နေပြည်တော် ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး နန်းဦးမြို့သစ်ရှိ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အရာထမ်းအိမ်ရာ တစ်လုံး၊ ဝန်ထမ်းအိမ်ရာများအတွက် လေးခန်းတွဲ လေးထပ်၊ အမှုထမ်းအိမ်ရာ ခြောက်လုံး အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိသည်။
အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို
ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် တာဝန်ရှိသူများက
သွားရောက်စစ်ဆေးပြီး အဆောက်အဦ အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ တည်ဆောက်လျက်ရှိသည့် အဆောက်အဦများ
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ခြင်း ရှိ မရှိကို စနစ်တကျစစ်ဆေးပေးရန်၊ သတ်မှတ်ကာလအတွင်း
ပြီးစီးရေး တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းသုံးပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးတို့ကို
မှာကြားသည်။
ထို့ပြင် စစ်ကိုင်းမြို့
ကမ်းနားလမ်းရှိ မြို့ပြ (လခရ) ဝင်းတွင် တည်ဆောက်နေသော လေးခန်းတွဲ လေးထပ် အရာထမ်းအိမ်ရာ
တစ်လုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား
သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဧရာဝတီတံတား
(ရတနာပုံ) ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရေလယ်တိုင်အမှတ် (RP–4) ရှိ သံမဏိသံပေါင်များအား
ဖြည့်ထပ်ပိုးခြင်းလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး
ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာဝင်းသို့
ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးက ဝန်ထမ်းအိမ်ရာ စုစုပေါင်း ၂၆ လုံး၊ အခန်းပေါင်း ၃၈၆ ခန်း ဆောက်လုပ်နေမှုကို
ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မန္တလေးငလျင်ဒဏ်ကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရသည့်
နိုင်ငံ့ဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာများပေါ်သို့ အမြန်ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက်
အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများအား အချိန်မီပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး
အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှုထမ်းအိမ်ရာ၊
အရာထမ်းကြီးအိမ်ရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment