Friday, September 11, 2026

မြို့ပြရေပေးဝေရေး၊ ရေသန့်စင်ခြင်း နည်းပညာများနှင့် ကလိုရင်း၏ အရေးပါမှု


 

ဝေဖြိုးအောင်

ခေတ်သစ်မြို့ပြ စီမံခန့်ခွဲမှုစနစ်များတွင် ရေသန့်စင်ရေးသည် ရိုးရှင်းသော ရေစစ်ခြင်းအဆင့်မှသည် ခေတ်မီနည်းပညာများဖြစ်သော ဓာတုဗေဒနည်းဖြင့် ပိုးသတ်ခြင်း၊ အဆင့်မြင့် ရေစစ်နည်းပညာများ အသုံးပြုခြင်းအထိ ကျယ်ပြန့်လာခဲ့ပါသည်။ ဤဆောင်းပါးတွင် မြို့ပြရေပေးဝေရေးစနစ်များ၌ အဓိကအသုံးပြုနေသော ရေသန့်စင်ခြင်းစနစ်များကို လေ့လာသွားမည်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာတစ်ဝန်းအကျယ်ပြန့်ဆုံး အသုံးပြုနေသည့် ကလိုရင်းဖြင့် ရေသန့်စင်ခြင်းနည်းပညာနှင့် ယင်း၏အားသာချက်၊ အားနည်းချက်များနှင့် ခေတ်သစ် စမတ်စီးတီးစနစ်များတွင် အသုံးပြုနိုင်မည့် အနာဂတ်အလားအလာများကို အသေးစိတ် သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

ရေသန့်စင်ခြင်း သမိုင်းကြောင်းနှင့် ဆင့်ကဲပြောင်းလဲမှု

ရေသန့်စင်ခြင်း၏ သမိုင်းကြောင်းသည် လူသားတို့၏ ယဉ်ကျေးမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပါသည်။ ရှေးခေတ်ဂရိနှင့် ရောမလူမျိုးများသည် ရေကိုကျိုချက်ခြင်း၊ သဲနှင့် ကျောက်စရစ်များကို အသုံးပြု၍ စစ်ထုတ်ခြင်းနည်းလမ်းများကို အသုံးပြုခဲ့ကြပါသည်။ သို့သော်လည်း သိပ္ပံနည်းကျရေသန့်စင်ခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်များသည် ၁၉ ရာစုနှောင်းပိုင်းတွင်မှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၅၄ ခုနှစ်တွင် လန်ဒန်မြို့၌ ဖြစ်ပွားခဲ့သော ကာလဝမ်းရောဂါ ကူးစက်မှုကြီးတွင် ဒေါက်တာဂျွန်စနိုးသည် ရောဂါကူးစက်မှု၏ အဓိကအကြောင်းရင်းမှာ ညစ်ညမ်းနေသော သောက်သုံးရေကြောင့်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ရေကို စနစ်တကျသန့်စင်ပြီးမှ သောက်သုံးရန် အရေးကြီးကြောင်းကို သိပ္ပံပညာရှင်များနှင့် အစိုးရများက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာခဲ့ကြပါသည်။

၁၉၀၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လင်ကွန်းမြို့တွင် ကာလဝမ်းရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် သောက်သုံးရေကို ကလိုရင်းအသုံးပြု၍ ပိုးသတ်ခြင်းကို ပထမဆုံးအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကလိုရင်းသည် ကမ္ဘာတစ်ဝန်းရှိ မြို့ပြရေပေးဝေရေးစနစ်များတွင် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းတစ်ခုဖြစ်လာခဲ့ပါသည်။ ယနေ့ခေတ်တွင် ရေသန့်စင်ခြင်း နည်းပညာများသည် များစွာတိုးတက်လာခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများစွာရှိ စည်ပင်သာယာရေပေးဝေရေးဌာနများသည် ကလိုရင်း၏ ထိရောက်မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကြောင့် ၎င်းကို အဓိကပိုးသတ်ဆေးအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်ပါသည်။

ရေသန့်စင်မှု အဆင့်ဆင့်

စံပြ မြို့ပြရေသန့်စင်မှု စက်ရုံတစ်ရုံတွင် ရေကို အဆင့်ဆင့် သန့်စင်ရပါသည်။ အဓိကအဆင့်များမှာ-

ဓာတ်ပြောင်း၍ အနည်ထိုင်စေခြင်း

သဘာဝရေတွင် ပါဝင်သောအမှုန်အမွှားငယ်များ၊ ရွှံ့နှစ်များနှင့် သဘာဝအော်ဂဲနစ်ပစ္စည်းများကို ဖယ်ရှားရန်အတွက် အလူမီနီယမ်ဆာလ်ဖိတ် သို့မဟုတ် ပိုလီမာကဲ့သို့သော ဓာတုပစ္စည်းများကို ရေထဲသို့ ထည့်သွင်းပေးရပါသည်။ ဤဓာတုပစ္စည်းများသည် ရေထဲရှိ အမှုန်အမွှားငယ်များကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားစေပြီး ပိုမိုကြီးမားသော အနည်ဖတ်များအဖြစ်သို့ ပြောင်းလဲသွားစေပါသည်။ ဤလုပ်ငန်းစဉ်သည် နောက်ဆက်တွဲ အနည်ထိုင်ခြင်းလုပ်ငန်းစဉ်အတွက် အလွန်အရေးကြီးပါသည်။

အနည်ထိုင်ခြင်း

ပေါင်းစပ်သွားသော အနည်ဖတ်များပါဝင်သည့် ရေကို အနည်ထိုင်ကန်များသို့ ပို့ဆောင်ပြီး တည်ငြိမ်စွာထားရှိပါသည်။ ကြီးမားလေးလံသော အနည်ဖတ်များသည် ဆွဲငင်အားကြောင့် ကန်၏အောက်ခြေသို့ တဖြည်းဖြည်းကျဆင်းသွားပြီး အပေါ်ယံတွင် ကြည်လင်သောရေများ ကျန်ရစ်ခဲ့ပါသည်။ အောက်ခြေရှိ အနည်များကို စနစ်တကျ ဖယ်ရှားပစ်ရပါသည်။

ရေစစ်ခြင်း

ရေစစ်ခြင်းလုပ်ငန်းစဉ်တွင် လက်ရှိ ခေတ်မီစနစ်များတွင် အဓိကအားဖြင့် နှေးကွေးသောသဲရေစစ်စနစ်နှင့် လျင်မြန်သော သဲရေစစ်စနစ်ဟူ၍ နှစ်မျိုးခွဲခြား အသုံးပြုကြပါသည်။

နှေးကွေးသော သဲရေစစ်စနစ်သည် ၁၉ ရာစု အစောပိုင်းတွင် စကော့တလန်နှင့် လန်ဒန်မြို့တို့၌ စတင်တီထွင်အသုံးပြုခဲ့သော အလွန်ထိရောက်သည့် သဘာဝရေစစ်နည်းပညာဖြစ်ပါသည်။ ဓာတုဗေဒပစ္စည်းများ လုံးဝအသုံးမပြုပါ။ အလုပ်လုပ်ပုံယန္တရားမှာ သဲအလွှာ၏အပေါ်ယံတွင် "Schmut-zdecke" ဟုခေါ်သော ဇီဝဗေဒအလွှာတစ်ခု သဘာဝအလျောက်ဖြစ်ပေါ်လာပြီး ရောဂါဖြစ်ပွားစေနိုင်သည့် ပိုးမွှားများနှင့် အော်ဂဲနစ်ပစ္စည်းများကို စားသုံးဖျက်ဆီးပစ်ပါသည်။ အားသာချက်များအနေဖြင့် ဓာတုပစ္စည်းလုံးဝမလိုခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်သက်သာခြင်း၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်ပြီး လျှပ်စစ်မီးမလိုပါ။ အားနည်းချက်များမှာ ရေစစ်နှုန်းအလွန်နှေးကွေးခြင်း၊ မြေနေရာ ကြီးမားစွာလိုအပ်ခြင်းနှင့် နောက်ကျိမှုအလွန်များသောရေအတွက် မသင့်လျော်ခြင်းတို့ဖြစ်ပါသည်။

လျင်မြန်သော သဲရေစစ်စနစ်ကို မြို့ပြလူဦးရေ အလွန်ထူထပ်လာမှုနှင့်အတူ ရေလိုအပ်ချက် အဆမတန်မြင့်မားလာသောအခါ အစားထိုး အသုံးပြုလာကြခြင်းဖြစ်ပါသည်။ အလုပ်လုပ်ပုံယန္တရားများမှာ ဇီဝဗေဒအလွှာမပါဝင်ဘဲ သဲ၊ ကျောက်စရစ်နှင့် ကျောက်မီးသွေးအလွှာများကို ဖြတ်သန်း၍ ရုပ်ပိုင်းဆိုင်ရာသက်သက်ဖြင့် ဖမ်းယူစစ်ထုတ်ခြင်းဖြစ်ပါသည်။ သန့်ရှင်းရေးလုပ်ခြင်းအနေဖြင့် ပိတ်ဆို့လာပါက ရေစစ်ခြင်းကိုရပ်တန့်၍ လေဖိအားနှင့် ရေကို အောက်ခြေမှအထက်သို့ ပြောင်းပြန်တွန်းတင် ဆေးကြောရပါသည်။ အားသာချက်များအနေဖြင့် ရေစစ်နှုန်း ပိုမိုမြန်ဆန်ခြင်း၊ မြေနေရာနည်းပါးစွာလိုအပ်ခြင်း၊ အလိုအလျောက်စနစ်ဖြင့် လုပ်ဆောင်နိုင်ခြင်းတို့ဖြစ်ပြီး အားနည်းချက်များမှာ ဓာတုပစ္စည်းများ အမြဲလိုအပ်ခြင်း၊ လျှပ်စစ်မီးနှင့် ကျွမ်းကျင်ဝန်ထမ်းအမြဲလိုအပ်ခြင်းတို့ဖြစ်ပါသည်။

ရေစစ်ခြင်းတွင် အနှေးသဲရေစစ်ခြင်းနှင့် အမြန်သဲရေစစ်ခြင်း၏ ကွာခြားမှုပြပုံ ပိုးသတ်ခြင်း

ရေစစ်ပြီးသော ရေတွင် ကျန်ရှိနေနိုင်သေးသော ရောဂါဖြစ်ပွားစေသည့် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးကောင်များကို သေစေရန်အတွက် ပိုးသတ်ခြင်းလုပ်ငန်းစဉ်ကို မဖြစ်မနေလုပ်ဆောင်ရပါသည်။ ဤအဆင့်တွင် ကလိုရင်း၊ အိုဇုန်း သို့မဟုတ် ခရမ်းလွန်ရောင်ခြည်တို့ကို အသုံးပြုလေ့ရှိပြီး ကလိုရင်းအသုံးပြုခြင်းသည် အတွင်ကျယ်ဆုံးဖြစ်ပါသည်။

သိုလှောင်ခြင်းနှင့် ဖြန့်ဝေခြင်း

သန့်စင်ပြီးသောရေများကို ရေလှောင်ကန်ကြီးများတွင် သိုလှောင်ထားပြီးနောက် ပိုက်လိုင်းကွန်ရက်များမှတစ်ဆင့် မြို့နေလူထုထံသို့ ဖြန့်ဝေပေးပါသည်။ ဤဖြန့်ဝေသည့် လမ်းကြောင်းတစ်လျှောက်တွင် ရေများပြန်လည်ညစ်ညမ်းမှုမဖြစ်စေရန်အတွက် အကြွင်းအကျန် ကလိုရင်းပါဝင်မှုသည် အလွန်အရေးပါသည်။

ကလိုရင်းဖြင့် ရေသန့်စင်ခြင်း အသေးစိတ်

ကလိုရင်းဖြင့် ရေသန့်စင်ခြင်းသည် မြို့ပြရေပေးဝေရေးတွင် အရေးအပါဆုံးသော အဆင့်တစ်ခုဖြစ်ပါသည်။ ကလိုရင်းကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ပြီး အဖွဲ့အစည်းများ၏ လိုအပ်ချက်နှင့် စက်ရုံ၏ အရွယ်အစားအပေါ်မူတည်၍ ရွေးချယ်အသုံးပြုလေ့ရှိပါသည်။

ကလိုရင်းဓာတ်ငွေ့ကို ဖိအားမြင့် ဆလင်ဒါအိုးကြီးများဖြင့် သယ်ယူပို့ဆောင်လေ့ရှိပြီး ရေထဲသို့ တိုက်ရိုက်ထည့်သွင်းအသုံးပြုပါသည်။ ယင်းသည် ဈေးအသက်သာဆုံးနှင့် အထိရောက်ဆုံးပုံစံဖြစ်သော်လည်း အလွန်အန္တရာယ်များသော အဆိပ်ငွေ့ဖြစ်သောကြောင့် ကိုင်တွယ်အသုံးပြုရာတွင် အဆင့်မြင့်လုံခြုံရေးအစီအမံများနှင့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်ပါသည်။ မြို့ကြီးများ၏ ရေသန့်စင်စက်ရုံကြီးများတွင် အဓိကအသုံးပြုပါသည်။

ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်သည် ကလိုရင်း၏ အရည်ပုံစံဖြစ်ပြီး ပုံမှန်အိမ်သုံး အရောင်ချွတ်ဆေးတွင် ပါဝင်သော ဓာတုပစ္စည်းနှင့်တူညီပါသည်။ သို့သော် ရေသန့်စင်စက်ရုံများတွင်သုံးသော အရည်သည် ပြင်းအားပိုများပါသည်။ (ပုံမှန်အားဖြင့် ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ)။ ယင်းကို ကိုင်တွယ်ရလွယ်ကူပြီး ဓာတ်ငွေ့လောက် အန္တရာယ်မများသောကြောင့် အလတ်စားနှင့် အသေးစား ရေသန့်စင်စက်ရုံများတွင် အကျယ်တဝင့် အသုံးပြုကြပါသည်။ ကယ်လ်စီယမ်ဟိုက်ပိုကလိုရိုက်သည် ကလိုရင်း၏ အမှုန့် သို့မဟုတ် ဆေးပြားပုံစံဖြင့် ရရှိနိုင်ပြီး ပြင်းအား ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ ရေရှည်သိုလှောင်ထားရန် လွယ်ကူပြီး သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေသောကြောင့် ဝေးလံခေါင်ဖျားသောဒေသများ သို့မဟုတ် အရေးပေါ်ရေသန့်စင်ရေးလုပ်ငန်းစဉ်များတွင် များစွာအသုံးဝင်ပါသည်။

ကလိုရာမင်းသည် ကလိုရင်းနှင့် အမိုးနီးယားတို့ကို ရောစပ်ထားသော ဒုတိယအဆင့် ပိုးသတ်ဆေးဖြစ်ပါသည်။ ကလိုရင်းစစ်စစ်ထက် ပိုးသတ်နိုင်စွမ်း အနည်းငယ်နှေးကွေးသော်လည်း ရေပိုက်လိုင်းများအတွင်း အချိန်ကြာမြင့်စွာတည်ရှိနေနိုင်ပြီး အနံ့အသက်ဆိုးများထွက်ပေါ်မှုကို လျှော့ချပေးနိုင်သောကြောင့် ပိုက်လိုင်းရှည်လျားသော မြို့ကြီးများတွင် အသုံးပြုလေ့ရှိပါသည်။

ကလိုရင်းသည် ရေထဲတွင် ပျော်ဝင်သွားသောအခါ ဟိုက်ပိုကလိုရစ်အက်စစ်နှင့် ဟိုက်ပိုကလိုရိုက်အိုင်းယွန်းတို့အဖြစ်သို့ ကွဲထွက်သွားပါသည်။ ဤဒြပ်ပေါင်းနှစ်ခုကို Free Available Chlorine (FAC) ဟုခေါ်ဆိုပြီး ၎င်းတို့သည် ရောဂါပိုးမွှားများကို သေစေရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment