Friday, September 11, 2026

ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း


 

ဆရာကြည်

(၁-၄-၂၀၂၆ ရက်နေ့မှအဆက်)

ဘုရားရှင်သည် ဤသို့သော တရားဟောကြားပြီးနောက် မင်းရင်ပြင်သို့ ဦးတည်သွားလေသည်။ ဤသို့ ကြွလာသည်မြင်သော ကောသလမင်းကြီးသည် ဘုရားရှင်အား “မြတ်စွာဘုရား အဘယ်အရပ်သို့ ဘယ်အကြောင်းကြောင့် ကြွတော်မူပါသနည်း”ဟု မေးမြန်းလျှောက်ထားလေသည်။

ဘုရားရှင်က ကာဏာမာတာ၏အိမ်သို့ ဤသို့အကြောင်းကြောင့် ကြွရောက်ပြီး ယခုကာဏာကို သောတာပန်ဖြစ်စေ၍ လောကုတ္တရာစည်းစိမ်ရှင်ဖြစ်အောင် ပြုစေခဲ့သည်ကို အလုံးစုံမိန့်ကြားတော်မူလေသည်။

ထိုအခါ မင်းကြီးက “ဤသို့ဆိုလျှင် တပည့်တော်က ကာဏာကို လောကီစည်းစိမ်ရှင်ဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပါမည်ဘုရား”ဟု လျှောက်ထားလေသည်။ ထို့နောက် ဘုရားရှင်ကို ရှိခိုးပြီး သူ့နန်းတော်သို့ ပြန်သွားလေသည်။ မင်းကြီးသည် နန်းတော်သို့ရောက်လျှင် ယာဉ်ကိုလွှတ်၍ ကာဏာကိုခေါ်စေပြီး အဝတ်တန်ဆာများဆင်ပေးလျက် “ငါ၏ သမီးတော်ကို ကျွေးမွေးစောင့်ရှောက်နိုင်သူ ရှိသလား”ဟု ဆိုလေသည်။ အမတ်တစ်ဦးက “ဘုရား ကျွန်တော်မျိုး တာဝန်ယူလုပ်ကျွေးပါမည်” ဟု လျှောက်ထားပြီး အိမ်သို့ခေါ်ခဲ့လေသည်။ အိမ်ရောက်သောအခါ သူ၏စည်းစိမ်အားလုံးကို အပ်လေသည်။ ယင်းအမတ်ကလည်း ကာဏာအား “ကုသိုလ်ကောင်းမှုများကို သင်ကြိုက်သလို လုပ်ဆောင်လော” ဟုဆိုလေသည်။ ဤနေ့မှစ၍ ရဟန်းသံဃာတို့အား အိမ်တွင်းအိမ်ပြင် တံခါးလေးဝ၌ နေ့စဉ်ဆွမ်းခဲဖွယ်တို့ဖြင့် ကြီးကျယ်စွာ လှူဒါန်းလေသည်။

ရဟန်းတို့သည် ထိုအကြောင်းတို့ကို ကြားသိရသော် တရားသဘင်၌ ဘုရားရှင်တို့မည်သည် အံ့သြမကုန်နိုင်သော ကျေးဇူးတော်၊ ဂုဏ်တော်တို့ကို ချီးကျူးကြကုန်အံ့ဟု ဤအကြောင်းနှင့်စပ်လျဉ်း၍ ပြောဆိုကြကုန်သည်။ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့အား ဤအကြောင်းကိုမေးပြီး “ရဟန်းတို့ ကာဏာသည် နှလုံးမကြည်သာ နောက်ကျိနေ၍ ပျံ့လွင့်နေသည့် စိတ်ရှိနေသော်လည်း ငါဘုရား၏ တရားတော်ကြောင့် အထူးစိတ်ကြည်လင်သွားလေပြီ”ဟု မိန့်တော်မူသည်။ ဆက်၍ ဘုရားရှင်သည် နက်နဲလှစွာသော သမုဒ္ဒရာသည် ရေနောက်ကျိခြင်းမရှိ၊ အထူးသဖြင့် ကြည်လင်သကဲ့သို့ ထို့အတူ ပညာရှိတို့သည် တရားတော်နာကြားရသော် အထူးစိတ်ကြည်လင်ကုန်၏ဟူ၍ ဂါထာဖြင့် တရားဟောကြားတော်မူလေသည်။

အနာထပိဏ်သူဌေးနှင့် မိစ္ဆာနတ်တို့အကြောင်း

အနာထပိဏ်သူဌေး၏ သဒ္ဓါတရားသည် အလွန်ကြီးမားပါသည်။ ဇေတဝန်ကျောင်းတိုက်အတွက် ငါးဆယ့်လေးကုဋေ လှူဒါန်းထားသည့်အပြင် ဘုရားရှင်ထံသို့ နေ့စဉ် သုံးကြိမ်သွား၍ ဆည်းကပ်သောအခါ၌လည်း ရဟန်းများအတွက် နံနက် ယာဂု၊ နေ့လယ် ဆီဦးဆေး၊ ညနေ ပန်းနံ့သာနှင့် အဝတ်အထည်များကို ယူဆောင်၍ လှူဒါန်းလေသည်။ ကာလကြာမြင့်သောအခါ သူဌေးကြီးမှာ ဥစ္စာပစ္စည်းများ ကုန်ခန်းလျက်ရှိလေသည်။ သူသည် သောတာပန်ဖြစ်သောကြောင့် အလှူဒါနအရာ၌ တွန့်တိုခြင်းမရှိသည့်အပြင် ရဟန်းသံဃာတို့အား ကပ်သည်တွင် ဆွမ်းကောင်း၊ ဟင်းကောင်းမဟုတ်စေကာမူ အမြဲမပြတ်လှူဒါန်းလျက်ရှိသည်။

တစ်နေ့သောအခါ သူဌေးကြီးသည် ယင်းအကြောင်းအရာများကို ဘုရားရှင်အား လျှောက်ထားတင်ပြသောအခါ ဘုရားရှင်က “အလှူ့ဒါယကာကြီး ယခု သင်လှူသောအလှူကို နွမ်းပါးအလှူဟု မထင်သင့်။ ဘုရားအစရှိသော အရိယာသံဃာတို့အား လှူသောအလှူသည် နွမ်းပါးသည်မရှိ။ အရိယာသူတော်စင် အလှူခံမြတ်တို့အား လှူရသောအလှူသည် ရခဲ၏။ ထိုအလှူကို ယင်းပုဂ္ဂိုလ်မြတ်တို့အား လှူပြီးဖြစ်၍ နွမ်းပါးသည်ဟုမကြံသင့်” ဟူ၍ “ဝေလာမသုတ်ကို ဟောကြားတော်မူသည်။

သူဌေးကြီး၏ တံခါးမုခ်စောင့်သော မိစ္ဆာနတ်တစ်ဦးသည် ဤသို့ဘုရားရှင်နှင့်တကွ အရိယာသူတော်စင်များ ဝင်ထွက်သွားလာသည့် တံခါးနေရာ ဖယ်ပေးရသောကြောင့် စိတ်ငြိုငြင်လာသည်။ ထို့ကြောင့် တံခါးမုခ်စောင့်နတ်က ယခုသူဌေးကြီးသည် ဆင်းရဲသွားပြီဖြစ်၍ သူ့အခွင့်ကြုံလာလေသည်။ တံခါးမုခ်စောင့်နတ်သည် သူဌေးကြီး၏ တိုက်ခန်းသို့ ညအခါ၌သွား၍ ကောင်းကင်မှရပ်လျက် “သူဌေးကြီး ငါကား သင့်အိမ်၏ တံခါးမုခ်၌ စောင့်သောနတ်တည်း။ သင်သည် နောင်ရေးမမြင် ရဟန်းဂေါတမသာသနာ၌ ဥစ္စာများကို အလွန်အကြူးလှူဒါန်း၏။ ယခုဆင်းရဲလေပြီ။ ရဟန်းဂေါတမက သင့်အား အဘယ်အကျိုးပေးအံ့နည်း။ ဤသို့အလွန်အကဲ မစွန့်ကြဲမလှူဒါန်းဘဲ ကုန်သွယ်ခြင်း စသည်တို့ကိုပြု၍ စည်းစိမ်ဥစ္စာ ပစ္စည်းများကိုမြဲစေလော့”ဟု ဆိုလေသည်။

