နေပြည်တော် စက်တင်ဘာ ၁၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်-၂၀၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ၃၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့်အကြောင်းအရာကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားသည်။
ထို့အတူ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း(ငြိမ်း)က နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ရွေးချယ်မည့်ကိစ္စ၊ မဲပေးရွေးချယ်မည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီးတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၃၂ ပါတီမှ ကိုယ်စားလှယ်များက မဲပေးရွေးချယ်မည့် အစီအစဉ်နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့အား ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် တက်ရောက်လာသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ နိုင်ငံရေးပါတီများ အစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့က နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးနှင့် အလှည့်ကျကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ထားမှုကို အတည်ပြုပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာသူများက နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး၊ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် မပါဝင်လာသေးသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ Bilateral တွေ့ဆုံဆွေးနွေးပြီး Ceasefire အားဖော်ဆောင်နိုင်ရေးကိစ္စတို့ကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က နှစ်ရက်တာ ဆွေးနွေးချက်များမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ၊ Ceasefire နှင့် Political Dialogue တို့၏ဆက်သွယ်မှု၊ ဒေသခံပြည်သူများ၏လုံခြုံရေးနှင့် လူမှုစီးပွားလိုအပ်ချက်များ၊ ငြိမ်းချမ်းရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှု၊ ယခင်ငြိမ်းချမ်းရေးယန္တရားမှ အတွေ့အကြုံရှိသူများကို ပြန်လည်အသုံးချနိုင်ရေး၊ နိုင်ငံတကာနှင့် သံတမန်ရေးရာဆက်ဆံမှုဆိုင်ရာများ၊ လက်ရှိပဋိပက္ခအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ်များနှင့် ဆက်သွယ်နိုင်မည့်နည်းလမ်းများကို ပြန်လည်သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိသည်။

No comments:
Post a Comment