တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးသည် ရပ်ရွာနေပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံစိတ်ချမှု၊ တည်ငြိမ်အေးချမ်းမှုနှင့်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အားကောင်းလာလေလေ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်စသည့် ဒုစရိုက်မှုများနှင့်အမှုအခင်းများ လျော့နည်းကျဆင်းလာလေဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံး တည်ငြိမ်အေးချမ်းပြီး အေးချမ်းသာယာဝပြောသည့် လူ့ဘောင်လောကကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးကိုဖောက်ဖျက်၍
ရပ်ရွာအေးချမ်းသာယာရေးကို အနှောင့်အယှက်ပေးသူများနှင့် ဒုစရိုက်မှုကျူးလွန်သူများကို
ထိထိရောက်ရောက် ပြတ်သားစွာ ဖော်ထုတ်အရေးယူမှသာ ပြည်သူလူထုဘဝ အေးချမ်းစွာနေထိုင်နိုင်မည်ဖြစ်ပြီး
ပြည်သူလူထု၏ ယုံကြည်ကိုးစားအားထားမှုကို ရရှိနိုင်မည်ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်အထိ
ခြောက်လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ခါးပိုက်နှိုက်မှု
၂၀၆ မှု ကျူးလွန်သူ တရားခံအမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်းကျူးလွန်သူ
၁၆၅ ဦးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အလားတူ လုယက်မှုကျူးလွန်သူများ၊ လူသတ်မှု၊ အဓမ္မကျူးလွန်မှုများကို
စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့ရွာများ၌ မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ
ကင်းစင်စေရေးအတွက် နယ်မြေဒေသများအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းလျက်
လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေးဟောပြောခြင်း၊
မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊
စည်းကမ်းမဲ့ယာဉ်များအား စစ်ဆေးဖမ်းဆီးအရေးယူခြင်းစသည့် မှုခင်းကျဆင်းရေးနှင့် အမှုအခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို
နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပေါ်လာသောမှုခင်းများကို
ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်း၊ မဖြစ်ခင်က ကြိုတင်ကာကွယ်တားဆီးခြင်းလုပ်ငန်းများကို
ရဲလုပ်ငန်းစဉ်များနှင့်အညီ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
မြို့ပြဒေသများတွင်
လူဦးရေထူထပ်လာသည့်အလျောက် အမှုအခင်းအမျိုးမျိုးလည်း ဖြစ်ပေါ်လာလေ့ရှိသည်။ ယခုရက်ပိုင်းတွင်
မြို့လယ်ကောင်၌ပင် ပေါ်ပေါ်ထင်ထင် ပြစ်မှုကျူးလွန်ကာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်သည့်အဖြစ်များ
တွေ့မြင်ခဲ့ရသည်။ တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ပြစ်မှုကျူးလွန်သူများကို
ချက်ချင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားနည်းသောကြောင့်
ချက်ချင်းမဖော်ထုတ်နိုင်သည့် အမှုများလည်းရှိသည်။ ဒုစရိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့များက
ကာကွယ်တားဆီးအရေးယူရမည်ဖြစ်သော်လည်း ပြည်သူလူထုအနေဖြင့် မိမိတို့ရပ်ရွာများ လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးအတွက် ဥစ္စာရင်လို၊ ဥစ္စာရင်ခဲဆိုသကဲ့သို့ ပြည်သူများကိုယ်တိုင်
ဦးစွာ ကြိုတင်ကာကွယ်တတ်ရန်လိုသည်။ အထူးသဖြင့် တရားဥပဒေနှင့် ဒုစရိုက်မှုအန္တရာယ်များကို
ကြိုတင်သိရှိနားလည်ထားရန်လိုသည်။
မဖြစ်ခင်က ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက်
အသိပညာဗဟုသုတများကို လေ့လာမှတ်သားနားလည်ထားရန်လိုသည်။ ကြိုတင်တားဆီးကာကွယ်ခြင်းသည်
အမှုအခင်းများကို ထက်ဝက်လျှော့ချနိုင်သည်။ ဖြစ်ပေါ်လာပါက တာဝန်သိအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်သင့်သည်များကို
တက်ညီလက်ညီဆောင်ရွက်ကြရန်လိုပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများကို အလျင်အမြန်အကြောင်းကြားရန်လိုအပ်သည်။
ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်မည့် မသင်္ကာဖွယ်ရာများ တွေ့ရှိပါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများသို့
ကြိုတင်အသိပေးအကြောင်းကြားထားရန်လိုသည်။ အမှုအခင်းများနှင့်ပတ်သက်၍ မပတ်သက်လိုသော စိတ်ထားများသည်
တာဝန်မသိသော၊ မိမိရပ်ရွာကို မကာကွယ်လိုသော တာဝန်မဲ့ပြည်သူအဖြစ် ဝမ်းနည်းဖွယ်ဖြစ်ရမည်။
သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝသာယာဝပြောပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက်
ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည်
အရေးအကြီးဆုံးလုပ်ငန်းများဖြစ်သည်နှင့်အညီ လုံခြုံရေးအဖွဲ့အစည်းများက ဒုစရိုက်မှုလုပ်ငန်းများအား
စဉ်ဆက်မပြတ် ဖော်ထုတ်တားဆီးအရေးယူဆောင်ရွက်လျက်ရှိသလို ပြည်သူများကလည်း တာဝန်သိသော
နိုင်ငံသားကောင်းတစ်ယောက်အဖြစ်ခံယူပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင်
တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment