ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ မြန်မာသံရုံးသို့ ရောက်ရှိကြရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သံရုံးဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ခေတ်အဆက်ဆက် နှစ်နိုင်ငံ နိုင်ငံခေါင်းဆောင်များ အချင်းချင်းနှင့် ပြည်သူများ အဆက်ဆက်ထိန်းသိမ်းပြုစုပျိုးထောင်ခဲ့ကြသည့် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ဆက်ဆံမှုသမိုင်းကောင်းများရှိကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြားတူညီသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် သမိုင်းကြောင်းဆိုင်ရာများရှိကြပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းသည်လည်း တူညီမှုများစွာရှိခဲ့ကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခိုင်မာသည့် ရပ်တည်ချက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုကောင်းများရှိသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် စီးပွားရေးကိုအလေးထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို အတုယူကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း။

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွားတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများတိုးမြှင့်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

သံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွလာရောက်ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင်နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံအကျိုးတူစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။

ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြသည်ကို အတုယူကြရန်လိုကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်၍ နိုင်ငံအကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်သွားကြရန် မှာကြားလိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်