Tuesday, September 1, 2026

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန် ၄၃၂၁၅၀ ကို ထောက်ခံချက်ပေးခဲ့


 

နေပြည်တော် ဩဂုတ် ၃၁

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန် ၄၃၂၁၅၀ ကို ထောက်ခံချက်ပေးခဲ့ကြောင်း အဆိုပါကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် ဓာတ်မြေဩဇာများ သုံးစွဲနိုင်ရေးနှင့် အချိန်မီဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက မိုးစပါးနှင့် မိုးသီးနှံများအတွက် သီးနှံပေါ်ပေးစနစ်၊ လက်ငင်းငွေချေစနစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ REZ စီမံကိန်းများ၏ လိုအပ်တန်ချိန်ပမာဏအတွက် လက်ကျန်လုံလောက်မှုရှိပြီး မပြတ်လပ်အောင် စီမံထားရန်လိုအပ်ကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံတကာဈေးနှုန်းများ ကြီးမြင့်နေချိန်တွင် တောင်သူများ အဆင်ပြေစေရန် စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်ညွှန်းဈေးနှုန်းကို လစဉ်ပုံမှန်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဓာတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန် မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေး၊ မြို့နယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများ၏ ဓာတ်မြေဩဇာ ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment