Monday, September 28, 2026

ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


နေပြည်တော် စက်တင်ဘာ၂၇

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားခဲ့သည့်နေရာနှင့် အဆိုပါနေရာအနီးတစ်ဝိုက် မြစ်ရေတိုက်စားမှုကြောင့် မြေသားထပ်မံပြိုကျမှု ဖြစ်ပေါ်ခဲ့သည့်နေရာများတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှု ဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင်ရွက်ခြင်း၊ တာမိုင်အမှတ် ၁၁ / ၅ နှင့် ၁၁/ ၆ ကြားတွင် ယာယီပန်းတာတည်ဆောက်ပြီးစီးသည့်နေရာ၏ Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက်ခုနစ်ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါငဝန်မြစ်ရေသည် ယနေ့တွင် လေးမျက်နှာမြို့နယ်အတွင်း ငါးပေ ကိုးလက်မခန့်၊ ရေကြည်မြို့နယ်အတွင်း ခုနစ်ပေ ကိုးလက်မခန့်၊ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရှစ်ပေ ခုနစ်လက်မခန့်၊ ကျုံပျော်မြို့နယ်အတွင်း လေးပေ လေးလက်မခန့်နှင့် ကျောင်းကုန်းမြို့နယ်အတွင်း ငါးပေ ရှစ်လက်မခန့် ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

No comments:

Post a Comment