နေပြည်တော် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၆) နှင့် (၁၁/၇) ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီ မြစ်ခွဲ)တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀ ပေ၊ အနံ ၄၅ ပေခန့် တာကိုယ် ထည်တိုက်စားကာ ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာနှင့် အဆိုပါနေရာအနီး တစ်ဝိုက် မြစ်ရေတိုက်စားမှုကြောင့် မြေသားထပ်မံပြိုကျမှု ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ် လျက်ရှိသည့် နေရာများ၌ ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူး လုပ်ငန်းဆောင်ရွက်ခြင်း၊ တာမိုင်အမှတ် (၁၁ / ၅) နှင့် (၁၁ / ၆)ကြား တွင် ယာယီပန်းတာတည်ဆောက် ပြီးစီးသည့်နေရာ၏ Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ကျေးရွာများအတွင်း ရေဖြတ်သန်း စီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာ မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်ရေသည် ယနေ့တွင် လေးမျက်နှာမြို့နယ် အတွင်း ၆ ပေ ၄ လက်မခန့်၊ ရေကြည်မြို့နယ်အတွင်း ၇ ပေ ၉ လက်မခန့်၊ ငါးသိုင်းချောင်း မြို့နယ်အတွင်း ၈ ပေ ၁၀ လက်မ ခန့်၊ ကျုံပျော်မြို့နယ်အတွင်း ၄ ပေ ၉ လက်မခန့်နှင့် ကျောင်းကုန်း မြို့နယ်အတွင်း ၆ ပေ ၂ လက်မ ခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်း သွားခဲ့သည့်မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
%20photos-1.jpg)
No comments:
Post a Comment