Saturday, September 26, 2026

အနာဂတ်လိုအပ်ချက်များအတွက် နျူကလီးယားစွမ်းအင်ဖော်ဆောင်


 

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်ပိုင်းကာလတွင် ကမ္ဘာ့နိုင်ငံများသည် နျူကလီးယားစွမ်းအင်၏ အကျိုးကြီးမားမှုကိုသိရှိလာကြပြီး နျူကလီးယားစွမ်းအင် ရရှိပိုင်ဆိုင်ရေးကို ကြိုးပမ်းလာကြသည်။ နျူကလီးယားစွမ်းအားဟုဆိုလျှင် အဖျက်သဘောဖြင့် စဉ်းစားသုံးသပ်ကြသော်လည်း လက်တွေ့တွင် နျူကလီးယားစွမ်းအင်မှ လူ့ဘောင်လောကအတွက် ကောင်းကျိုးရလဒ်အမျိုးမျိုးကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ ယခုအခါ နျူကလီးယားစွမ်းအင်ကို အပူစွမ်းအင်အဖြစ်ပြောင်းလဲပြီး ရေနွေးငွေ့မှလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုပြောင်းလဲပြီး လူ့ဘောင်လောက ကောင်းကျိုးများ ဆောင်ကြဉ်းပေးနေသည်ကိုတွေ့ရမည်ဖြစ်သည်။

“ယနေ့ကမ္ဘာတွင် စွမ်းအင်လုံခြုံရေး၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် တိုးတက်လာမှုနှင့်အတူ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတို့အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍကို နိုင်ငံအများအပြားက အာရုံစိုက်လာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍကို စနစ်တကျ လေ့လာသုံးသပ်ရန်လိုအပ်ကြောင်း” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာကို ယခုမှစတင်လေ့လာ နေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် ၁၉၅၄ ခုနှစ်တွင် Union of Burma Applied Research Institute (UBARI) ကို ဖွဲ့စည်းခဲ့သည်။ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ Atomic Energy Centre (AEC/UBAEC) ကို ၁၉၅၅ ခုနှစ်ကတည်းက နိုင်ငံအတွက် ရေရှည်မြော်တွေးပြီး ရည်ရွယ်ချက်ကြီးမားစွာဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် ကွန်ဖရင့်တွင် မြန်မာနိုင်ငံပါဝင်တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ် IAEA စတင်ဖွဲ့စည်းချိန်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း အဏုမြူ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များကို ပြည်တွင်း/ ပြည်ပသင်တန်းများနှင့် ပညာသင်ဆုများစေလွှတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများတွင် အဏုမြူနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍတွင် စပါးမျိုးထွန်းနည်းပညာနှင့် စပါးမျိုးသစ်ရွှေဝါထွန်းမျိုးတို့သည် နျူကလီးယားနည်းပညာကို အသုံးချပြီး ပေါ်ထွက်လာသောအကျိုးရလဒ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိနှင့် လာမည့်အနာဂတ်ကာလများတွင် ပိုမိုလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရေးအတွက်ရရှိနိုင်မည့် စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး ရေရှည်အတွက် သင့်လျော်သည့် စွမ်းအင်မူဝါဒများကို စနစ်တကျ ချမှတ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် စွမ်းအင်အရင်းအမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားအရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် အရောအနှောစွမ်းအင်ကိုအခြေခံသည်။ နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ခုဖြစ်သည်။ နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ထုတ်ယူမှုသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနိမ့်ဆုံးစာရင်းတွင်ပါဝင်ပြီး ရာသီဥတုအပေါ် မှီခိုရမှုမရှိခြင်းကြောင့် ၂၄ နာရီပတ်လုံး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရယူနိုင်ပြီး အားသာချက်များစွာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး SMR အခြေပြု အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ထည့်သွင်းလျာထားခဲ့သည်။

သို့ဖြစ်ရာ ယနေ့ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လုံလောက်မှု၊ စွမ်းအင်တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ရရှိရေးဟူသော အခြေခံလိုအပ်ချက်များအတွက် နျူကလီးယား စွမ်းအင်များအား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးကို နိုင်ငံတကာ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများထူထောင်နိုင်ရန် မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများကို နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ရမည့် ရေရှည်စီမံကိန်းကြီးအဖြစ် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment