ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ ဗီယက်နမ်ခရီးစဉ်ကို
ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်က
အာဆီယံနိုင်ငံထဲမှာဆိုရင် ဒါကတတိယမြောက်နိုင်ငံကို သွားရောက်ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးက နိုင်ငံခြားခရီးစဉ်တွေကို သွားတဲ့အခါမှာလည်း
ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘောသဘာဝတူညီတဲ့ နိုင်ငံတွေကို
ဦးစားပေးရွေးချယ်ပြီးတော့ သွားခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ တတိယမြောက်နိုင်ငံပါ။
ဒီခရီးစဉ်မှာ ဗီယက်နမ်နိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ စီးပွားရေးဖိုရမ်တွေလည်း
ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ ဗီယက်နမ်နိုင်ငံက ကျွန်မတို့နိုင်ငံနဲ့အခုမှ
ရင်းနှီးမှုတည်ဆောက်တဲ့ သံတမန်ဆက်ဆံရေးရှိတဲ့နိုင်ငံ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာသော သံတမန်ဆက်ဆံရေးဆိုရင် ရွှေရတုတိုင်ခဲ့ပါပြီ။ အဲဒီမတိုင်ခင်ကလည်း
၁၉၅၄ ခုနှစ်မှာအရင် ဝန်ကြီးချုပ်ဟောင်း ဦးနု ဗီယက်နမ်နိုင်ငံကို
အလည်အပတ်သွားရောက်ခဲ့ပါတယ်။ ၁၉၅၈ခုနှစ်မှာလည်း ဗီယက်နမ်နိုင်ငံရဲ့
အမျိုးသားခေါင်းဆောင်ကြီး မစ္စတာ ဟိုချီမင်း ကျွန်မတို့နိုင်ငံကို အလည်အပတ်လာရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်မှာပဲ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနကနေပြီးတော့မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို
မစ္စတာဟိုချီမင်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါကဘာကိုပြောတာ လဲဆိုတော့
နှစ်နိုင်ငံရဲ့ ဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်၊ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးလို့
ပြောလို့ ရပါတယ်။ အခုခရီးစဉ်ကလည်း ရှိရင်းစွဲ၊ ရှိပြီးသား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုတွေကို
ပိုပြီးတော့ တိုးမြှင့်နိုင်ခဲ့ပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေကို ပိုပြီးတော့ ပွင့်လန်းအောင်
ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ၂၀၁၇ တုန်းက MoU ထိုးခဲ့တဲ့ Comprehensive
Cooperation Partnership ဟာ လာမယ့်နှစ်ဆိုရင် ၁၀ နှစ်ပြည့်မြောက်ပါပြီ။
အဲဒီအထိမ်းအမှတ်ကိုလည်း ထူးထူးခြားခြားလေး ဆောင်ရွက်သွားဖို့အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ
သဘောတူညီခဲ့ပါတယ်။ ဒါ့ပြင် ဒီ ၁၀ နှစ် ပြည့်ပြီး နောက်ပိုင်းမှာလည်း ထူးခြားတဲ့
အစီအစဉ်တွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်။ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့လည်း မြန်မာနိုင်ငံကို
ဗီယက်နမ်သမ္မတကြီး လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဒီခရီးစဉ်က သံတမန်ရေးအရရော၊
စီးပွားရေးအရရော၊ ပြည်သူအချင်းချင်း ရင်းနှီးဆက်ဆံမှုဒါတွေကို မြှင့်တင်ဖို့အတွက်ရော
ကျွန်မတို့ အများကြီးဆွေးနွေးနိုင်ခဲ့တဲ့ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုလို့
သုံးသပ်နိုင်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ ဗီယက်နမ်ခရီးစဉ်မှာ နိုင်ငံအတွက်
စီးပွားရေး၊ ကုန်သွယ်ရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသလဲ။
ဖြေ။ ။ ဒီနေ့မနက်ပဲ စီးပွားရေးဖိုရမ် လုပ်ခဲ့ပါတယ်။ စီးပွားရေးဖိုရမ်မှာဆိုရင်
မြန်မာနိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်နဲ့ ဗီယက်နမ်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်
၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဖိုရမ်မှာပဲ နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြောတဲ့အခါမှာ လည်း မြန်မာနိုင်ငံဘက်ကို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်၊
ကုန်သွယ်မှု တိုးမြှင့်မယ့်ကိစ္စတွေမှာ ကျွန်မတို့ဘက်က ဘာတွေလုပ်ပေးနိုင်မလဲ။
နောက်တစ်ခါ နိုင်ငံကနေပြီးတော့မှ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြန်လည်ထွက်ခွာသွားတဲ့
စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ကရောဘာကြောင့်ပြန်ပြီး ထွက်ခွာသွားတာလဲ၊ သူတို့မှာ
ဘာအခက်အခဲတွေရှိလဲ၊ ဘာအကန့်အသတ်တွေရှိလဲ၊ ကျွန်မတို့ ဘာတွေပြန်ပြီးတော့
ဖြေလျှော့ပေးရမလဲ၊ ဒါတွေအကုန်လုံးကိုလည်း နိုင်ငံတော်သမ္မတကြီးက
ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ဘက်က ဘာတွေဆောင်ရွက်ပေးရမလဲ။ အဲဒီတော့
ဒီနေရာမှာ သတင်းကောင်းကြားခဲ့ရတာက ကျွန်မတို့နိုင်ငံကနေပြီးတော့ ထွက်ခွာသွားတဲ့
အရင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ကလည်း ပြန်လာဖို့အတွက်ကို စိတ်ဝင်စားကြောင်း၊
မေးမြန်းနေကြကြောင်း သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ နောက်ထပ်ထပ်ပြီး
တော့မှလာချင်တဲ့၊ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်းရှိတယ်လို့ သိရပါတယ်။
ဒီနေ့ဆိုရင် B to B MoU ခုနစ်ခု ထိုးနိုင်ခဲ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးဖိုရမ်မှာပဲ
ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်က ဘယ်လိုကဏ္ဍတွေမှာ၊ ဥပမာ-
စိုက်ပျိုးမွေးမြူရေး၊ Digital Transfor-mation ၊ နောက်တစ်ခါ
ဓာတ်သတ္တုတူးဖော်ရေး၊ စွမ်းအင်ကဏ္ဍ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍတွေကို
အတိအလင်းချပြသွားပါတယ်။ ဒါဟာ ဆုံးဖြတ်ပြီးသားဖြစ်တဲ့ အနေအထားတွေကို တွေ့ရပါတယ်။
ဒါဟာ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းပဲဖြစ်ပါတယ်။
မေး။ ။ ဒီခရီးစဉ်က
မြန်မာနိုင်ငံနဲ့ အာဆီယံ ဆက်ဆံရေးအတွက် ဘယ်လိုအကျိုး သက်ရောက်မှုရှိမလဲဆိုတာ
သိပါရစေ။
ဖြေ။ ။ အာဆီယံအဖွဲ့ဝင်နိုင်ငံ
အခု နောက်ဆုံး တီမောလက်စ်တေနိုင်ငံပါဆိုရင် ၁၁ နိုင်ငံ၊ ကျွန်မတို့နိုင်ငံ
မပါဘူးဆိုရင် ၁၀ နိုင်ငံပါ။ ၁၀ နိုင်ငံမှာ အခုလာအိုရယ်၊ ထိုင်းရယ်၊ အခုဗီယက်နမ်ရယ်
၃ နိုင်ငံ သွားရောက်ပြီးပါပြီ။ နောက်မကြာခင်မှာပဲ ကမ္ဘောဒီးယားနိုင်ငံကို
သွားမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း တခြားအာဆီယံ Member နိုင်ငံတွေကို သွားဖို့အတွက်
အစီအစဉ်ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့သည် အာဆီယံအဖွဲ့အတွင်းမှာ ဒါက ထိတွေ့ဆက်ဆံမှုတွေ
တဖြည်းဖြည်း တိုးမြှင့်လာတာဖြစ်ပါတယ်။ အဲဒီတော့ ဒီခရီးစဉ်က ကျွန်မတို့
မြန်မာနဲ့ဗီယက်နမ် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုတိုးမြှင့်တာ၊ ဒါတင်မကဘဲနဲ့ ဒါကအာဆီယံ
Member နိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုကို
တိုးမြှင့်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဗီယက်နမ်နိုင်ငံနဲ့ ကျွန်မတို့နိုင်ငံဆိုရင်
ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတဲ့ ပွဲတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဲဒီတော့ အာဆီယံ
Member Countries တွေထဲမှာ ထိတွေ့ဆက်ဆံမှုကို တစ်ဆင့်မြှင့်တင်လိုက်ခြင်းလို့
ကျွန်မတို့ပြောလို့ ရပါတယ်။
မေး။ ။ ဗီယက်နမ်နိုင်ငံရဲ့
အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ရော ဘာတွေအတုယူစရာရှိမလဲဆိုတာပြောပြ
ပေးပါ။
ဖြေ။ ။ အရင်တုန်းကတော့
ဗီယက်နမ် ဆိုတာ ကျွန်မတို့လိုပဲ CLMV လေးနိုင်ငံထဲမှာ ပါပါတယ်။ သိပ်ပြီးမကွာခြားခဲ့ပါဘူး။ သို့သော်လည်း
အခုသွားကြည့်လိုက်တဲ့ အချိန်မှာတော့ ဗီယက်နမ်နိုင်ငံက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို
တွေ့ရပါတယ်။ တကယ်တော့ ဗီယက်နမ်နိုင်ငံသည် ကျွန်မတို့နိုင်ငံလိုပဲ စိုက်ပျိုးရေးကို
အခြေခံတဲ့နိုင်ငံပါ၊ လူဦးရေများပါတယ်။ ကျွန်မတို့ထက် လူဦးရေများပါတယ်။
သို့သော်လည်း ဧရိယာအကျယ်အဝန်းက ကျဉ်းပါတယ်။ အဲဒီတော့ရှိတဲ့မြေမှာပဲ
စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းပညာ၊ နောက်ပြီး အားသာချက်တစ်ခုကတော့ သုတေသန၊
ဒါတွေနဲ့ သူတို့ဆောင်ရွက်သွားတယ်။ ဖွံ့ဖြိုးတိုးတက်အောင်၊ စက်မှုနိုင်ငံဖြစ်အောင် တစ်ဆင့်ပြီးတစ်ဆင့်
တက်လှမ်းသွားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဗီယက်နမ်နိုင်ငံကို လေ့လာကြည့်တဲ့အချိန်မှာ
နံပါတ်တစ်အချက်က မြေလွတ်မြေရိုင်းမရှိဘူး၊ ရှိတဲ့မြေပေါ်မှာ အကုန်လုံးစိုက်ပျိုးမွေးမြူရေးကို
အပြည့်အဝလုပ်ထားတယ်။ နောက်တစ်ခုကတော့ ဗီယက်နမ်ရဲ့ အားသာချက်သည်
လူတိုင်းအလုပ်လုပ်ပါတယ်။ ကျွန်မတို့ Labour force participation rate အလွန်မြင့်ပါတယ်။ နောက်တစ်ခုကတော့ သူတို့လည်း ကျွန်မတို့လိုပဲ
အတားအဆီးတွေ၊ အကန့်အသတ်တွေနဲ့ ကြုံခဲ့ရတဲ့နိုင်ငံ၊ Sanction တွေ
ထိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း တစ်ခါတည်း စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လို့
ဆောင်ရွက်ခဲ့ကြတယ်။ အခြေအနေတွေ၊ အခက်အခဲတွေကို Blame မလုပ်ဘဲနဲ့
တစ်ဦးချင်းစီကနေပြီးတော့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ဒီဆယ်စုနှစ် တစ်စု၊
နှစ်စုစာ ကာလအတွင်းမှာပဲ ဗီယက်နမ်နိုင်ငံက အရှိန်အဟုန်နဲ့ တိုးတက်လာတာဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မတို့နိုင်ငံနဲ့ ခုနက ဗီယက်နမ်တို့ ယှဉ်မယ်ဆိုရင် မြေနေရာတွေ
အကျယ်ကြီးရှိပါတယ်၊ ကောင်းမွန်တဲ့ ရာသီဥတုတွေရှိပါတယ်၊ ၁၂ လ ရာသီဥတုပတ်လုံး
စိုက်ပျိုးနိုင်တဲ့ မြေတွေ၊ ရာသီဥတုအနေအထားတွေ ရှိပါတယ်။ ဒီလိုအနေအထားတွေနဲ့
ဗီယက်နမ်နိုင်ငံက အခုတိုးတက်လာတဲ့ နည်းပညာတွေ၊ သူတို့ရဲ့ သုတေသနလုပ်ငန်းတွေ
ဒါတွေကို ပေါင်းစပ်ပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင် နှစ်နိုင်ငံလုံးအတွက် Win-Win
situation ရနိုင်ပါတယ်။
မေး။ ။ ဒေသတွင်း
ပထဝီစီးပွားရေးအရ မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုမဟာဗျူဟာအရေးပါမှုတွေ
ရှိမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ဗီယက်နမ်နိုင်ငံက
ဒီအရှေ့ အာရှ၊ အာရှအရှေ့ခြမ်း၊ နောက်တစ်ခါ ပစိဖိတ်သမုဒ္ဒရာဘက်
သူတို့နဲ့အဆက်အသွယ်ရှိသလို ကျွန်မတို့နိုင်ငံသည်လည်း အနောက်အာရှပေါ့၊ အာရှရဲ့ အနောက်ဘက်ခြမ်း၊
တောင်အာရှ၊ နောက်တစ်ခါ ဒီဘက်အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှစ်ခုရှိနေပါတယ်။ အဲဒီတော့
ဒီနှစ်နိုင်ငံကို ချိတ်ဆက်မယ်၊ နဂိုကလည်း လမ်းကြောင်းတွေ ရှိပြီးသားပါ၊
ဗီယက်နမ်ကနေ လာအိုရှိမယ်၊ လာအိုကနေ ထိုင်းရှိမယ်၊ အဲဒီကတစ်ဆင့် ကျွန်မတို့နိုင်ငံ
ရှိပြီးသားလမ်းကြောင်း တွေရှိပါတယ်၊ ထပ်ပြီးတော့ ဆက်သွယ်ရမယ့် လမ်းကြောင်းတွေလည်း ရှိပါတယ်။
တကယ်လို့သာ ဒါကိုချိတ်ဆက် နိုင်မယ်ဆိုရင် အာရှအရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆက်သွယ်ပေးနိုင်တဲ့
Transit trade လုပ်နိုင်မယ့် အနေအထားမျိုးရှိပါတယ်။ ဒါကိုနိုင်ငံတော်သမ္မတကြီးကလည်း
ဒီအနေအထားကို ဗီယက်နမ်သမ္မတကြီးကို မြေပုံနဲ့တကွ အသေအချာရှင်းလင်းပြီးတော့
ဆွေးနွေး ခဲ့ပါတယ်၊ ချပြခဲ့ပါတယ်။ ဗီယက်နမ်သမ္မတကြီးကလည်း ဒါကို အလွန်စိတ်ဝင်စားပြီးတော့မှ
Study တွေ လုပ်ရမယ်၊ ဒါကို Research တွေ
လုပ်ရမယ်၊ ဒီလိုဆက်သွယ်ရေးလမ်းကြောင်းတွေ ပေါ်လာမယ်ဆိုရင် နှစ်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိနိုင်မလဲဆိုတာကို
လေ့လာဖို့အတွက်ကို အကြမ်းဖျင်းသဘောတူညီခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဆက်ဆံရေး၊
ဒီလိုလမ်းကြောင်းတွေ ဖောက်ထားခြင်းသည် နှစ်နိုင်ငံအတွက်သာမဟုတ်ပါဘူး၊ ကျွန်မတို့ ဒေသတွင်း
နိုင်ငံ၊ ဒီနှစ်နိုင်ငံအကြားမှာရှိတဲ့ နိုင်ငံတွေ၊ မဲခေါင်ဒေသ၊ အနောက်ခြမ်းနဲ့
အရှေ့ခြမ်းဒါတွေအားလုံးသည်
Regional ကြီးတစ်ခုလုံး
ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဗီယက်နမ်ခရီးစဉ်ရဲ့
အဓိက ရလဒ်အနေနဲ့က ဘာဖြစ်မလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ဗီယက်နမ်ခရီးစဉ်
အဓိက ရလဒ်ကတော့ သုံးချက်ပါပဲ။ နံပါတ်တစ်ကတော့ ရှိရင်းစွဲရှိပြီးသား
ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုအဲ့ဒါကို ပိုပြီးတော့ခိုင်မာအောင် လုပ်နိုင်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းပါ။ နှစ်ဖက်သေသေချာချာ
ဆွေးနွေးခဲ့တယ်၊ ရရှိနိုင်မယ့်အနေအထားတွေ၊ ပူးပေါင်းဆောင်ရွက်ရင် ရရှိနိုင်မယ့် အကျိုးအမြတ်တွေ၊
ဒါ Win-Win situation ၊ နောက်တစ်ခုကတော့ ဒေသတွင်း၊ နောက်တစ်ခါ ကမ္ဘာ့မျက်နှာစာမှာ
အပြန်အလှန်ထောက်ပံ့မယ်၊ ကူညီမယ်၊ အားပေးမယ်။ အဲဒီတော့ ဗီယက်နမ်ဘက်ကလည်း
ကျွန်မတို့ဘက်ကို အာဆီယံမျက်နှာစာမှာရော ကမ္ဘာ့မျက်နှာစာမှာပါ အပြည့်အဝကျွန်မတို့ရဲ့
ရပ်တည်ချက်ကို ထောက်ခံပါတယ်ဆိုပြီး ပြောခဲ့တယ်။ ကျွန်မတို့ဘက်ကလည်း ဗီယက်နမ်ကို
အပြည့်အဝထောက်ခံသွားမယ်။ အဲဒီတော့ နိုင်ငံရေးအရ၊ သံတမန်ရေးအရ၊ စီးပွားရေးအရ
အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောနိုင်ပါတယ်။
မေး။ ။ နိုင်ငံတော်
သမ္မတကြီးရဲ့ ဗီယက်နမ်ခရီးစဉ် တစ်ခုလုံး ကို ခြုံပြီးပြောရရင် အဓိက ရလဒ်က ဘယ်လိုပြောလို့ရ
နိုင်ပါသလဲ။
ဖြေ။ ။ အဓိကရလဒ်ကတော့
နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု အဲ့ဒါကို
ပိုပြီး ခိုင်မာစေခဲ့ပါတယ်။ နောက်တစ်ခုကတော့ စီးပွားရေးအရ အခွင့်အလမ်းတွေ
ဖော်ဆောင်နိုင်ခဲ့ပါတယ်။ နောက် တစ်ချက်ကတော့ နှစ်နှစ်တာ သံတမန် ရေးအရ
အချိန်ဇယားပါ၊ သံတမန်အချိန် ဇယားပေါ်ထွက်လာခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ ဘာတွေဆောင်ရွက်မယ်။
ဒါတွေရဲ့ ရလဒ်တွေအားလုံးသည် ကျွန်မတို့ပြည်သူပြည်သားတွေအတွက် အကျိုးကို လက်တွေ့ဖော်ဆောင်ဖို့
ဘာတွေဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်းရရှိခဲ့ပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment