ဒေါက်တာဇင်ဇေယျာဝင်း
ကလေးများ၏ အာဟာရသည် နိုင်ငံ၏အနာဂတ်
ကလေးများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး ယနေ့ကျန်းမာစွာကြီးပြင်းလာသောကလေးများသည် မနက်ဖြန်တွင် ကျွမ်းကျင်သောပညာရှင်များ၊ တာဝန်ယူမှုရှိသော နိုင်ငံသားများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအင်အားများဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် ကလေးများ၏ကျန်းမာရေးနှင့် အာဟာရသည်
မိသားစုတစ်စု၏ တာဝန်သာမက နိုင်ငံ၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော
ရင်းနှီးမြှုပ်နှံမှုတစ်ရပ်လည်းဖြစ်သည်။ WHO ၊ UNICEF နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏
အစီရင်ခံစာများအရ ကလေးဘဝတွင် ရရှိသောအာဟာရအခြေအနေသည် ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းဖွံ့ဖြိုးမှုနှင့်
အနာဂတ်ဘဝအပေါ် ရေရှည်သက်ရောက်မှုရှိပြီး အာဟာရချို့တဲ့မှုသည် အရွယ်ရောက်ချိန်တွင် ကျန်းမာရေးနှင့်
လူမှုစီးပွားရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ကလေးများ၏အာဟာရကို နိုင်ငံ
အနာဂတ်အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
ကလေးကြီးထွားဖွံ့ဖြိုးမှုတွင်
အာဟာရ၏အခန်းကဏ္ဍ
ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုသည်မှာ ကိုယ်ခန္ဓာအရွယ်အစား
တိုးတက်လာခြင်းသာမက ဦးနှောက်၊ အာရုံကြောစနစ်၊ အရိုး၊ ကြွက်သား၊ ကိုယ်ခံအားစနစ်နှင့်
စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးလာခြင်းကို ဆိုလိုသည်။ အထူးသဖြင့် ကျောင်းနေအရွယ်သည်
ကိုယ်ခန္ဓာကြီးထွားနှုန်းမြန်ဆန်သည့် Growth Spurt Period ဖြစ်ပြီး အရပ်ရှည်ထွားလာမှု၊
အရိုးနှင့် ကြွက်သားဖွံ့ဖြိုးမှု၊ ဦးနှောက်စွမ်းရည်နှင့် သင်ယူနိုင်စွမ်းတိုးတက်မှုများအတွက်
အာဟာရလိုအပ်ချက် မြင့်မားသောကာလဖြစ်သည်။
ဤကာလတွင် အာဟာရမလုံလောက်ပါက ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊
ပညာသင်ယူနိုင်စွမ်းနှင့် အနာဂတ် ကျန်းမာရေးအပေါ် ထိခိုက်မှုများဖြစ်ပေါ်နိုင်သည်။ ကလေးများ၏
အစားအစာတွင် စွမ်းအင်ပေးသော ကာဗိုဟိုက်ဒရိတ်၊ ကိုယ်ခန္ဓာတည်ဆောက်ပေးသော ပရိုတင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်
လိုအပ်သော အဆီဓာတ်များနှင့် ဗီတာမင်၊ သတ္တုဓာတ်များ မျှတစွာပါဝင်ရမည်။ အထူးသဖြင့် သံဓာတ်၊
ဇင့်၊ ဗီတာမင် A နှင့် အိုင်အိုဒင်းတို့သည် ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခံအားနှင့်
ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ဆန်၊ ဂျုံကဲ့သို့ စွမ်းအင်ပေးအစားအစာများနှင့်အတူ
အသား၊ ငါး၊ ဥ၊ ပဲမျိုးစုံ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို
မျှတစွာကျွေးမွေးသင့်သည်။
အာဟာရချို့တဲ့မှုနှင့် ခေတ်သစ်အာဟာရပြဿနာများ
ကမ္ဘာတစ်ဝန်းတွင် ကလေးအာဟာရပြဿနာများသည်
ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အချို့ဒေသများတွင် အာဟာရမလုံလောက်မှုကြောင့် အရပ်ပုခြင်း၊
ပိန်လွန်းခြင်းနှင့် ကိုယ်အလေးချိန်နည်းခြင်း များဖြစ်ပေါ်နေသကဲ့သို့ အခြားဒေသများတွင်
ကလေးအဝလွန်ခြင်းလည်း တိုးပွားလာနေသည်။
WHO က ယင်းအခြေအနေကို “Double Burden
of Malnutrition” ဟု သတ်မှတ်ထားပြီး အာဟာရချို့တဲ့မှုနှင့် အာဟာရလွန်ကဲမှုတို့သည် တစ်နိုင်ငံတည်း
သို့မဟုတ် မိသားစုတစ်စုအတွင်းပင် တစ်ပြိုင်နက်ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။ အာဟာရချို့တဲ့သောကလေးများသည်
ကိုယ်ခံအားနည်း၍ ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်ပြီး အရွယ်ရောက်ချိန်တွင် ဆီးချို၊
သွေးတိုးနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေမြင့်တက်လာနိုင်သည်။ တစ်ဖက်တွင်
သကြား၊ အဆီနှင့် ဆားများသော အချိုရည်များနှင့် အသင့်စားအစားအစာများကို အလွန်အကျွံစားသုံးခြင်းသည်
ကလေးအဝလွန်ခြင်း နှင့် ဆက်စပ်ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ယနေ့ခေတ်ကလေးအာဟာရ၏
ရည်ရွယ်ချက်မှာ အစာရရှိစေရုံသာမက ကျန်းမာသောအစားအစာများကို မှန်ကန်စွာရွေးချယ်စားသုံး
နိုင်သည့်အလေ့အထများ တည်ဆောက်ပေးရန် ဖြစ်သည်။
ကျောင်းအာဟာရအစီအစဉ်၏အရေးပါမှု
မူကြိုနှင့် ကျောင်းနေအရွယ်သည် ရုပ်ပိုင်းဆိုင်ရာ၊
ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေး စွမ်းရည်များဖွံ့ဖြိုးပြီး ကျန်းမာသောစားသောက်မှုအလေ့အထများ
တည်ဆောက်သည့် အရေးကြီး သောအချိန်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသည် စာသင်ကြားရာနေရာသာမက
ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရကို မြှင့်တင်ပေးနိုင်သော အရေးပါသည့် ပတ်ဝန်းကျင်တစ်ခုလည်းဖြစ်သည်။
ကျောင်းအာဟာရအစီအစဉ်သည် အာဟာရပြည့်ဝသော
အစားအစာများပံ့ပိုးပေးခြင်း၊ အာဟာရ ပညာပေးခြင်းနှင့် ကျန်းမာသောစားသောက်မှု အလေ့အကျင့်များ
တည်ဆောက်ပေးခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သည့် ကျန်းမာရေးမြှင့်တင်ရေး အစီအစဉ်ဖြစ်သည်။
ဤအစီအစဉ်များသည် ကမ္ဘာ တစ်ဝန်းရှိ ကလေးသန်းပေါင်းများစွာ၏ အာဟာရလုံခြုံရေးကို အထောက်အကူပြုနေပြီး
အထူးသဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးများအတွက် အရေးကြီးသောအာဟာရရင်းမြစ်တစ်ခု
ဖြစ်သည်။
သုတေသနများအရ ကျောင်းအာဟာရအစီအစဉ်များသည်
အာဟာရချို့တဲ့မှုကို လျှော့ချပေးနိုင်သကဲ့သို့ ကျောင်းတက်ရောက်မှု၊ အာရုံစူးစိုက်မှုနှင့်
သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ငယ်စဉ်ကတည်းက ကျန်းမာသောအစားအစာ
ရွေးချယ်စားသုံးသည့်အလေ့အထကို တည်ဆောက် ပေးခြင်းသည် ရေရှည်ကျန်းမာရေးအတွက် အရေးကြီးသည်။
ကျောင်းပတ်ဝန်းကျင်ရှိအစားအစာများ
ကျောင်းပတ်ဝန်းကျင်ရှိ အစားအစာရွေးချယ်မှုများသည်လည်း
ကလေးများ၏ အာဟာရအခြေအနေအပေါ် သက်ရောက်မှုရှိသည်။ ကျောင်းမုန့်ဈေးဆိုင်များတွင် သကြားပါဝင်မှုများသော
အချိုရည်များ၊ အာလူးကြော်၊ အသင့်စားခေါက်ဆွဲနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများကို
အလွယ်တကူရရှိနိုင်သဖြင့် ကလေးများအကြား စားသုံးမှုများလာသည်။ ထိုအစားအစာများသည် သကြား၊
ဆားနှင့် အဆီများပြီး အာဟာရတန်ဖိုးနည်းသောကြောင့် အာဟာရမညီမျှမှု၊ သွားပိုးစားခြင်းနှင့်
အဝလွန်ခြင်းတို့ဖြစ်ပေါ်စေနိုင်ကာ အနာဂတ်တွင် နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။
ထို့ကြောင့် ကျောင်းမုန့်ဈေးဆိုင်များတွင်
အသီးအနှံများ၊ နို့၊ ဥ၊ ပဲမျိုးစုံနှင့် မြန်မာ့ရိုးရာမုန့်များကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော
အစားအစာများကို ဦးစားပေးရောင်းချပြီး သကြား၊ ဆား နှင့် အဆီများလွန်းသော အစားအစာများကိုလျှော့ချသင့်သည်။
မိဘများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များနှင့် ရောင်းချသူများပူးပေါင်း၍
အာဟာရပညာပေးခြင်းဖြင့် ကျန်းမာသောစားသောက်မှုအလေ့အထများကို မြှင့်တင်ပေးနိုင်သည်။
နိုင်ငံတကာမှကျောင်းအာဟာရပုံစံများ
ဂျပန်နိုင်ငံသည် ကျောင်းအာဟာရတွင် အောင်မြင်သော
နမူနာနိုင်ငံတစ်နိုင်ငံဖြစ်ပြီး Shokuiku (Food and Nutrition Education) စနစ်မှတစ်ဆင့်
ကလေးများအား အစားအစာ၏တန်ဖိုး၊ အာဟာရနှင့် ကျန်းမာရေးအသိပညာများကို သင်ကြားပေးကာ ကျန်းမာသောစားသောက်မှု
အလေ့အထများကို ပြုစုပျိုးထောင်ပေးသည်။
ကျောင်းနေ့လယ်စာများတွင် ထမင်း၊ ဟင်းသီး
ဟင်းရွက်၊ ငါး သို့မဟုတ် အသား၊ နို့နှင့် ဒေသထွက် အစားအစာများကို မျှတစွာထည့်သွင်းထားသည်။
ထိုင်းနိုင်ငံတွင်လည်း အစိုးရက မူလတန်းကျောင်းသား ကျောင်းသူများအတွက် ထမင်း၊ အသား၊
ငါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများပါဝင်သော ကျောင်းနေ့လယ်စာများကို ထောက်ပံ့ပေးလျက်
ရှိသည်။ စင်ကာပူနိုင်ငံတွင် ကျောင်းကန်တင်းများအတွက် အာဟာရစံနှုန်းများ သတ်မှတ်ထားပြီး
သကြား၊ ဆားနှင့် အဆီများသော အစားအစာများကို လျှော့ချကာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာရွေးချယ်မှုများကို
အားပေးလျက်ရှိသည်။
မြန်မာနိုင်ငံအတွက် ကျောင်းအာဟာရ
မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရန်နှင့်
အရွယ်မတိုင်မီသေဆုံးမှုများ လျှော့ချနိုင်ရန် KG ကျောင်းသား ကျောင်းသူများအတွက် ကျောင်းတွင်း
အာဟာရကျွေးမွေးရေးအစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍
၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ကလေးအာဟာရတိုးတက်ရေးတွင်
တိုးတက်မှုများရရှိခဲ့သော် လည်း အချို့ဒေသများတွင် အာဟာရချို့တဲ့မှုက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
ဆင်းရဲနွမ်းပါးမှု၊ အစားအစာဘေးကင်းလုံခြုံရေး မပြည့်စုံမှု၊ အာဟာရအသိပညာနည်းပါးမှု၊
ကျန်းမာရေးဝန်ဆောင်မှုနှင့် သန့်ရှင်းရေးအခြေအနေများသည် ကလေးများ၏ အာဟာရအခြေအနေအပေါ်
သက်ရောက်မှုရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကျောင်းအာဟာရအစီအစဉ်များကို အောက်ပါအချက်များအပေါ်
အခြေခံ၍ တိုးချဲ့ဆောင်ရွက်သင့်ပါသည် -
(၁) ဒေသအလိုက်သင့်လျော်သော
အာဟာရအစီအစဉ်များ ဆောင်ရွက်ခြင်း
တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့် ကျေးလက်ဒေသများတွင်
စားသောက်မှုအလေ့အထနှင့် အစား အစာရရှိနိုင်မှုမတူညီသောကြောင့် ဒေသအခြေအနေနှင့်ကိုက်ညီသော
ကျောင်းအာဟာရပုံစံများ လိုအပ်သည်။
(၂) Home-Grown School
Feeding စနစ် အသုံးချခြင်း
WFP မှအားပေးသည့် Home-Grown School
Feeding စနစ်သည် ကျောင်းအစားအစာများအတွက် လိုအပ်သော ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊
ဥနှင့် ပဲမျိုးစုံတို့ကို ဒေသခံတောင်သူများထံမှ ရယူအသုံးပြုခြင်းဖြစ်သည်။ ယင်းစနစ်သည်
ကလေးများအား လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသောအစားအစာများ ရရှိစေရုံသာမက ဒေသခံစိုက်ပျိုးရေးနှင့်
စီးပွားရေးကိုလည်း အထောက်အကူပြုနိုင်သည်။
(၃) ကျောင်းကျန်းမာရေးနှင့် အာဟာရစောင့်ကြည့်မှုတိုးမြှင့်ခြင်း
ကျောင်းသားများ၏ အရပ်၊ ကိုယ်အလေးချိန်၊
BMI၊ သွေးအားနည်းမှုနှင့် အာဟာရအခြေအနေများကို ပုံမှန်စောင့်ကြည့်ခြင်းဖြင့် အာဟာရအစီအစဉ်များ၏ထိရောက်မှုကို
အကဲဖြတ်နိုင်ပြီး လိုအပ်သောပြုပြင်မှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ခြင်း
ကလေးများ၏အာဟာရသည် နေ့စဉ်စားသုံးရသည့် အစားအစာတစ်နပ်ထက်
ပိုမိုအရေးကြီးသော အနာဂတ်ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ ကလေးဘဝအာဟာရသည် ဘဝတစ်လျှောက်
ကျန်းမာရေးနှင့် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိသဖြင့် ကျောင်းအာဟာရအစီအစဉ်များတွင်
အာဟာရပြည့်ဝသော အစားအစာပေးအပ်ခြင်းနှင့်အတူ အာဟာရပညာပေးခြင်း၊ ကျန်းမာသောစားသောက်မှု
အလေ့အထများ မြှင့်တင်ပေးခြင်းကို အလေးထားဆောင်ရွက်သင့်သည်။
ကလေးအာဟာရ ဖွံ့ဖြိုးတိုးတက်ရေးသည် မိသားစု၊
ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းတို့ ပူးပေါင်းဆောင်ရွက်ရမည့် အမျိုးသားဖွံ့ဖြိုးရေး
လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ကလေးတိုင်းအား အာဟာရ ပြည့်ဝသောအစားအစာနှင့် ကျန်းမာသောပတ်ဝန်းကျင်ပံ့ပိုးပေးခြင်းသည်
နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ပေးခြင်းပင်ဖြစ်ပါသည်။ ။
No comments:
Post a Comment