နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာ၀န်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းပွဲ အခမ်းအနားများကို စက်တင်ဘာ ၁၉ ရက်က တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။
နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်
နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်ကို ကောင်းစွာနားလည်ကြသည့် နိုင်ငံ့သားကောင်းလူငယ်များက
ပြည်သူ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းကြသည်။
မိမိတို့နိုင်ငံတွင် မျက်မှောက်ကာလ ပြည်တွင်း ပြည်ပ အခြေအနေများအရ ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့်
အမျိုးသားရေး တာဝန် (၃) ရပ်တို့မှာ အရေးတကြီးထမ်းဆောင်ရန် လိုအပ်လျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင်
သင်တန်းသား လူငယ်များသည် စစ်သည်တော်တို့ တတ်မြောက်အပ်ရာသော ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊
စစ်နည်းဗျူဟာနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ယူခဲ့ကြရပြီး သင်တန်းဆင်းလာကြသည့်အခါ
စစ်အတတ်ပညာများ တတ်မြောက်ရုံမျှသာမက အဖွဲ့အစည်းနှင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည့်
အလေ့အကျင့်ကောင်းများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်၊
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်ကောင်းများပါ
ကိန်းအောင်းရှင်သန်လာခဲ့ကြသည်။ သင်တန်းဆင်းလာကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များမှာ
တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတို့တွင် တာဝန်ကိုယ်စီထမ်းဆောင်နေကြပြီဖြစ်သည်။
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့်
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) မှ ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလလျှော့ပေါ့ခွင့်ရရှိကြသည့်
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား
ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်
ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားများကို စက်တင်ဘာ ၁၈ ရက်က
တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ကျင်းပခဲ့သည်။
ပြည်သူ့စစ်မှုထမ်း
လုပ်ငန်းစဉ်ကြီးတစ်ခုလုံးသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ရာ နိုင်ငံ့သားကောင်း
ပြည်သူ့စစ်မှုထမ်းများအား ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက် ရသင့်ရထိုက်သည့်
အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများရရှိစေရေးအတွက် နိုင်ငံတော်နှင့်
တပ်မတော်က စနစ်တကျဆောင်ရွက်ပေးခဲ့သလို သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက်
တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ကြခြင်း၊ ကုမ္ပဏီ၀န်ထမ်းဖြစ်ပါက
ယခင်အလုပ်အကိုင် သို့မဟုတ် အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် ထိုက်သင့်သော
အကျိုးခံစားခွင့်များလည်း ချီးမြှင့်ပေးလျက်ရှိသည်။ အလုပ်အကိုင်ရရှိရေးနှင့်ပတ်သက်၍
၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့
တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်း/ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေး၊
ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ
အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏
မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊
နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်
ကာလ၏တစ်ဝက်အထိ လျှော့ပေါ့ပေးလျက်ရှိသည်။ ထို့အတူ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်နေသူ၏
မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊
နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း
အဆိုပါပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်
ကာလ၏သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးလျက်ရှိသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို နိုင်ငံ့သားကောင်းပီသစွာ ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြသည့်
ပြည်သူ့စစ်မှုထမ်းများသည် နိုင်ငံ့သမိုင်းတွင် ကမ္ပည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်ရာ
လေးစားစွာတန်ဖိုးထား၍ ဂုဏ်ပြုအပ်ပါကြောင်း။ ။

No comments:
Post a Comment