သူဌေးကြီးသည် သောတာပန်ဖြစ်သောကြောင့် မိစ္ဆာနတ်အား “သင်သည် မသင့်လျော်သောစကားကိုပြောသည်။ ဤသို့ပြောခြင်းကြောင့် ငါ့အိမ်၌ မနေနှင့်။ ထွက်သွားလော့”ဟု နှင်ထုတ်လေသည်။ ၎င်းနတ်သည် သူဌေးကြီး၏စကားကို မလွန်ဆန်နိုင်၍ သားငယ်၊ သမီးငယ်တို့ကိုဆွဲကာ ထွက်သွားရှာလေသည်။ ၎င်းသည် ဤနေရာမှလွဲ၍ နေစရာမရှိသောကြောင့် သူဌေးကြီးကို ကြောက်သည်။ ထို့ကြောင့် သူပြန်သွားနေလို၍ သိကြားမင်းထံသို့ အကူအညီတောင်းခံလေသည်။           သိကြားမင်းက “ငါလည်း သူဌေးကြီးကို မပြောဝံ့။ ငါသိသည့် အချက်များကို သင့်အားပြောပြအံ့။ သူဌေးကြီးထံမှ ကုန်သွယ်သူတို့ချေးငှားပြီး ပြန်မပေးသည့်ဥစ္စာ တစ်ဆယ့်ရှစ်ကုဋေရှိသည်။ သူဌေးကြီး၏ ဘိုးဘွားများ မြစ်ကမ်းပါး၌ မြှုပ်ထားခဲ့သော ဥစ္စာ ၁၈ ကုဋေသည် ရေကြောင်းကမ်းပါးပြို၍ သမုဒ္ဒရာထဲသို့ မျောပါသွားခဲ့သည်။ ထိုသို့သောအရပ်၌ ပိုင်ရှင်မဲ့ဥစ္စာ ၁၈ ကုဋေလည်းရှိသည်။ ဤသော ၅၄ ကုဋေ သောပစ္စည်းတို့ကို သင့်အာနုဘော်ဖြင့် ယူဆောင်ပြီး သူဌေးကြီး၏တိုက်ခန်းများကို ဖြည့်ပြည့်ဝစေလော။ ဤသို့ပြုခြင်းဖြင့် မိမိအားပေးသော ပြစ်ဒဏ်မှုကိုပြုပြီး သူဌေးကြီးအား ကန်တော့”ဟု ဆိုလေသည်။ မိစ္ဆာနတ်သည် သိကြာမင်းပြောသည့်အတိုင်း ပြုလုပ်ဆောင်ရွက်ပြီး သူဌေးကြီးထံသို့ ဝန်ချတောင်းပန်လေသည်။

သူဌေးကြီးသည် ဤနတ်ကို ဘုရားရှင်ထံသို့ ခေါ်သွားပြီး အကြောင်းစုံလျှောက်ထားလေသည်။ ဘုရားရှင်သည် ၎င်းတို့နှစ်ဦးအား ဆုံးမလိုသောကြောင့် “သူဌေးကြီး ဤလောက၌ မကောင်းမှုပြုသောသူပင် မကောင်းမှု ကံအကျိုးမပေးလေသမျှ ကာလပတ်လုံး ကောင်းကျိုးကို တွေ့မြင်နိုင်သေးသည်။ မကောင်းမှုကံ အကျိုးပေးသောအခါ၌မူ မကောင်းမှုပြုသောသူသည် မကောင်းကျိုးကိုသာ တွေ့မြင်ရတော့သည်။ ကောင်းမှုပြုသောသူသည်ပင် ကောင်းမှုကံအကျိုး မပေးလေသမျှကာလပတ်လုံး မကောင်းမှုကို တွေ့မြင်ရသေး၏။ ကောင်းမှုကံအကျိုးပေးသောအခါ၌မူ ကောင်းမှုပြုသောသူသည် ကောင်းကျိုးကိုသာ တွေ့မြင်ရတော့၏”ဟု ဂါထာနှစ်မျိုးလုံးဖြင့် ဟောကြားတော်မူလေသည်။ ယင်းတရားများကို နာကြားပြီးသော် နတ်မိစ္ဆာသည် သောတာပန်ဖြစ်သွားလေသည်။

နိဗ္ဗာန်ဆော်နှင့် ဗိဠာလပါဒကသူဌေးတို့အကြောင်း

သာဝတ္ထိပြည်၌ ပညာရှိလူငယ်တစ်ယောက်ရှိသည်။ ၎င်းသည် မိမိလည်းလှူ၊ သူတစ်ပါးလည်း လှူနိုင်အောင် ဆောင်ရွက်သောသူသည် (၁) စည်းစိမ်ပြည့်စုံခြင်း (၂) အခြံအရံပြည့်စုံခြင်းဟူသော အကျိုးနှစ်ရပ် ခံစားရသည့်တရားကို ကြားနာရ၍ အလွန်နှစ်သက်လျက်ရှိသည်။ ထို့ကြောင့် ၎င်းသည် ဘုရားရှင်အား “မနက်ဖြန် ရဟန်းအပေါင်းနှင့် တပည့်တော်တို့ အလှူဆွမ်းကို အလှူခံတော်မူပါဘုရား”ဟု ပင့်ဖိတ်လျှောက်ထားလေသည်။

၎င်းသည် ဘုရားနှင့်တကွသော ရဟန်းတော်တို့ကို ယာဂုဆွမ်းပင့်ဖိတ်ပြီးဖြစ်၍ မိမိအလှူလုပ်သကဲ့သို့ တစ်ပါးသူတို့အားလှူရန် တိုက်တွန်းဆိုသည့် တရားအတိုင်း အိမ်စဉ်လှည့်၍ “အမိအဘတို့ဖြစ်ကြသော ပြည်သူအပေါင်းတို့ ကျွန်ုပ်သည် မနက်ဖြန် ဘုရားရှင်နှင့်တကွ ရဟန်းအပေါင်းတို့အား ဆွမ်းယာဂုကပ်လှူမည်ဖြစ်၍ တတ်အားသမျှပေးလှူကြပါလော့။ တစ်နေရာတည်း ချက်ပြုတ်၍ လှူဒါန်းကြပါကုန်အံ့”ဟု နိဗ္ဗာန်ဆော်လုပ်၍ ကြွေးကြော်လေသည်။

ထိုသို့ နှိုးဆော်ကြွေးကြော်သည်ကို သာဝတ္ထိမှ သူဌေးဗိဠာလပါဒကမည်သော ပုဂ္ဂိုလ်ကြားလေသည်။ ထိုသူဌေးက ဤလူငယ်သည် မိမိတတ်နိုင်သမျှမလှူဒါန်းဘဲ အခြားသူများထံသို့ အလှူခံသည်ကို မကျေနပ်ဒေါသဖြစ်နေသည်။ ထို့ကြောင့် သူဌေးက ၎င်းအား “သင့်ခွက်ကို ကျွန်ုပ်ထံသို့ယူခဲ့”ဟုဆိုကာ လက်သုံးချောင်းဖြင့် ဆန်ကိုယူ၍ ထောပတ်၊ တင်လဲစသည်တို့ကို နည်းနည်းစီမျှ၍ ၎င်းယူလာသောခွက်သို့ ထည့်လှူလိုက်လေသည်။

ထိုနိဗ္ဗာန်ဆော်လူငယ်သည် အခြားသူများက ပြည်တောင်းစသည်တို့ဖြင့် လှူကြသည်။ ယင်းလှူသော ပစ္စည်းများကို စုပေါင်းထည့်၍ သူဌေးလှူသောပစ္စည်းကိုမူ သီးခြားထားလေသည်။ ယင်းသို့ လူငယ်ပြုလုပ်သည်ကို သူဌေးမြင်သောအခါ သူဌေးသည် သူ့ကျွန်ယုံတစ်ဦးအား ထိုလူငယ်လုပ်သမျှသွား၍မှတ်ပြီး သူ့အား ပြန်ပြောရန် စေလွှတ်လိုက်လေသည်။ နိဗ္ဗာန်ဆော်သည် သူဌေးလှူသောအလှူကို အကျိုးများစေခြင်း အကျိုးငှာအများလှူဒါန်းထားသည့် ယာဂုဆွမ်းများထဲသို့ အနည်းငယ်စီကို သူဌေးလှူသောပစ္စည်းများ အနှံ့ထည့်စေပါသည်။ ယင်းသို့လုပ်သည်ကို သူဌေးလွှတ်လိုက်သော ကျွန်ယုံမြင်သည်ရှိသော် ထိုအကြောင်းကို သူဌေးအား ပြန်ပြောလေသည်။

သူဌေးက ဤနိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ သူ့အားအရှက်ခွဲလျှင် သတ်အံ့ဟုကြံလျက် ပုဆိုးကြားထဲတွင် ဓားကိုဝှက်၍ နောက်တစ်နေ့ နံနက်ဆွမ်းကျွေးရာအရပ်သို့ သွားလေသည်။ နိဗ္ဗာန်ဆော်သည် ဘုရားအမှူးပြု၍ သံဃာအပေါင်းတို့အား ဆွမ်းခဲဖွယ်ဘောဇဉ်များ ကပ်ပြီးသောအခါ ဤသို့ဘုရားထံတွင် ဆုတောင်းလေသည်။ “မြတ်စွာဘုရား တပည့်တော်သည် လူအများကို တိုက်တွန်းနှိုးဆော်၍ ဤအလှူကိုလှူဒါန်းပါ၏။ ယင်းသို့လှူရာ၌ လူအများတတ်နိုင်သလောက် ဆန်စသည်တို့ကို အများလည်းဖြစ်၊ အနည်းလည်းဖြစ် လှူဒါန်းကြပါ၏။ ထိုသို့ အလုံးစုံသော အလှူရှင်တို့အား အကျိုးထူး၊ အကျိုးမြတ်ဖြစ်ပါစေ ဘုရား”ဟု လျှောက်ထားလေသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment