Monday, September 21, 2026

ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ

 



နေပြည်တော် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၌ ဩဂုတ်လကုန်မှ စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော တိုးမြစ်မြစ်ကမ်းပြိုခြင်း၊ ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့သော ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/ ၅ မှ ၁၁/ ၇ အတွင်းနှင့် တာမိုင် ၁၂/ ၂ မှ ၁၂/ ၃ အတွင်း နေရာများတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြည့် တာခြေထောက်ခြင်းနှင့် ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့အတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သံမဏိကြိုးဆိုင်း ရေကာဆောင်ရွက်မှု၊ Floating Unit ပြုလုပ်ခြင်းလုပ်ငန်း၊ Geotextile အစများဖြင့် ကမ်းပြိုကာကွယ်ထားရှိမှု၊ ရေနက်ပိုင်းရေစီးနှုန်းနှင့် ရေဦးထိုးမှုလျော့ကျစေရန် ဝါးသုံးချောင်းထောက် သဲအိတ်ဆွဲခြင်းနှင့် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုးမြစ်တစ်လျှောက် ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှု၊ သဲသောင်များဖြစ်ပေါ်နေမှုနှင့် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက ချောင်းကြီးဘက်ကမ်းရင်းကပ်၍ ရေစီးဆင်းနေမှုကို ရေလမ်းကြောင်းလွှဲစေရန်နှင့် လတ်တလော ရေထုထည်စီးဆင်းစေရန် ကျွန်းဖြတ်သောင်တူးလိုင်း တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်မှ စတင်ကာ Backhoe Dredger ဖြင့် တူးလိုင်းအောက်ဘက်တွင် အလျား ၁၀၀ မီတာနှင့် အလယ်တွင် အလျားမီတာ ၃၃၀၊ အကျယ် ၁၅ မီတာနှင့် ရေအနက် ၄ မီတာ တူးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် အထက်ဘက်၌ စတင်တူးဖော်ခဲ့ရာ အလျားမီတာ ၆၀ ပြီးစီးခဲ့မှု၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် Backhoe နှစ်စီးဖြင့် သောင်တူးလိုင်းတစ်လျှောက် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ Backhoe သုံးစီးအားဖြည့်ကာ ရေစီးလမ်းကြောင်းအမြန်ပြောင်းရန် သောင်တူးလုပ်ငန်း စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် ရေရှည်သောင်တူးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက တိုးမြစ်ကမ်းပြိုမှုများ ဆက်လက်မဖြစ်ပေါ်စေရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

လက်ရှိ တိုးမြစ်မြစ်ကမ်းပြိုခြင်းနှင့် ရေတိုက်စားမှုများပေါ် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်အဖွဲ့ဝင်များ၊ ရပ်ရွာအများပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေဘေးအန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment