နေပြည်တော် စက်တင်ဘာ ၂၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ (C) ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် လွှတ်တော်စနစ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုပုံ အဆင့်ဆင့်နှင့် လွှတ်တော်၏လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊
လွှတ်တော်၏ဆောင်ရွက်ချက်များကို ပြည်သူများပိုမိုသိရှိစေရန်အတွက် ဆောင်ရွက်နေမှုများနှင့်
လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (၅)နှစ် စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊
အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် နိုင်ငံသားအားလုံး ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပိုမိုလုံခြုံစိတ်ချရသည့် လူနေမှုဘဝရရှိရေးအတွက် တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ခြင်းနှင့်
လိုအပ်ပါက ဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်
အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တက်ရောက်လာသူများက သိရှိလိုသည်များကို
မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လွှတ်တော်သို့
လေ့လာရေးလာရောက်သည့် Jasmine May ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၏
လွှတ်တော်ပုံစံတူ (Mock Parliament) သရုပ်ပြ အစီအစဉ်တစ်ရပ်အား ကျောင်းသား ကျောင်းသူများ
ကိုယ်တိုင်စိတ်ပါဝင်စားစွာ လက်တွေ့ပါဝင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့ပြင် မြန်မာနိုင်ငံ
မိုဘိုင်းလုပ်ငန်းရှင်များအသင်းအား လက်ခံတွေ့ဆုံပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်
ကျင်းပပြုလုပ်မည့် 2026 CGC (Circuit Global Championship / China Global
Championship) သို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် နည်းပညာရှင်
လူငယ်လေးဦးကို အားပေးစကားပြောကြားသည်။
တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment