သန်းလွင် (ဘူမိ)
သဘာဝတရား၏ဖန်တီးမှုများနှင့် အလှတရားများသည် လူသားတို့အတွက် ကြည်နူးဖွယ်ကောင်းလှသော်လည်း တစ်ခါတစ်ရံတွင်မူ ထိုသဘာဝတရားသည်ပင်လျှင် ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်ကြီးများကို သယ်ဆောင်လာတတ်သည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်းရ အခက်ခဲဆုံးနှင့် ဖျက်စွမ်းအားအပြင်းဆုံး ဘေးအန္တရာယ်တစ်ခုမှာ “ငလျင်ဘေးအန္တရာယ်”ပင်ဖြစ်သည်။ ငလျင်ဆိုသည်မှာ ကမ္ဘာ့အပေါ်ယံမြေလွှာချပ်များ ရုတ်တရက် ရွေ့လျားခြင်းကြောင့် စွမ်းအင်များလှိုင်းသဏ္ဌာန် ပြန့်ကားထွက်လာပြီး မြေပြင်တုန်ခါမှုကို ဖြစ်ပေါ်စေသည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။
ထိုသို့လှုပ်ရှားရွေ့လျားရာမှ စုစည်းလာသော ဖိအားစွမ်းအင်များသည် ပြတ်ရွေ့ကြောင်းများမှတစ်ဆင့် ရုတ်တရက်ရုန်းထွက်ပြန့်ကားလာပြီး လှိုင်းသဏ္ဌာန် ပျံ့နှံ့သွားကာ မြေပြင်ကို ပြင်းထန်စွာ တုန်ခါစေတော့သည်။ ငလျင်သည် စက္ကန့်ပိုင်း၊ မိနစ် ပိုင်းအတွင်းသာ လှုပ်ခတ်တတ်သော်လည်း ယင်း၏ နောက်ဆက်တွဲအဖြစ် ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ကြီးမားလှပါပေသည်။ ငလျင်များသည် သဘာဝကြောင့် ဖြစ်ပေါ်သောငလျင်နှင့် လူသားတို့၏ လုပ်ဆောင်ချက်ကြောင့်ဖြစ်ပေါ်သော ငလျင်ဟူ၍ အကြောင်းရင်း နှစ်မျိုးရှိသည်။
သဘာဝကြောင့် ဖြစ်ပေါ်သော ငလျင်များ
သဘာဝအကြောင်းရင်းများအဖြစ် ငလျင်လှုပ်ရှားမှုများသည် မြေထုချပ်များ ရွေ့လျားခြင်းနှင့် ပြတ်ရွေ့ရှင်များလှုပ်ရှားခြင်းများကြောင့် တိုက်ရိုက်ဖြစ်ပေါ်ကြပြီး မီးတောင်ပေါက်ကွဲခြင်းနှင့် မြေအောက်လိုဏ်များ ပြိုကျခြင်းများကြောင့်လည်း သွယ်ဝိုက်သော အကြောင်းရင်းအဖြစ် ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။
မြေထုချပ်များ ရွေ့လျားခြင်းဆိုရာတွင် မြေတွင်းလှုပ်ရှားမှု တက်တိုးနစ်သဘောတရားအရ ဖြစ်ပေါ်သည့် တက်တိုးနစ်မြေထုချပ် (Tectonic Plate) များ ရွေ့လျားခြင်းကြောင့် ငလျင်များဖြစ်ပေါ်လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံး ငလျင်များမှာ ဤအကြောင်းရင်းကြောင့်ဖြစ်ပေါ်ကြပြီး ဖြစ်စဉ်အနေဖြင့် ကမ္ဘာ့မြေလွှာသည် တက်တိုးနစ်မြေထုချပ်များဖြင့်ဖွဲ့စည်းထားရာ တစ်ခုနှင့်တစ်ခုတိုက်မိခြင်း၊ ပွတ်တိုက်ခြင်း သို့မဟုတ် ခွာထွက်ခြင်းတို့ကြောင့် ငလျင်များဖြစ်ပေါ်လေ့ရှိခြင်းကြောင့်ဖြစ်ပေသည်။
ထို့အပြင် ပြတ်ရွေ့ရှင် (Active Fault) များတွင် ဖိအားများစုစည်းလာပြီး ရုတ်တရက်ပြတ်ထွက် ရွေ့လျားရာမှ အင်အားပြင်းငလျင်များ ဖြစ်ပေါ်လေ့ရှိသည်။ သွယ်ဝိုက်သောအားဖြင့် မီးတောင်မပေါက်ကွဲမီနှင့် ပေါက်ကွဲနေစဉ်အတွင်း မြေအောက်ချော်ရည်များ လှုပ်ရှားမှုကြောင့်လည်း ငလျင်များဖြစ်ပေါ်လေ့ရှိကြပြီး မြေအောက်သဘာဝထုံး ကျောက်လိုဏ်ဂူကြီးများကဲ့သို့သော မြေအောက်လိုဏ်များ ရုတ်တရက်ပြိုကျခြင်းကြောင့် ငလျင်ငယ်များ ဖြစ်ပေါ်လေ့ရှိသည်။ ထိုဖြစ်စဉ်များမှာ အတွေ့ရနည်းသည့် သဘာဝဖြစ်စဉ်များ ဖြစ်သည်။
လူသားတို့၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်သောငလျင်များ
လူသားတို့သည် မြို့ပြနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအရ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်းများဖြင့် ဆောင်ရွက်လုပ်ဆောင်လျက်ရှိရာ အချို့သော လုပ်ဆောင်ချက်များသည် သွယ်ဝိုက်လျက် ငလျင်များကို ဖြစ်ပေါ်စေပေသည်။ သို့ရာတွင် လူတို့၏လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ငလျင်များသည် ကမ္ဘာပေါ်တွင် အတွေ့ရနည်းသည့် ဖြစ်ပေါ်မှုနည်းသည့် ငလျင်များအနေဖြင့်ရှိပေသည်။
နျူကလီးယား စမ်းသပ်ခြင်းကဲ့သို့သော မြေအောက်တွင် ပြင်းထန်သော နျူကလီးယားလက်နက်များ စမ်းသပ်ဖောက်ခွဲမှုကြောင့် မြေပြင်တုန်ခါမှုများ ဖြစ်ပေါ်စေလျက် ငလျင်ဖြစ်ပေါ်ခြင်း၊ ကန်ရေပြင်ကျယ်ကြီးများနှင့် ရေထုထည် သန်းပေါင်းများစွာကို သိုလှောင်သည့် ရေကာတာကြီးများ ဆောက်လုပ်မှုအနေဖြင့် ရေပြင်အောက် အောက်ခံမြေလွှာအပေါ် ရေဖိအားသက်ရောက်မှုကြောင့် ငလျင်ငယ်များကို ဖြစ်ပေါ်စေခြင်း၊ သတ္တုတွင်းတူးခြင်းနှင့် ရေနံထုတ်ယူခြင်းများတွင် မြေအောက်အနက်ပိုင်းတွင် မိုင်းခွဲခြင်း၊ ကျောက်မီးသွေးနှင့် ရေနံများကို အလွန်အကျွံထုတ်ယူခြင်းတို့ကြောင့် မြေအောက်ကျောက်လွှာများ မတည်ငြိမ်ဘဲ ပြိုကျတုန်ခါ၍ ငလျင်ဖြစ်ပေါ်စေခြင်းတို့ပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံနှင့် ငလျင်များ
မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ငလျင်ကြောကြီးတစ်ခုဖြစ်သည့် အယ်လ်ပိုင်း ငလျင်ကြော (Alpine Belt) ပေါ်တွင် တည်ရှိသည်။ နိုင်ငံ၏မြောက်ဘက်မှ တောင်ဘက်သို့ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားစွာဖြတ်သန်းသွားသော “စစ်ကိုင်းပြတ်ရွေ့ကြောကြီး” သည် မြန်မာနိုင်ငံအတွင်း ဖျက်အားပြင်းငလျင်များဖြစ်ပေါ်စေသည့် ပြတ်ရွေ့ရှင်တစ်ခုဖြစ်သည်။ ထိုပြတ်ရွေ့ကြောကြီး၏ ဘေးဝဲယာတွင် ပဲခူး၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းကဲ့သို့သော လူဦးရေထူထပ်သည့် အချက်အချာကျသောမြို့ကြီးများတည်ရှိနေရာ စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်ပေါ်လာသည့် ငလျင်ကြီးများသည် လူအများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက် ပိုမိုဖျက်ဆီးနိုင်ခြင်းလည်းဖြစ်သည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့ဖူးသည့် အင်အားပြင်း ငလျင်ကြီးများအနေဖြင့် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်-
၁၇၆၂ ခုနှစ် (ရခိုင်ငလျင်)။ ရခိုင်ကမ်းရိုးတန်းကိုဗဟိုပြု၍ ငလျင်ပမာဏ မဂ္ဂနီကျုဒ် ၈ ဒသမ ၅ ခန့် လှုပ်ခတ်ခဲ့သည့် မြန်မာ့သမိုင်းတွင် အင်အားအပြင်းဆုံးဟု ခန့်မှန်းခဲ့ကြသည်။ ရခိုင်ကမ်းရိုးတန်း တချို့နေရာများတွင် မြေမျက်နှာပြင် မီတာအတော်များများ မြင့်တက်သွားခဲ့ပြီး ဆူနာမီရေလှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။
၁၈၃၉ ခုနှစ်၊ မတ်လ ၂၃ ရက်(အင်းဝငလျင်)။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် မဂ္ဂနီကျုဒ် ၇ ဒသမ ၅ ခန့်ရှိသည့် ငလျင်ဖြစ်ပြီး ထိုစဉ်က မြို့တော်ဟောင်းဖြစ်သော အင်းဝ၊ စစ်ကိုင်းနှင့် အမရပူရမြို့များ ပျက်စီးခဲ့ရသည်။ ကမ္ဘာကျော် မင်းကွန်းပုထိုးတော်ကြီး ကြီးမားစွာ အက်ကွဲသွားခဲ့ပြီး လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။
၁၉၁၂ ခုနှစ်၊ မေလ ၂၃ ရက် (မေမြို့ငလျင်)။ ကျောက်ကြမ်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် မဂ္ဂနီကျုဒ် ၇ ဒသမ ၉ ဖြင့် လှုပ်ခတ်ခဲ့ပြီး ငလျင်တိုင်းတာသည့် စက်များပေါ်ပေါက်လာသည့် ၁၉ ရာစုတွင် မြန်မာနိုင်ငံတွင် စွမ်းအားအပြင်းဆုံးငလျင်ဟု ပြောရမည်ဖြစ်သည်။ ပြင်ဦးလွင် (မေမြို့)၊ မန္တလေးနှင့် မိုးကုတ်မြို့တို့တွင် အုတ်တိုက်များစွာ ပြိုကျပျက်စီးခဲ့သည်။
၁၉၃၀ ပြည့်နှစ်၊ မေလ ၅ ရက် (ပဲခူးငလျင်)။ ငလျင်ပမာဏ မဂ္ဂနီကျုဒ် ၇ ဒသမ ၃ အဆင့်ရှိပြီး စစ်ကိုင်းပြတ်ရွေ့ကြောကြောင့်ဖြစ်ပွားပြီး ပဲခူးမြို့ရှိ သမိုင်းဝင် ရွှေမော်ဓောစေတီတော်ကြီးမှာ မြေခခဲ့ရသည်။ ရန်ကုန်တွင်လည်း ရွှေတိဂုံစေတီတော် စိန်ဖူးတော်မြေခခဲ့ပြီး လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက် (ဖြူးငလျင်)။ ပဲခူးငလျင်လှုပ်ပြီး ထိုနှစ်အတွင်းမှာပင် စစ်ကိုင်းပြတ်ရွေ့မှ မဂ္ဂနီကျုဒ် ၇ ဒသမ ၃ ဖြင့် ထပ်မံ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖြူးမြို့ပေါ်ရှိ အုတ်တိုက်များစွာ ပြိုကျပျက်စီးခဲ့ရပြီး ရထားလမ်းများ ကွေးကောက်သွားခဲ့ကာ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိနိုင်သည်။
၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (စစ်ကိုင်းငလျင်)။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် မဂ္ဂနီကျုဒ် ၇ ဒသမ ၁ လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းတောင်ရိုးရှိ စေတီပုထိုးများနှင့် သီလရှင်ကျောင်းများစွာ ပြိုကျခဲ့သည်။ ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီး ဆွဲချိတ်ထားသည့် အုတ်ဒေါက်တိုင်ကြီးများ ကျိုးပျက်သွားခဲ့ပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (ပုဂံငလျင်)။ ဂွေးချိုပြတ်ရွေ့ကြောင့် ငလျင်ပမာဏ မဂ္ဂနီကျုဒ် ၆ ဒသမ ၅ လှုပ်ရှားခဲ့ပြီး အချို့က ၆ ဒသမ ၈ ဟုလည်းဆိုကြသည်။ ပုဂံဒေသရှိ ကန်တော့ ပလ္လင်၊ အာနန္ဒာ၊ သဗ္ဗညု အပါအဝင် ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းစေတီပုထိုးပေါင်း ၂၀၀၀ ကျော် အပြင်းအထန်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ငလျင်တစ်ခုလည်း ဖြစ်သည်။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် (တောင်တွင်းကြီးငလျင်)။ ငလျင်ပမာဏ မဂ္ဂနီကျုဒ် ၆ ဒသမ ၈ ဖြင့်လှုပ်ရှားခဲ့ပြီး တောင်တွင်းကြီးမြို့နယ်ရှိ ရှေးဟောင်းဘုရားပုထိုးများနှင့် လူနေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၂၄ ရက် (တာလေငလျင်)။ ရွှေတြိဂံပြတ်ရွေ့ဇုန်ရှိ နမ့်မပြတ်ရွေ့မှ မဂ္ဂနီကျုဒ် ၆ ဒသမ ၈ ဖြင့်လှုပ်ရှားခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေနှင့် တာချီလိတ်မြို့ ဝန်းကျင်ရှိ လမ်းတံတားများနှင့် နေအိမ်များစွာ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် (သပိတ်ကျင်းငလျင်)။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် မဂ္ဂနီကျုဒ် ၆ ဒသမ ၈ လှုပ်ခတ်ခဲ့ပြီး ထိုအချိန်က တည်ဆောက်ဆဲ ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတားကြီးမှာ မြစ်အတွင်းသို့ ပြိုကျခဲ့ရသည်။ သပိတ်ကျင်း၊ မိုးကုတ်နှင့် ရွှေဘိုမြို့များတွင်လည်း ပျက်စီးမှုများပြားကာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (ချောက်ငလျင်)။ မကွေးတိုင်းဒေသကြီး ချောက်မြို့အနီးဗဟိုပြု၍ မဂ္ဂနီကျုဒ် ၆ ဒသမ ၈ ဖြင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးပေါင်း ၄၀၀ နီးပါး ထပ်မံထိခိုက်ပျက်စီးခဲ့ရကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ကမ္ဘာမြေ၏ သတိပေးသံ
သဘာဝတရားသည် လူသားတို့၏ ခန့်မှန်းချက်များကိုကျော်လွန်၍ ၎င်း၏ အင်အားကြီးမားပုံကို တစ်ခါတစ်ရံ ပြသလေ့ရှိပေသည်။ မြန်မာနိုင်ငံသားတို့အတွက်မူ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့သည် ကမ္ဘာမြေ၏ ကြောက်မက်ဖွယ်ရာနှင့် အပြင်းထန်ဆုံး သတိပေးသံကို ရင်ဆိုင်ခဲ့ရသည့် သမိုင်းဝင် နေ့ရက်တစ်ရက်အဖြစ် ကျန်ရစ်ခဲ့ရသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် ငလျင်ကြီးသည် ၁၉၁၂ ခုနှစ် မေမြို့ငလျင် နောက်ပိုင်း၊ နှစ်ပေါင်း (၁၀၀) ကျော်အတွင်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သမျှ စွမ်းအင်အပြင်းဆုံးနှင့် ပျက်စီးမှုအများဆုံးကပ်ဘေးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၊ မန္တလေးမြို့နှင့် အလွန်နီးကပ်သောနေရာကိုဗဟိုပြု၍ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ၎င်းငလျင်သည် ငလျင်ပမာဏမဂ္ဂနီကျုဒ် ၇ ဒသမ ၇ (Magnitude 7.7) အဆင့်ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာသာရှိသည့် ဇောက်တိမ်အမျိုးအစား ငလျင်တစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ပင်မငလျင်ကြီးလှုပ်ခတ်ပြီး ၁၂ မိနစ်ခန့် အကြာတွင် မဂ္ဂနီကျုဒ် ၆ ဒသမ ၇ ဖြင့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ဖျက်ဆီးနိုင်စွမ်းကို ပိုမိုကြီးမားစေခဲ့သည်။ ငလျင်၏ဗဟိုချက်သည် စစ်ကိုင်းပြတ်ရွေ့ကြောကြီးပေါ်တွင် တည့်တည့်ကျရောက်ခဲ့ပြီး မြေပြင်အက်ကွဲမှုသည် ကီလိုမီတာ ၄၆၀ ကျော်အထိ တောင်နှင့်မြောက် ရှည်လျားစွာ ဖြစ်ပေါ်ခဲ့သည်။ ငလျင်၏ တုန်ခါမှုလှိုင်းများသည် အလွန်ပြင်းထန်သဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် (ယူနန်ပြည်နယ်) နှင့် ထိုင်းနိုင်ငံတို့အထိ ခံစားခဲ့ရသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောက်အအုံတချို့ ပြိုကျခဲ့ပြီး လူ ၃၀ ခန့် သေဆုံးခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (မန္တလေးငလျင်ကြီး)
မန္တလေးငလျင်ကြီးမှာ စစ်ကိုင်းပြတ်ရွေ့မှလှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျုဒ် ၇ ဒသမ ၇ အဆင့်ရှိ ဇောက်တိမ်ငလျင် အမျိုးအစားဖြစ်ပြီး မန္တလေးမြို့အနီး စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာခန့်အကွာကိုဗဟိုပြု၍ လှုပ်ခဲ့သည့် ငလျင်ကြီးလည်းဖြစ်သည်။ ထိုငလျင်သည် ၁၉၁၂ ခုနှစ် မေမြို့ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် အင်အားအပြင်းဆုံးနှင့် အပျက်အစီးအများဆုံး ငလျင်ဖြစ်ပြီး ခေတ်ပေါ်သမိုင်းတွင် ဒုတိယမြောက် အသေအပျောက် အများဆုံးငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း ငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် စေတီပုထိုးပေါင်း ၈၃၀၀ ကျော်ပျက်စီးခဲ့ပြီး လူပေါင်း ၅၃၀၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် ပြိုကျမှုအပါအဝင် အိမ်နီးချင်းနိုင်ငံများ၌လည်း ပျက်စီးဆုံးရှုံးမှုများနှင့် သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။ ။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment