တင့်ဝေ (အညာသား)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီ ရွေးချယ်တင်မြှောက်ပွဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရသက်တမ်းတွင် ပထမအကြိမ်ပြည်သူ့လွှတ်တော်ခရီး စတင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ခရီး ဆက်လက်ခရီးနှင်ခဲ့ပါသည်။ ယခု တတိယအကြိမ် ပြည်သူ့လွှတ်တော်ခရီးကို ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ရာ ၎င်းကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီး ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်တို့ကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော်နှစ်ရပ်ပေါင်းစည်းထားသော ပြည်ထောင်စုလွှတ်တော်ကို
ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို ကျင်းပခဲ့ရာ ပထမပုံမှန်အစည်းအဝေးနှင့်
ဒုတိယပုံမှန်အစည်းအဝေးများ ကျင်းပခဲ့ပြီးဖြစ်ပါသည်။
လွှတ်တော်ဖွဲ့စည်းခြင်း
လွှတ်တော်ဖွဲ့စည်းခြင်းအား လွှတ်တော်နှစ်ရပ်ဖြင့်
ဖွဲ့စည်းထားရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ
ရွေးကောက်တင်မြှောက်သည့် ၃၃၀ ထက် မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့်
ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၅၆ ဦးတို့ဖြင့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းရမည်ဖြစ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ပထမပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့်
ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဦးရေနှင့်
ဝန်ကြီးဌာနအရေအတွက်များကိုလည်း သတ်မှတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတော်သမ္မတက အောက်ပါပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များကို
ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းခဲ့ကာ
လွှတ်တော်က အတည်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်ထောင်စု
တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊
( ခ ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
( ဂ ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
(ဃ)
ပြည်ထောင်စုဝန်ကြီးများ၊
( င ) ပြည်ထောင်စုရှေ့နေချုပ်၊
( စ ) ပြည်ထောင်စုစာရင်းစစ်ချုပ်။
ယခုအခါ နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်
တရားစီရင်ရေးယန္တရားများ ပုံမှန်စတင် လည်ပတ်နေပြီဖြစ်သည်။ လွှတ်တော်သည် နိုင်ငံတော်နယ်နိမိတ်၊
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု၏ နယ်နိမိတ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊
မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ စသည်တို့ကိုပြင်ဆင်ရန်၊ ဖွဲ့စည်းရန်
သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၂၊ ၅၃၊ ၅၄
နှင့် ၅၅ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အနီးကပ်ဆုံးကျင်းပသော လွှတ်တော်အစည်းအဝေး၌
လွှတ်တော်က မှတ်တမ်းတင်ပေးရသည်။
လွှတ်တော်သည် နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီတင်သွင်းသော
အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များကို
အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့နှင့်စပ်လျဉ်း၍ အတည်ပြုပေးရမည်
ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတကဆောင်ရွက်သော
နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်ဖြတ်တောက်ခြင်းတို့နှင့်စပ်လျဉ်းသည့်
ကိစ္စရပ်များအပေါ် သဘောတူညီချက်ပေးရမည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌
နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းလျက် နိုင်ငံခြား
တိုင်းပြည်တစ်ခုခုနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်လျှင် ယင်း၏ အရေးယူဆောင်ရွက်ချက်ကို
လွှတ်တော်တွင် အတည်ပြုချက်ရယူရပါမည်။
နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းလျက် စစ်ရေးအရလိုအပ်သလိုဆောင်ရွက်ပြီး
နိုင်ငံတော်သမ္မတက ယင်းဆောင်ရွက်ချက်ကို လွှတ်တော်အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင်
ယင်းအစည်းအဝေးတွင်လည်းကောင်း၊ အစည်းအဝေး ကျင်းပနေချိန်မဟုတ်လျှင် အရေးပေါ်အစည်းအဝေးခေါ်ယူ၍လည်းကောင်း
အတည်ပြုချက်ရယူရမည်။ စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကသာ
သဘောတူညီချက်ပေးနိုင်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏
တာဝန်များ
လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
တည်ဆဲဥပဒေများကို ကာကွယ်စောင့်ရှောက်ခြင်း၊
(ခ) နိုင်ငံတော်နှင့်စပ်လျဉ်းသော
လျှို့ဝှက်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဂ) လွှတ်တော်သို့တင်သွင်းသော
ဥပဒေကြမ်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏
အကျိုးစီးပွားကိုသာ အဓိကထားခြင်း၊
(ဃ) နိုင်ငံသားများ၏
မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊
(င) မဲဆန္ဒနယ်မြေနှင့်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(စ) မဲဆန္ဒရှင်များအား
လွှတ်တော်အတွေ့အကြုံပြန်လည်ရှင်းလင်းတင်ပြခြင်း၊
(ဆ) မဲဆန္ဒရှင်များ၏
တင်ပြချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြခြင်း၊
(ဇ) လွှတ်တော်ကပေးအပ်သည့်
အခြားတာဝန်များကိုထမ်းဆောင်ခြင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏
လုပ်ပိုင်ခွင့်များ
လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်များမှာ
အောက်ပါအတိုင်းဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
ဥပဒေကြမ်းများ တင်သွင်းခြင်း၊
(ခ) ဥက္ကဋ္ဌ၏
ခွင့်ပြုချက်ဖြင့် အဆိုများ တင်သွင်းခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း၊
(ဂ) လွှတ်တော်တွင်
တင်ပြဆွေးနွေးသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော
အဖွဲ့အစည်းများနှင့် ယင်းတို့ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ၏
ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက်အလက်များ
ရယူခြင်း၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွှတ်တော်နှင့် လွှတ်တော်အဖွဲ့အစည်းများတွင်
လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိခြင်း၊
(င) လွှတ်တော်က
တင်မြှောက်သည့် သဘာပတိအဖြစ်လည်းကောင်း၊ လွှတ်တော်က ရွေးကောက်တင်မြှောက်သည့် ဥက္ကဋ္ဌ
သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးကောက်တင်မြှောက် ခံခွင့် သို့မဟုတ် ယင်းသို့
ရွေးကောက်တင်မြှောက်ခံရသူအဖြစ်မှ နုတ်ထွက်ခွင့်ရှိခြင်း၊
(စ) လွှတ်တော်အဖွဲ့အစည်းများတွင်
အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့် သို့မဟုတ်
ယင်းအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ရှိခြင်း၊
(ဆ) လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ
နုတ်ထွက်ခွင့်ရှိခြင်း၊
(ဇ) လွှတ်တော်ကိုယ်စားလှယ်များသည်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်လျှင်
သက်ဆိုင်ရာလွှတ်တော်ကော်မတီများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
(ဈ) လွှတ်တော်ကိုယ်စားလှယ်များသည်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များအား လုပ်ငန်းလိုအပ်ချက်အရ
ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်ကော်မတီများမှတစ်ဆင့်
ဆက်သွယ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ လွှတ်တော်များသို့ အသိပေးခြင်း၊
(ည) လွှတ်တော်အစည်းအဝေးကျင်းပသည့်
နေရာသို့ တက်ရောက်လေ့လာရန် လေ့လာသူအဖြစ် ပြည်သူများကို လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့်
ဖိတ်ကြားခြင်း။
မေးခွန်းနှင့်အဆိုများ
ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည်
တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ဒုတိယပုံမှန်အစည်းအဝေးများပြီးဆုံးပြီး
တတိယအကြိမ်ပြည်သူ့ လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် မေးခွန်းများမေးမြန်းခြင်းနှင့်
အဆိုပြုချက်များအား လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏
တင်ပြဆောင်ရွက်ခဲ့သည့် မေးခွန်းများနှင့် အဆိုများမှာ ၃၀ - ၇- ၂၀၂၆ ရက်နေ့ထိ ကြယ်ပွင့်ပြမေးခွန်း
၂၈၆ ခု၊ ကြယ်ပွင့် မပြမေးခွန်း ၄၃၆ ခု၊ စုစုပေါင်း ၇၂၂ ခုနှင့် အဆိုသုံးခု တင်သွင်းခဲ့ပြီး
တစ်ခုကို အတည်ပြုခဲ့၍ နှစ်ခုကို မှတ်တမ်းတင်ခဲ့ပါသည်။
တတိယအကြိမ် လွှတ်တော်ရေးရာကော်မတီများ
ပြည်သူ့လွှတ်တော်တွင် ရေးရာကော်မတီ ၂၂ ခု
ဖွဲ့စည်းထားရှိပြီး လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီမိတ်ဆက်အစည်းအဝေးတို့နှင့်စပ်လျဉ်း၍ ခွဲဝေသတ်မှတ် ဆောင်ရွက်လျက်ရှိပါသည်။ ယင်း တို့မှာ
အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဥပဒေကြမ်းကော်မတီ၊
( ခ ) ပြည်သူ့ငွေစာရင်းကော်မတီ၊
( ဂ ) လွှတ်တော်အခွင့်အရေးကော်မတီ၊
(ဃ) အစိုးရ၏အာမခံချက်များ၊
ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊
( င ) နိုင်ငံတကာဆက်ဆံရေးကော်မတီ၊
( စ ) အစိုးရမဟုတ်သော
ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၊
(ဆ) ကျန်းမာရေးနှင့်
အားကစားဆိုင်ရာကော်မတီ၊
( ဇ ) နယ်စပ်ဒေသ၊
တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ၊
(ဈ) တောင်သူလယ်သမားရေးရာကော်မတီ၊
(ည) လူငယ်၊
အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီ၊
( ဋ ) ပညာရေးမြှင့်တင်မှုကော်မတီ၊
( ဌ ) ပြည်တွင်း/
ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၊
( ဍ ) သတ္တု၊
သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊
( ဎ ) နိုင်ငံသားများ၏
မူလအခွင့်အရေး၊ ဒီမို ကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊
(ဏ) စိုက်ပျိုးရေး၊
မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊
(တ) ဆောက်လုပ်ရေး၊
စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၊
(ထ) ဟိုတယ်၊
ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊
( ဒ ) ဘဏ်များနှင့်
ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊
( ဓ ) စီမံကိန်းနှင့်
ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊
( န ) စီးပွားရေးနှင့်
ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊
( ပ ) ပို့ဆောင်ဆက်သွယ်ရေး၊
ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ၊
( ဖ ) တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ။
အဆိုပါ ပြည်သူ့လွှတ်တော်ရေးရာကော်မတီများသည်
ယင်းတို့အား သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များနှင့်အညီ သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊
အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေါင်းစပ်၍ မဲဆန္ဒရှင်များ၏ဆန္ဒများ၊ မျှော်လင့်ချက်များကို
ပြည်သူများကိုယ်စား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားကြမည် ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်ရေးရာကော်မတီအလိုက်
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ ရုံးဖုန်းနံပါတ်များ
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment