Tuesday, September 29, 2026

ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ

 

နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Tang Shan ၊ ဖရီးဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များနှင့်အတူ လိုက်ပါလာသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲ အပြန်အလှန်ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စစ်ရေယာဉ်များအပြန် ခရီးစဉ်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ အပြန်အလှန်ဖြတ်သန်းမောင်းနှင်နှုတ်ဆက်ခြင်း လေ့ကျင့်ခန်း(PASSEX)တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment