Saturday, September 5, 2026

အားကောင်းလာနိုင်မည့်အယ်လ်နီညို ကြိုတင်ပြင်ဆင်သတိပြုဆောင်ရွက်




ယခုနှစ်မိုးဦးကာလက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအေဂျင်စီက ခန့်မှန်းပြောကြားခဲ့ပြီး အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာအများစုတွင် အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပြင်းထန်သည့်ရာသီဥတုအခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု အသိပေးထားသည်။ အသိပေးထားမှုနှင့်အတူ မြန်မာနိုင်ငံတွင် မုတ်သုံရာသီကာလ၌ ပုံမှန်ထက်လွန်ကဲသည့် အဆက်မပြတ် မိုးရွာသွန်းမှုများနှင့်ကြုံတွေ့နေရသလို အခြားနိုင်ငံများတွင်လည်း မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ အပူချိန်လွန်ကဲခြင်း စသည့်ဖြစ်စဉ်များနှင့်ကြုံတွေ့နေရသည်။

ပီရူးနိုင်ငံကမ်းခြေအနီး ပစိဖိတ်သမုဒ္ဒရာရေပြင်၏ အပူချိန်သည် ပုံမှန်နှစ်များထက် ပိုမိုမြင့်တက်လာသည့်အခါ အယ်လ်နီညိုအခြေအနေဖြစ်ပေါ်လာသည်။ တောင်အာဖရိက မိုးလေဝသဌာန၏ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပစိဖိတ်သမုဒ္ဒရာအတွင်း အားကောင်းသောအယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နေသည်ဟု အသိပေးထားသည်။ အယ်လ်နီညိုသည် ပိုမိုပြင်းထန်လာနိုင်ကြောင်းနှင့် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း၏ အပတ်စဉ်ပျမ်းမျှပင်လယ်ရေမျက်နှာပြင် အပူချိန်မူမမှန်မှုသည် အလွန်ပြင်းထန်သော အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပွားရန် သတ်မှတ်ထားသောအနိမ့်ဆုံးအဆင့်ကို ကျော်လွန်လာပြီဖြစ်ကြောင်း အသိပေးထားသည်။ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ မိုးလေဝသဌာနများကလည်း အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းလာပြီး ယခုနှစ်ကုန်မှ ၂၀၂၇ ခုနှစ် နှစ်ဦး ကာလတွင် အလွန်အင်အားကောင်းလာနိုင်ကြောင်း အသိပေးထားသည်။

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာမှစတင်ဖြစ်ပေါ်လာပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ကျော်လွန်ပါက ပြင်းထန်သောအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟု သတ်မှတ်ထားသည်။ ၂ ဒီဂရီ ဆဲလ်စီးယပ်ထက်ကျော်လွန်ပါက အလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်ဟု သတ်မှတ်ထားသည်။ လတ်တလောတွင် အပူချိန်မူမမှန်မှုသည် ၃ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း တောင်အာဖရိက မိုးလေဝသဌာနက ခန့်မှန်းထားသည်။ အဆိုပါအခြေအနေသည် ရာသီဥတုအခြေအနေကို ပိုမိုပြင်းထန်စေနိုင်ကြောင်း၊ အပူချိန်နှင့်ဆက်စပ်သည့် ဖျားနာမှုများအပြင် အခြားရောဂါပိုးသယ်ဆောင်လာသည့် ကူးစက်ရောဂါများ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်စေနိုင်ခြင်း၊ အစားအစာနှင့် ရေအရင်း အမြစ်များတွင် စိန်ခေါ်မှုများ များလာခြင်းတို့ကို သတိပေးထားသည်။

အယ်လ်နီညိုဖြစ်စဉ် အားကောင်းလာသည်မှာ အမှန်ဖြစ်သည်။ အယ်လ်နီညို ဖြစ်စဉ်သည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံရိုက်ခတ်မှုပြင်းထန်သည်ကို မကြာသေးမီက နိုင်ငံအများစုတွင် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့်ရာသီဥတုအခြေအနေများတွင် တွေ့နိုင်သည်။ တရုတ်နိုင်ငံတွင် အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဘာဝဘေး အန္တရာယ်များကို ပြည်သူများကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက နီပေါနိုင်ငံတွင် ရေခဲတောင်အရည်ပျော်ပဲ့ကျကာ တောင်ပေါ်ရေကန်ကြီးဖြစ်ပေါ်ပြီး အဆိုပါကန်ကြီး ကျိုးပေါက်ကျဆင်းလာမှုကြောင့် ပြည်သူတစ်ထောင်ကျော်သေဆုံးပြီး လေးထောင်ကျော်ပျောက်ဆုံးနေကြောင်း စိတ်မကောင်းဖွယ်သတင်းကို မြင်တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်သဘောအရ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း၊ မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မိုးနည်းခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ဖြစ်ပေါ်နိုင်သော်လည်း လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်အရ ပုံမှန်ထက်ပိုမိုမူမမှန်သည့် မိုးရွာသွန်းမှုဖြစ်စဉ်ဖြစ်ပွားနေပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ရေကြီးရေလျှံဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို သတိပြုဆောင်ရွက်ထားကြရန်လိုသည်။ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးသီးနှံများ ဆားငန်ရေမဝင်ရောက်အောင် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုများမှ ကွင်းအလိုက် ရေပြန်ပေါ်သည့် ဧရိယာ၊ ဧက၊ တောင်သူတစ်ဦးချင်း၏ ပျက်စီးခဲ့သည့်စိုက်ဧက၊ ပြန်လည်စိုက်ပျိုးမည့်သီးနှံ၊ မျိုးစေ့နှင့်သွင်းအားစုလိုအပ်ချက်၊ စိုက်ပျိုးမည့်အခြေအနေ၊ စိုက်ပျိုးရေစသည်တို့ကို ကွင်းဆင်းကောက်ယူလျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် လတ်တလောစိုက်ပျိုးရေး၌ အခက်အခဲရှိသော်လည်း စားရေရိက္ခာ၌ အခက်အခဲမရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း မိုးစပါးပေါ်မည့် အချိန်မတိုင်မီအတွက် အရန်ဆန်တန်ချိန် သုံးသန်းခွဲကျော်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်သည့် ရာသီဥတုပုံစံများ စတင်ကြုံတွေ့လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ စာရေရိက္ခာလုံခြုံမှုနှင့် သဘာဝဘေးအန္တရာယ်ကျော်လွှားနိုင်မည့်အခြေအနေများကို နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။


No comments:

Post a Comment