထင်ရှားစေနိုင်တဲ့ အမွေအနှစ်တစ်ရပ်ပါ။ ကြိုးဆွဲရုပ်သေးမှာ ရုပ်သေးရုပ်ရဲ့လှုပ်ရှားမှု၊ ဇာတ်လမ်း၊ အသံ၊ တီးဝိုင်းနဲ့ ဇာတ်သဘင်ဟန်တွေပေါင်းစပ်ပြီး ရုပ်သေးနဲ့ ဇာတ်တော်ကြီး ယှဉ်ပြိုင်တင်ဆက်မှုတွေက မြန်မာ့ဇာတ်သဘင်နဲ့ ရုပ်သေးသဘင်ရဲ့တန်ဖိုးကို ထင်ဟပ်စေတဲ့ အနုပညာတွေပဲဖြစ်ပါတယ်။
အရေးပညာကတော့ စာပေနဲ့ဘာသာစကားနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြန်မာစာပေထဲမှာ ခေတ်အဆက်ဆက်ရေးသားခဲ့ကြတဲ့ ကဗျာ၊ စာ၊ ဆောင်းပါးနဲ့ စာပေလက်ရာတွေကနေ အဲဒီခေတ်ရဲ့ လူမှုဘဝ၊ အတွေးအခေါ်နဲ့ တန်ဖိုးထားမှုတွေကိုသိနိုင်ပါတယ်။ ဒါကြောင့် အရေးအနုပညာကို ထိန်းသိမ်းတယ်ဆိုတာ စာရေးတတ်ဖို့အတွက်သာမဟုတ်ဘဲ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာပေအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းတာလည်းဖြစ်ပါတယ်။
သံစဉ်တစ်ခုနဲ့ အနုပညာလောကတစ်ခုလုံးကို ထောက်ပံ့ပေးခြင်း
အဆိုရှိရင် အတီးရှိရပါတယ်။ အကရှိရင်လည်း အတီးရှိရပါတယ်။ သီချင်းရဲ့ သံစဉ်နောက်ကွယ်မှာ တီးဝိုင်းရဲ့ အခန်းကဏ္ဍက မရှိမဖြစ်ပါ။ မြန်မာ့ရိုးရာတူရိယာတွေထဲမှာ ဆိုင်းဝိုင်း၊ ပတ္တလား၊ စောင်း၊ နှဲ စတဲ့တူရိယာတွေဟာ မြန်မာ့ဂီတရဲ့ ကိုယ်ပိုင် အသံကို ဖော်ဆောင်ပေးနေပါတယ်။
အတီးပညာမှာ တူရိယာတစ်ခုချင်းစီကို တီးတတ်ရုံနဲ့ မပြီးပါဘူး။ အသံအတိုးအကျယ်၊ အချိန်အခါ၊ သံစဉ်နဲ့ အခြားတူရိယာတွေအကြား လိုက်ဖက်ညီအောင် တီးခတ်နိုင်ဖို့လေ့ကျင့်မှုနဲ့ အတွေ့အကြုံလိုပါတယ်။ ဆိုင်းဝိုင်းကြီးတစ်ခုရဲ့ အသံကိုကြားတဲ့အခါ အဲဒီအသံနောက်ကွယ်မှာ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ယူလာခဲ့တဲ့ ဆရာအဆက်ဆက်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ပညာရပ်တွေရှိနေပါတယ်။
ဆုရဖို့သက်သက်သာမက မျိုးဆက်သစ်များ ပျိုးထောင်ခြင်း
ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပရခြင်းဟာ ဆုရရှိတဲ့အနုပညာရှင်တွေ ပေါ်ထွက် လာဖို့သက်သက် မဟုတ်ပါဘူး။ မြို့နယ်အဆင့်ကနေ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့်အထိ အဆင့်ဆင့်ရွေးချယ်ယှဉ်ပြိုင်ရတဲ့အတွက် ရိုးရာယဉ်ကျေးမှုအနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဟာ ပထမဆုံးအကြိမ်စင်မြင့်ပေါ်တက်ရောက်ယှဉ်ပြိုင်တဲ့အချိန်ကနေ အတွေ့အကြုံတွေ ရရှိလာနိုင်ပါတယ်။ ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက်ပြိုင်ပွဲမှာ ဗဟိုအဆင့်အထိ ပြိုင်ပွဲဝင် ၁၆၆၁ ဦး ပါဝင်ခဲ့တယ်ဆိုတာလည်း ဒီစင်မြင့်ရဲ့ အကျယ်အဝန်းကို ပြသနေပါတယ်။
မျိုးဆက်သစ်လူငယ်တွေဟာ အဆိုပညာ၊ အတီးအမှုတ်တူရိယာပညာ၊ မြန်မာ့ရိုးရာအက ပညာနဲ့ သီချင်းရေးသားခြင်းတွေကို ယှဉ်ပြိုင်ခွင့်ရရှိပြီး ဆုမရစေကာမူ သူတို့အတွက် ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အနုပညာကို ထိတွေ့ခံစားပါဝင်ဖူးတဲ့ အတွေ့အကြုံကောင်းတွေကို မလွဲမသွေ ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။
နောင်တစ်ချိန်မှာ အဲဒီလူငယ်တွေထဲက အဆိုတော်တွေ ပေါ်လာနိုင်ပါတယ်။ အကပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ စာရေးဆရာတွေ ဖြစ်လာနိုင်ပါတယ်။ တူရိယာပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ တချို့က တေးရေးဆရာတွေ၊ ကျွမ်းကျင်အနုပညာရှင်တွေဖြစ်ပြီး နောက်မျိုးဆက်ကို ပြန်လည်သင်ကြား ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
အကဲဖြတ်ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီး
ပြိုင်ပွဲတစ်ခုရဲ့ အရည်အသွေးကို ပြိုင်ပွဲဝင်တွေနဲ့ပဲ ဆုံးဖြတ်လို့မရပါဘူး။ နောက်ကွယ်မှာ ပညာရပ်ကို နားလည်တဲ့ အကဲဖြတ်ပညာရှင်တွေရှိနေပါတယ်။ (၂၆) ကြိမ်မြောက် ဗဟိုအဆင့်ပြိုင်ပွဲမှာ အကဲဖြတ်ပညာရှင် ၁၀၇ ဦး ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး အကဲဖြတ်ပညာ ရှင်တွေက စည်းမျဉ်းစည်းကမ်းနဲ့အညီ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်ရေး၊ ဘက်လိုက်မှုကင်းရှင်းစွာနဲ့ မျိုးဆက်သစ်လူငယ်တွေကို ဖော်ထုတ်ပေးရေးဟာလည်း အလွန်အရေးကြီးပါတယ်။
ကဗျာလွတ်အကမှာ လက်ဘယ်လိုထားသလဲ၊ ခြေဘယ်လိုရွှေ့သလဲ၊ ခါးချိုးတဲ့အခါ ကိုယ်ဟန်ဘယ်လိုရှိသလဲဆိုတာကအစ အနုပညာစည်းကမ်း တွေရှိပါတယ်။ အဆိုမှာ အသံ၊ သံစဉ်နဲ့ ဆိုဟန် ရှိပါတယ်။ အရေးမှာ အကြောင်းအရာနဲ့ ဘာသာစကားအပြင် ရေးသားပုံ၊ အတွေးအခေါ်ရှိပါတယ်။ အတီးမှာလည်း သံစဉ်၊ တီးချက်နဲ့ တူရိယာပိုင်နိုင်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒိုင်တွေရဲ့ အကဲဖြတ်မှုဟာ ပြိုင်ပွဲဝင်တစ်ဦးကို ဆုတစ်ခုပေးလိုက်ခြင်းထက် ဘယ်လိုအနုပညာပုံစံကို နောင်မျိုးဆက်ဆီ ဆက်ပို့မလဲဆိုတာကိုပါ ဆုံးဖြတ်ပေးနေခြင်းဖြစ်တာကြောင့် ပညာရှင်တွေရဲ့အခန်းကဏ္ဍက အရေးကြီးတာကို ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးမှာ မြင်တွေ့ရပါတယ်။
ခေတ်မီဆန်းသစ်မှုနဲ့ ရိုးရာမပျက်စေတဲ့ ယဉ်ကျေးမှုကို မျှတစွာ ဖော်ထုတ်ကြရန်လို
ယနေ့ခေတ်လူငယ်တွေဟာ နိုင်ငံခြားဂီတ၊ ရုပ်ရှင်၊ ဖက်ရှင်နဲ့ဖျော်ဖြေရေးပုံစံတွေကို ဖုန်းတစ်လုံးနဲ့ အလွယ်တကူ ထိတွေ့နိုင်ကြပါတယ်။ ဒါပေမဲ့ ခေတ်မီလာတာနဲ့ ရိုးရာအနုပညာကို စွန့်ပစ်ရတာမျိုးမဟုတ်ပါဘူး။ တစ်ဖက်မှာ K-pop နားထောင်ရင်း တစ်ဖက်မှာမြန်မာ့မဟာဂီတကို လေ့လာနိုင်ပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေကြည့်ရင်း မြန်မာ့ဇာတ်တော်ကြီးကိုလည်း သိနိုင်ပါတယ်။
နည်းပညာအသစ်တွေသုံးရင်း ကိုယ့်နိုင်ငံရဲ့ ရိုးရာတူရိယာအသံကို လူငယ်တွေနားထောင်လာအောင် ပြန်လည်ဖော်ဆောင်ဖို့ မြန်မာနိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ ရိုးရာယဉ်ကျေးမှုဟာ အတိတ်ကအရာမဟုတ်ဘဲ မိမိတို့အားလုံးနဲ့အနီးစပ်ဆုံးရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်နည်းပညာ၊ လူမှုကွန်ရက်နဲ့ မီဒီယာတွေကို အသုံးချပြီး မြန်မာ့အနုပညာကို လူငယ်တွေနဲ့ ပိုမိုနီးစပ်အောင်ဖန်တီးပေးရပါမယ်။ ဒါမှသာ ယဉ်ကျေးမှုအနုပညာဟာ ပြတိုက်ထဲမှာပဲရှိနေတဲ့ အရာမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ ဆက်လက်ရှင်သန်နေတဲ့ အနုပညာဖြစ်လာမှာပါ။
နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ ကိုယ့်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို နိုင်ငံတကာမှာလည်း အဲဒီနိုင်ငံကို သိမြင်စေနိုင်တဲ့ တံခါးတစ်ချပ် ဖြစ်ပါတယ်။ မြန်မာအကကို နိုင်ငံခြားသား တစ်ယောက်မြင်ပြီး “ဒါ မြန်မာ့ရိုးရာအကပါလား” လို့သိလာတာ၊ မြန်မာ့ရိုးရာတူရိယာတစ်ခုရဲ့အသံကိုကြားပြီး မြန်မာ့ဂီတဆိုတာ ဘယ်လိုဟန်ရှိတယ်ဆိုတာ စိတ်ဝင်စားလာတာ၊ မြန်မာ့ရိုးရာဇာတ်တော်ကြီး၊ ရုပ်သေး၊ သီချင်းနဲ့စာပေတွေကို လေ့လာချင်လာတာတွေဟာ ယဉ်ကျေးမှုကနေတစ်ဆင့် ပေါ်ပေါက်လာနိုင်တဲ့ ဆွဲဆောင်မှုတွေပါ။ အဲဒီယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုကို စနစ်တကျဖော်ထုတ်အသုံးချနိုင်ရင် Soft Power ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆို၊ က၊ ရေး၊တီးပြိုင်ပွဲကြီးဟာ ပြည်တွင်းမှာ လူငယ်တွေကိုပြိုင်ပွဲဝင်စေပြီး ဆုချီးမြှင့်တဲ့ပွဲတစ်ခုအဖြစ်သာ မမြင်သင့်ပါဘူး။ မြန်မာ့ကိုယ်ပိုင်ဝိသေသလက္ခဏာကို ကိုယ်တိုင်ပြန်လည်သိရှိစေပြီး နိုင်ငံတကာအထိဖော်ဆောင်နိုင်မယ့် အခြေခံအင်အားကို စုစည်းပေးတဲ့ ယဉ်ကျေးမှုစင်မြင့်တစ်ခုအဖြစ်လည်း မြင်နိုင်ပါတယ်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီး နီးကပ်လာခဲ့ပြီ
ယခုနှစ်မှာတော့ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာနဲ့ နိုင်ငံတော်အဆင့် ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ “ဒီနှစ်ဘယ်သူဆုရမလဲ” ဆိုတာထက် ဘယ်လိုမျိုးဆက်သစ်တွေ ထွက်ပေါ် လာမလဲ၊ ဘယ်လို မြန်မာ့ရိုးရာယဉ်ကျေးမှုအနု ပညာကို လူငယ်တွေ ပြန်လည်စိတ်ဝင်စားလာမလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာဖြစ်ပါတယ်။
ကဗျာလွတ်ကနေ ရုပ်သေးအထိ၊ တစ်ပင်တိုင်ကနေ ဇာတ်တော်ကြီးအထိ၊ မဟာဂီတကနေ ကာလပေါ်တေးအထိ၊ ပတ္တလား၊ စောင်း၊ နှဲ၊ ဆိုင်းဝိုင်း၊ ဒုံမင်းစတဲ့ တေးသွားဂီတသံတွေ ဘယ်လို ဆက်လက်ရှင်သန်မလဲဆိုတာ၊ မြန်မာ့စာပေနဲ့အရေးပညာကို နည်းပညာခေတ်ထဲမှာ ဘယ်လိုဆက်အသက်သွင်းမလဲဆိုတာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို ကိုယ့်နိုင်ငံမှာသာမက နိုင်ငံတကာပရိသတ်တွေဆီ ဘယ်လိုရောက်အောင်ဖော်ဆောင်မလဲဆိုတာ လူငယ်တွေအထိ၊ ပြိုင်ပွဲဝင် တွေအထိ တွေးတောဆင်ခြင်ကြစေလိုပါတယ်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးမှာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်နဲ့ ဗဟိုအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဟာ သီချင်းတစ်ပုဒ်အတွက် အချိန်နာရီများစွာ သီဆိုလေ့ကျင့်ကြရသလို ကကွက်တစ်ခုချင်းစီကို စိတ်ရောကိုယ်ရောနှစ်ပြီး ထပ်ခါတလဲလဲလေ့ကျင့်ကြသူများ၊ များစွာသောဗဟုသုတတွေကို ဖြည့်ဆည်းဖတ်ရှုပြီး တေးသီချင်းများစွာ ဖန်တီးရေးစပ်လေ့ကျင့်သူများ၊ တူရိယာအမျိုးမျိုးကို အခြေခံကနေစတင်ပြီး ကြိမ်ဖန်များစွာ တီးခတ်ပြင်ဆင်လေ့ကျင့်ခဲ့ရသူများဖြစ်တာကြောင့် သူတို့အားလုံးဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရဲ့ ဂုဏ်ယူဖွယ်ရာအနာဂတ်အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
ဒီကနေ့ စင်မြင့်ထက်က ပြိုင်ပွဲဝင် လူငယ်တစ်ယောက်က အနာဂတ်မှာကျွမ်းကျင်တဲ့ အနုပညာဆရာတစ်ဦး ဖြစ်လာနိုင်သလို ဒီကနေ့ ဆရာတွေထံမှာ ပညာဆည်းပူးနေသူ လူငယ်တစ်ယောက်ဟာ နောင်တစ်ချိန်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို နိုင်ငံတကာစင်မြင့်အထိ ယူဆောင်သွားနိုင်တာမို့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာစင်မြင့်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးဟာ အဆိုပြိုင်ပွဲတစ်ခု၊ အကပြိုင်ပွဲတစ်ခု၊ အရေးပြိုင်ပွဲတစ်ခု၊ အတီးပြိုင်ပွဲတစ်ခုကို သီးခြားကျင်းပနေခြင်း မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ အသံ၊ ဟန်၊ စကားနဲ့ သံစဉ်တွေ တစ်နေရာတည်းမှာ ပြန်လည် ဆုံစည်းတဲ့ ဆုံမှတ်ဖြစ်သလို တစ်နိုင်ငံလုံးက မျိုးဆက်သစ်တွေကို မြန်မာ့ယဉ်ကျေးမှုအနုပညာနဲ့ ပြန်လည်ချိတ်ဆက်ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာကို ကိုယ်တိုင်နားလည်လာစေပါတယ်။ အဲဒီလို နားလည်မှုကနေ ဂုဏ်ယူမှုဖြစ်လာပါတယ်။ ဂုဏ်ယူမှုကနေ ထိန်းသိမ်းလိုစိတ်ဖြစ်လာရင်တော့ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်နိုင်ငံ အတွင်းသာမက ကမ္ဘာ့အလယ်မှာပါ သိမြင်လာအောင် ဖော်ဆောင်နိုင်တဲ့ အင်အားတစ်ခုဖြစ်လာမယ်ဆိုတာ ဧကန်ဖြစ်ပါတယ်။
အဆိုရဲ့အသံ၊ အကရဲ့ဟန်၊အရေးရဲ့စာသားနဲ့ အတီးရဲ့သံစဉ်တွေဟာ မြန်မာ့အနုပညာရဲ့ အစိတ် အပိုင်းလေးခုသာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလေးခုထဲမှာ ကိုယ့်နိုင်ငံရဲ့ အတိတ်သမိုင်း၊ ကိုယ့်တိုင်းရင်းသား လူမျိုးတွေအားလုံးရဲ့ အတွေးအခေါ်၊ ခံစားချက်နဲ့ ကိုယ်ပိုင်အသံတွေ ပါဝင်နေပါတယ်။ အဲဒီအသံတွေ မတိတ်သွားအောင်၊ အဲဒီဟန်တွေ မပျောက်သွားအောင်၊ အဲဒီစာတွေ မပြတ်သွားအောင်၊ အဲဒီသံစဉ် တွေ မရပ်တန့်သွားအောင် မျိုးဆက်တစ်ဆက်ကနေတစ်ဆက် ဆက်လက်သယ်ဆောင်ပေးနိုင်ခြင်း ကပဲ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့ အနာဂတ်ကို ဆက်လက်ရှင်သန်စေမှာဖြစ်ပါတယ်။
ဒါကြောင့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးကို ဂုဏ်ယူစွာ စောင့်မျှော်ကြိုဆိုရင်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို မျိုးဆက်တစ်ဆက်ကနေတစ်ဆက် မပျောက်မပျက်လက်ဆင့်ကမ်းပြီး ကိုယ့်ရဲ့အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာကို ကိုယ်တိုင်တန်ဖိုးထားကာ နိုင်ငံသားတိုင်းက စိတ်အားတက်ကြွစွာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
No comments:
Post a Comment