နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ကိုရီးယားသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. JO Hee-de ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Grand Hyatt Seoul ဟိုတယ်၌ ကိုရီးယားသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၂၀) မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များ ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံသည်
အာရှ-ပစိဖိတ်ဒေသ၏ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲများ စုစည်းတွေ့ဆုံပြီး နိုင်ငံအသီးသီး၏
တရားစီရင်ရေးစနစ်များနှင့် တရားစီရင်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြင်များကို ဖလှယ်ခြင်းဖြင့်
အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက်
အထောက်အကူပြုစေရန်နှင့် ဒေသတွင်း နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက်
လက်တွေ့ကျသော နည်းလမ်းများကို ဖော်ထုတ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ
ပီနန်မြို့၌ ပထမအကြိမ် အစည်းအဝေးအဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် အချိန်မှစ၍
အာရှ-ပစိဖိတ်ဒေသအတွင်း တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသော
အခြေခံအုတ်မြစ်တစ်ရပ်အဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ကိုရီးယားနိုင်ငံ
တရားလွှတ်တော်ချုပ်သည် ယခင် ၁၉၉၉ ခုနှစ်တွင် (၈) ကြိမ်မြောက် အစည်းအဝေးနှင့် ၂၀၁၁ ခုနှစ်တွင်
(၁၄) ကြိမ်မြောက် အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ပြီး
ယခုတစ်ဖန် ဤနိုင်ငံတကာ အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ကာ ဆိုးလ်မြို့သည်
(၃) ကြိမ်မြောက် အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ပထမဆုံးမြို့ဖြစ်လာခဲ့ပြီး နိုင်ငံတကာအစည်းအဝေးများ၏သမိုင်းတွင်
မှတ်တိုင်သစ်တစ်ရပ်ကို စိုက်ထူနိုင်ခဲ့သည်။
ညီလာခံကို ကိုရီးယားသမ္မတနိုင်ငံ
တရားလွှတ်တော်ချုပ်နှင့် LAWASIA တို့ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ
Grand Hyatt Seoul ဟိုတယ်၌ ကျင်းပခဲ့ရာ နိုင်ငံတကာမှ တရားစီရင်ရေးနယ်ပယ်ပေါင်း ၄၀ ကျော်နှင့်
နိုင်ငံတကာအဖွဲ့အစည်း ၁၃ ဖွဲ့တို့မှ တရားသူကြီးချုပ်များအပါအဝင် ကိုယ်စားလှယ် ၂၅၀ ခန့်
တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံ တက်ရောက်လာကြသော
တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တရားစီရင်ရေးနှင့် ဆက်နွှယ်သော ဘာသာရပ်များကို
ဆွေးနွေးကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏
တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ၏
ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ ညီလာခံသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ
တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် တရားစီရင်ရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့်
တရားစီရင်ရေးတွင် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုမှု၊ တရားစီရင်ရေးဆိုင်ရာ ပညာရေး၏
အရေးပါပုံ၊ မီဒီယာနှင့်ထိတွေ့ဆက်ဆံခြင်း၊ တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှုမြှင့်တင်ခြင်း၊
အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကိုကာကွယ်ခြင်း
စသည့်အကြောင်းအရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။
ညီလာခံကာလအတွင်း
စက်တင်ဘာ ၁၆ ရက်တွင် UNCITRAL တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ်ညီလာခံနှင့်
LAWASIA မျက်နှာစုံညီအစည်းအဝေး၊ OECD နံနက်စာအစီအစဉ်၊ SIFOCC နှင့် SIFOCC ပံ့ပိုးကူညီရေးအဖွဲ့၏
မွန်းလွဲပိုင်းအစီအစဉ်၊ စက်တင်ဘာ ၁၈ ရက်တွင် UNIDROIT တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်
Networking Breakfast အစီအစဉ်တို့ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ်သည်
ညီလာခံတက်ရောက်စဉ်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ်၏ ကွန်ပျူတာနှင့်
သတင်းအချက်အလက်စင်တာနှင့် သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်ပြတိုက်
(War Memorial of Korea) တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment