နေပြည်တော် စက်တင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့်
ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊
သမ္မတရုံးဝန်ကြီး မစ္စတာ လဲခိုင်ဟိုင် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့်
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံ
(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌
ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့
ပို့ဆောင်နှုတ်ဆက်စဉ် ဗီယက်နမ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင်
နေရာယူအလေးပြု၍ ဂုဏ်ပြုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဒေါက်တာ
ချာလီသန်း၊ ဦးထွန်းအုံ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည်
ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊
ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်
တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို
ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊
လွှတ်တော်များအကြားနှင့် ပြည်သူများအကြား
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စများ၊ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားနယ်ပယ်ပေါင်းစုံ၊
ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည့်အပြင်
ဗီယက်နမ်နိုင်ငံရှိ ဒစ်ဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာခြင်း၊
မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို
ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်
ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊
ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်
တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ
တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်






No comments:
Post a Comment